>
ဦးဝင်းတင်၊ လူထုစိန်ဝင်းနဲ့ မဖြူဖြူသင်းတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည် ၆၅ မွေးနေ့ နှုတ်ခွန်းဆက်စကားများ
မိုးမခ
ဇွန် ၂၀၊ ၂၀၁၀
ဇွန် ၁၉ မှာ ကျရောက်တဲ့ မြန်မာပြည်ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်မြောက် မွေးနေ့ကို တကမ္ဘာလုးံက ကျင်းပကြပါတယ်။ ၁၅ နှစ်တာ အကြိမ်ကြိမ် အကျယ်ချုပ်ခံနေရသူ၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို မြန်မာပြည်တွင်းက အင်န်အယ်ဒီပါတီဝင်တွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေ၊ ခေါင်းဆောင်တွေသာမက ပြည်ပက မြန်မာမိသားစုတွေကပါ ၀ိုင်းဝန်း ဂုဏ်ပြုကြပါတယ်။
မိုးမခက လက်ခံရရှိတဲ့ မွေးနေ့အမှတ်တရ နှုတ်ခွန်းဆက်စကားတွေထဲက ဆရာဦးဝင်းတင်၊ ဆရာ လူထု ဦးစိန်ဝင်းနဲ့ မဖြူဖြူသင်း တို့ရဲ့ အသံတွေကို သည်နေရာကနေပြီး တင်ဆက်လိုက်ပါတယ်။
ဆရာဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းရည်သတ္တိများကို ပြောပါတယ်။ သူ့ကို အတုယူပြီးတော့ ပြည်ပက မြန်မာတွေကလည်း မည်သို့ ဆောင်ရွက်နိုင်ကြတယ်ဆိုတာကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းများကို ပြောပြပါတယ်။ နာရီဝက်ကြာ ပြောထားတဲ့ အသံဖိုင် ဖြစ်ပါတယ်။ သည်နေရာမှာ နားထောင်ပါ။
ဆရာလူထုစိန်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ဦးဆောင်နိုင်မယ့် တဦးတည်းသော ခေါင်းဆောင်ဖြစ်တယ်။ မြန်မာစစ်ခေါင်းဆောင်တွေကလည်း ဒီအချက်ကို အလေးအနက်ထားပြီး ဆောင်ရွက်သင့်တယ် ဆိုတာကို ပြောသွားပါတယ်။ ဆရာက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြန်မာပြည်သူလူထုကြီးက ထပ်တူ ထပ်မျှ ရှိနေနှင့်ပြီးသား ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါလို့ တောင်းဆိုနေစရာ မလိုပါတဲ့။ သည်နေရာမှာ နားဆင်ပါ။
အင်န်အယ်ဒီလူငယ်ခေါင်းဆောင် မဖြူဖြူသင်းက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ သူ့ကို ဂုဏ်ပြုတဲ့ အမေရိကန်ပြည်၊ အနောက်ခြမ်း၊ ဆန်ဖရန်ဘေးဧရိယာက BAWA အမျိုးသမီးအဖွဲ့ကို ကျေးဇူးတင်စကားပြောကြားရင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုစကားများ ပြောကြားသွားပါတယ်။ သည်နေရာမှာ နားထောင်ပါ။
ကမ္ဘာမှာ မွေးနေ့ရှင်မရှိဘဲနဲ့ အိမ်တိုင်း၊ အဖွဲ့တိုင်း၊ လူတိုင်းက ညီညာဖျဖျ နှစ်စဉ် ၀ိုင်းကျင်းပကြရတဲ့ မွေးနေ့ပွဲဆိုတာ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲပဲ ရှိမယ်နဲ့ တူတယ် လို့ မိုးမခမိတ်ဆွေ တဦးက မှတ်ချက်ပေးသွားပါတယ်။