>Salt Lake City Thingyan

>

Salt Lake City သင်္ကြန်ပွဲ ကျင်းပပြီးစီး

မိုးမခအထောက်တော် (ဒင်းဗား)

ဇူလိုင် ၁၇၊ ၂၀၁၀

အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် Salt Lake City မြို့ရောက် မြန်မာမိသားစုများရဲ့ ဒုတိယအကြိမ် သင်္ကြန်ပွဲတော်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရပါတယ်။

သက်ကြီးရွယ်အို အဘိုးအဘွားများအား ပူဇော်ကန်တော့ကြပြီး သင်္ကြန်ပွဲကိုစတင်ဖွင့်လှစ်ကာ သင်္ကြန်ရိုးရာအကများ၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်သွားတာကို တွေ့ရပါတယ်။

သင်္ကြန်ပွဲနဲ့ပတ်သက်ပြီး မြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ခဲ့သူ ကဗျာဆရာ ကိုကျော်သူမိုးမြင့်က …

“ကျနော်တို့မရောက်ခင်က တခါလုပ်သေးတယ် ပြောတယ်၊ အဲဒါပြီးတော့ အကြောင်းမျိုးမျိုးကြောင့် ထပ်ပြီး မလုပ်ဖြစ်ခဲ့ဘဲ အခု ဒီနှစ်မှ ဒုတိယအကြိမ်အဖြစ် ပြန်ကျင်းပရတာပါ” လို့ ပြောပါတယ်။

ဒီနှစ်ကျင်းပတဲ့ပွဲကိုတော့ အချိန်ယူပြီး စနစ်တကျနဲ့ ကြိုတင်ပြင်ဆင် ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုပါတယ်။

ကော်လိုရာဒိုပြည်နယ်မှ မြန်မာမိသားစုများကလည်း အဆို၊ အကများဖြင့် လာရောက်ပူးပေါင်း ဖျော်ဖြေသွားတာ တွေ့ရပြီး ဧည့်ခံကျွေးမွေးရေး အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက် ညီညွတ်စွာနဲ့ ကျင်းပခဲ့တာကို တွေ့ရပါတယ်။

အမေရိကမှာကျင်းပတဲ့ တချို့သင်္ကြန်ပွဲများဟာ ရာသီဥတုအခြေအနေအရ မြန်မာပြည်မှာကျင်းပသလို ဧပြီလတွင် မကျင်းပနိုင်ဘဲ မိမိတို့နေထိုင်ရာမြို့ရဲ့ ရာသီဥတုအခြေအနေကို မူတည်ပြီး ကျင်းပကြခြင်း ဖြစ်ပါတယ်။

နေ့လည် ၁၂ နာရီမှာ စတင်ခဲ့တဲ့ ဒီသင်္ကြန်ပွဲဟာ ညနေ ၆း၀၀ ကျော်ကျော်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts