>Burma and football

>

ဗမာ့ဘောလုံး သမိုင်း
ကျော်သူ
ဇူလိုင် ၂၇၊ ၂၀၁၀

တစ်နေ့သောအခါက ကျွန်ုပ်သည် လူမှုရေးလုပ်ငန်းများ တစ်နေ့တာ ပြီးဆုံးသွားချိန် ကျွန်ုပ်၏ နေအိမ် ဘုရားခန်းအတွင်း အဓိဌာန် ပုတီးစိပ်ခြင်း၊ မေတ္တာပို့သခြင်းများ ပြီးဆုံးသွားချိန် သန်းခေါင်ယံ အချိန်၌ အိပ်စက်အနားယူခြင်း မပြုလုပ်ခင် ကျွန်ုပ်၏ စာအုပ်ဗီဒိုကို မွေနှောက် ဖတ်ရှုစဉ် ကျွန်ုပ်၏ အရင်းနှီးဆုံး သွေးသောက် ဦးသန်းစိန်ထံမှ ရရှိထားသော အဖိုးတန် စာအုပ် တစ်အုပ် ဖြစ်သည့် . . . Sir J.George Scott, K.C.I.E. ရေးသားသော “SCOTT OF THE SHAN HILLS” ဟူသော စာအုပ်ကို လှန်လှော ကြည့်မိရာ အောက်ပါ ဓာတ်ပုံနှင့် စာသားများကို တွေ့ရှိတော့သည်။
ယင်းဓာတ်ပုံသည် နိုင်ငံခြားသား (၂) ဦးနှင့်အတူ ဗမာလူမျိုးများ ကတောင်းကျိုက်၍ ဘောလုံးတစ်လုံးနှင့် အမှတ်တရ ရိုက်ကူးထားသော ဓာတ်ပုံဖြစ်နေသည်။ ထို့ကြောင့် ကျွန်ုပ်သည် အလွန် စိတ်ဝင်စားစွာဖြင့် ယင်း အကြောင်းအရာကို ရေးသားထားသော စာပိုဒ်ကို ကြိုးစား၍ ဖတ်ကြည့်မိသည်။ ကျွန်ုပ်၏ အင်္ဂလိပ်စာ အားနည်းမှုကြောင့် ရေးသားထားသော အကြောင်းအရာ အစစ်အမှန်ကို သေချာစွာ မသိရှိသည့် အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ယင်းစာအုပ်အား ယူဆောင်သွားကာ အသင်းရှိ အင်္ဂလိပ်စာ ကျွမ်းကျင်သူ ပညာရှင်များ ဖြစ်ကြသော မောင်အောင်ဟိန်းထွန်း၊ ဒေါ်ဧရာမောင်မောင်၊ ဒေါ်စိုးစန္ဒာတို့ကို အကူအညီ တောင်းရတော့သည်။ ဤတွင် စာရေးသူ Scott ၏ ရေးသားထားသော စာမူအား တိုက်ရိုက် ဘာသာပြန်ဆိုကာ ယခုကဲ့သို့ စာဖတ်ပရိသတ်အား တင်ပြနိုင်ခြင်း ဖြစ်တော့သည်။
Scott ၏ လက်ရေးစာမူ စာရွက်တွင် ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကန်မည့် ဘောလုံးပွဲ တစ်ပွဲ အကြောင်း ပါရှိသည်။ “ဒီနေ့ နေ့လယ်မှာ Putsoes နှင့် Trousers တို့နှင့် ဘောလုံးပွဲ ရှိသည်။ ညနေ (၅းဝဝ) နာရီမှာ ကန်မည်” ယင်းအောက်တွင် J.G.Scott ကျောင်းအုပ်ဆရာကြီးဟု လက်မှတ် ပါရှိသည်။
ဗမာလူငယ်များသည် ဘောလုံးကန်ခြင်းကို နှစ်သက်ကြသည်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က “ဘောလုံး ကန်ရတာ တိုက်ခိုက်တာနဲ့ ဆင်တူတယ်။” ဟု ပြောကြသည်။ ခွင့်ယူထားသော ကျောင်းသား တစ်ယောက်၏ စာ တစ်စောင်တွင် ဘောလုံးကို သူတို့ မည်မျှ စိတ်ဝင်စားကြောင်း သိနိုင်သည်။ အဆိုပါ ကျောင်းသားက သူသည် ကျောင်းကို ပြန်လာချင်ကြောင်း၊ သူပြန်မရောက်သေးခင် အချိန်အထိ ဘယ်ဘောလုံးပွဲမှ မကန်ပါစေနှင့် ဟု ဆုတောင်းနေကြောင်း စာထဲ ရေးထားသည်။ သူက ထပ်မံရေးသား ထားသေးသည်။ “မနေ့ညက အိပ်မက်ကောင်း မက်ခဲ့သေးသည်။ ကျွန်တော်က ဆရာကြီးတို့နဲ့ ဘောလုံးကန်နေတာပေါ့။ အဲဒါ နတ်ပြည်ရောက် နေတဲ့ အတိုင်းပဲ” ဟူ၍ ဖြစ်သည်။ အခြားကျောင်းသားတစ်ယောက် ပြောသည်က “ကျွန်တော်တို့ ပြန်မရောက်ခင် ဆရာကြီးတို့ ဘောလုံးအသင်း အခြားဘယ်အသင်းနဲ့မှ မကန်ပါစေနဲ့လို့ ကျွန်တော် ဆုတောင်းပါတယ်။ ဘောလုံးကန်တာ အလွန်ပျော်စရာကောင်းတယ်”

ထိုစကားကို ပြောသူမှာ “ဟယ်ရီ – ဖိုးမင်း” ဖြစ်သည်။ ဟယ်ရီ – ဖိုးမင်းသည် ဗမာကျောင်းသား ဖြစ်သည်။ သူသည် နောက်ပိုင်းတွင် သူတို့အသင်း၏ ဂိုးသမား ဖြစ်လာခဲ့သည်။
ပုံမှန်အားဖြင့် ဤကစားနည်း ဤပုံစံသည် (ဘောလုံးကစားခြင်းသည် လူဖြူတို့နှင့် အရှေ့တိုင်းသားတို့ အကြား ပေါင်းသင်းဆက်ဆံမှု ရရှိစေရန်သာ ဖြစ်လာခဲ့သည်။ ထိုအချက်သည်ပင် လူငယ်တွေကို သင်ပေးလိုသော အချက် ဖြစ်သည်။ ထိုကဲ့သို့ သင်ပေးရသည်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ။ သူတို့က သင်ကြားလိုစိတ်တော့ ရှိသည်။ သို့သော် ၄င်းတို့ကို စနစ်တကျ ကစားတတ်ဖို့ သင်ပေးရန်မှာ ခက်ခဲသည်။
လူငယ် ကျောင်းသား တစ်ယောက်ကို ဘယ်နေရာမှာ ကစားပါဟု တာဝန် ပေးစေကာမူ ထိုလူငယ်သည် ဘောလုံး နောက်ကိုသာ လိုက်နေတက်သည်။ ရှေ့တန်း တိုက်စစ် ကစားသူများကို နောက်တန်း လူများနှင့် ပူးတွဲ ကစားတက်ရန် သင်ပေးရသည်။ ရှေ့တန်း ကစားသမားများ နောက်တန်းကို ပြန်ပြေးပြီး သူ့နောက်ခံ လူများနှင့် ထပ်မနေစေရန်လည်း သင်ပေးရသည်။ အကြိမ် တော်တော် များများပင် နောက်ခံလူတစ်ယောက်သည် အခြား ရွေးစရာ မရှိပဲ သူ့အသင်းဘက်မှ ရှေ့တန်းလူကို ဝင်တိုက်ပြီး ဘောလုံးကို ဖျက်ထုတ်လိုက်လေ့ ရှိသည်။
ဗမာလူမျိုးတွေသည် ၄င်းတို့၏ ကိုယ်ပိုင် ကစားနည်း ဖြစ်သော ခြင်းလုံးနှင့် အကျွမ်းတဝင် ရှိပြီးသား သူများဖြစ်သည်။ ထို့ပြင် ၄င်းတို့သည် ခြေဗလာနှင့် ကန်တတ်ကြသူများ ဖြစ်သည်။ သို့သော် ထိုအချက်သည်ပင် အစ ပထမ၌ လူတိုင်းအတွက် အဓိက ပြဿနာ ဖြစ်နေခဲ့သည်။
Mr.Scott သည် ဘောလုံးကစားနည်းကို မြန်မာပြည်တွင် စတင် မိတ်ဆက်ခဲ့သည်။ ခရိုင်မှာ ကစားခဲ့သော ပထမဆုံး ဘောလုံးပွဲ အကြောင်းကိုပင် ကျွန်တော်တို့ ကောင်းကောင်း မှတ်မိနေသေးသည်။ ထိုအချိန်က သူ (Mr.Scott) သည် ကျောင်းအုပ်တာဝန် ယူခဲ့သော St.John ကောလိပ်နှင့် မော်လမြိုင်မှ ကျပန်းကစားသမား (၁၁) ယောက်နှင့် ကန်ခဲ့သော ကစားပွဲ ဖြစ်သည်။ ဘောလုံးပွဲ မစခင်မှပင် ဘောလုံးကွဲသွား၍ Scott နှင့် ယခု စာရေးသူတို့ သည် ဘောလုံးတစ်လုံး အမြန် ရရှိနိုင်ရန် မြို့ထဲရှိ သားသတ်ရုံများကို အနှံ့ပတ်ရှာခဲ့သည်။ သူတို့သည် ဘောလုံး ပြုလုပ်ဖို့ ဆီးအိတ်တစ်ခု ရရှိရန် တိရိစ္ဆာန်တစ်ကောင်ကို ဝယ်ယူပြီး ချက်ချင်း သတ်ဖြတ်၍ ထုတ်ယူရန် အထိပင် စဉ်းစားခဲ့သည်။ Scott တစ်ယောက် ထိုကွဲနေသော ဘောလုံးကို ကိုင်ကာ သားသတ်သမားကို မြန်မြန် လုပ်ဖို့ ပူညံ ပူညံလုပ်ခဲ့ပုံကို ဖော်ပြရာမှာ စာဖွဲ့လောက်ပေသည်။ နောက်ဆုံးတွင် တံငါသည် အချို့ထံမှ ဆီးအိတ် တစ်ခုကို ရရှိ၍ အဆိုပါ သမိုင်းဝင် ဘောလုံးပွဲကို ကစားခဲ့ရသည်။ အထက်ပါ အဖြစ်အပျက် အသေးစိတ်သည် ကျွန်တော် နံရိုးတစ်ချောင်း အကျိုးခံ၍ မှတ်တမ်းတင်ခဲ့သော အဖြစ်အပျက် ဖြစ်သည်။
အဆိုပါ မှတ်တမ်းလေးအား စကော့တလန်နိုင်ငံသား Jame George Scott ၏ ဒိုင်ယာရီတွင် ရေးသားထားခဲ့ပြီး ထိုဒိုင်ယာရီတွင် ပါသော အကြောင်းအရာများကို G.E MITTOIU (Lady Scott) က ပြန်လည် တည်းဖြတ်၍ ၁၉၃၉ ခုနှစ်မှာ ပထမအကြိမ် ပြန်လည် ထုတ်ဝေခဲ့သည်။ အဆိုပါ မှတ်တမ်းအရ ၁၈၇၉ ခုနှစ် ကတည်းကပင် မြန်မာပြည်၌ ဘောလုံး အားကစားကို စတင် ကစားခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့သော အကြောင်းအရာ အချက် အလက်များ အရ ဗမာ့ဘောလုံး သမိုင်း ပေါ်ပေါက်လာပုံ၊ ဗမာတို့ ဘောလုံးအား စိတ်ဝင်စားပုံတို့ကို သိရှိရပြီ ဖြစ်ပါသည်။ ထို့ကြောင့် ဘောလုံးပွဲကြည့် ပရိတ်သတ်များ၊ ဘောလုံးရူးသွပ် သူများ၊ ဘောလုံးအသင်း ထူထောင်ထားသူများ၊ ဘောလုံးကစားသမားတို့သည် ဗမာ့ဘောလုံး ဖြစ်ပေါ်လာပုံ၊ ဗမာ့ ဘောလုံး ပေါ်ပေါက်လာပုံ၊ ဗမာပြည်သို့ ဘောလုံးကစားနည်း ရောက်ရှိလာပုံ၊ ဗမာ့ဘောလုံး စတင်ခဲ့သည့် ခုနှစ် သက္ကရာဇ်တို့အား သိထားသင့်ပါ၍ စေတနာ ရှေ့ထား၍ ကျွန်ုပ်တွင် ရှိနေသော အဖိုးတန်စာအုပ် စာပေများမှ ဤ ဗမာ့ဘောလုံး ဒိုင်ယာရီ ဆောင်းပါးအား တင်ပြ လိုက်ရပါတော့သည်။

(အနာဂတ်ကာလတွင် ကျွန်ုပ်တွင် ရှိသော အဖိုးတန်ရှားပါး စာအုပ်၊ စာပေများမှ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ နိုင်ငံရေး စသည် . . . သမိုင်းစစ် သမိုင်းမှန်များအား ပြည်သူလူထု အတွက် ရွေးချယ်၍ အလျင်းသင့်သလို တင်ပြသွားပါမည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts