>Zaypwetaw in Colorado

>

ယဉ်ကျေးမှု ကပွဲ နှင့် ဈေးပွဲတော် ကျင်းပ

မိုးမခ အထောက်တော် (ဒင်းဗား)

ဇူလိုင် ၁၇၊ ၂၀၁၀

ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ တည်ထားကိုးကွယ်နေတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေပွဲ အဖြစ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကပွဲနဲ့ ဈေးရောင်းပွဲတော်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ဒင်ဗားမြို့မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဲဒီပွဲတော်ကို မြန်မာကုန်စုံဆိုင်တခုဖြစ်တဲ့ 88 Family Asia Market ဝင်းအတွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲနဲ့ပတ်သက်ပြီး ဓမ္မပါလကျောင်းရဲ့ ကပ္ပိရကာရကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အခုလိုရှင်းပြပါတယ်။

“ဘုန်းကြီးကျောင်း ရန်ပုံငွေအတွက် ကျင်းပတာဖြစ်ပေမယ့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်ဆင်နွှဲနိုင်အောင် လို့ အကအစီအစဉ်တွေ၊ ကာရာအိုကေသီချင်းဆိုတဲ့ အစီအစဉ်တွေ၊ ကံစမ်းမဲလက်မှတ်ရောင်းပြီး ဆုမဲဖောက်တဲ့ အစီအစဉ်တွေ ထည့်သွင်းထားပြီး ဘာသာရေးပွဲသက်သက်မဟုတ်ဘဲ ပျော်ပွဲရွှင်ပွဲပုံစံမျိုးဖြစ်အောင် ကျနော်တို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

တိုင်းရင်းသားရိုးရာ မွန်၊ ကရင်နီ၊ ကရင်၊ ဗမာ အကများအပြင် အိန္ဒိယအကများနဲ့ ဖြေဖျော်တင်ဆက်သွားတဲ့ အပြင် …

ကာရာအိုကေ၊ ကံစမ်းမဲ၊ တေးသရုပ်ဖော် အစီအစဉ်များလည်း ပါဝင်တာတွေ့ရပါတယ်။

မြန်မာ့ရိုးရာအစားအစာ တော်တော်များများ ရောင်းချနေတာတွေ့ရတဲ့အပြင် အဝတ်အစား၊ အိုးခွက် ပန်းကန်းနဲ့ အိမ်သုံးပစ္စည်းများကို ကော်လိုရာဒိုပြည်နယ်သို့ အသစ်ထပ်မံရောက်ရှိလာတဲ့ မိသားစုများအား ပြန်လည် ဝေငှပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

“ရေမပက်တာကလွဲလို့ သင်္ကြန်ပွဲလိုဖြစ်လို့နေတော့ ပါဝင်ဆင်နွှဲရတာ အရမ်းပျော်တယ်။ ဒီအမေရိကမှာက အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ်ဖြစ်နေလို့ အပန်းဖြေဖို့အတွက် အခုလို လွတ်လွတ်လပ်လပ်နဲ့ ပျော်ပွဲရွှင်ပွဲတွေကို အားလပ်ရက်တွေမှာ များများ စီစဉ်ကျင်းပပေးစေချင်ပါတယ်” လို့ ပွဲတော်ကိုလာရောက်အားပေးတဲ့ မွတ်ဆလင်ဘာသာဝင် လူငယ်တဦးက သူ့ဆန္ဒကို ပြောပါတယ်။

နေ့လည် တနာရီကနေ ညနေ ၄ နာရီအထိကျင်းပတဲ့ အဲဒီပွဲဟာ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက် ဖြစ်တာကြောင့် ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ မြန်မာပြည်သားများ ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဆင်နွှဲကြတာကို တွေ့ခဲ့ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts