>Thit Kaung Eain – Snow Ghost Poem


>

ရေခဲဖုတ်ကောင်
သစ်ကောင်းအိမ်
ဒီဇင်ဘာ ၂၆၊ ၂၀၀၉
ပိုးဖလံတွေ မီးထဲ အပျံသင်သလို
ငါးမန်းတွေ သွေးညှီနံ့နောက် လိုက်သလို
နုံးတိုးငါးတွေ အေးရာအေးကြောင်းရှာသလို
အပျော်ကြီးပျော်နေတဲ့ အပျော်ကြီးထဲမှာ
ပျော်သွားတဲ့အပျော်တွေကိုပြန်ရေ
ဖြတ်ခဲ့တဲ့ အဖြတ်တွေ
ဖြစ်ခဲ့တဲ့ အဖြစ်တွေ
တကယ်က
အဖြတ်ခံခဲ့ရတဲ့ အဖြတ်တွေ
အဖြစ်ခံခဲ့ရတဲ့ အဖြစ်တွေ
ပျော်ပါတယ်
ပျော်စရာဆိုလို့
အရည်မပျော်အောင် တောင့်ခဲ
နေရောင်မလာအောင် ကျိန်ဆဲနေမိတဲ့
ကိုယ်က ရေခဲဖုတ်ကောင်
နှင်းတစပြင်မှာ
ဆောင်းမီး လောင်ရင်း
ကျနော် ပျော်ပါတယ်
လူ့သမိုင်းထဲ ငိုက်မြည်းသူ
ကျိုးလွယ် ဆတ်လွယ် မကောင်းမြင်ဝါဒီ စကားဝါကိုင်း
ကျနော် …
အကောင်းမြင်ပါတယ်
အကောင်း ပြည်ကြီးကို ပြန်သွားတယ်
အကောင်း ပြည်ကြီးက ပြန်လာတယ်      
လှလှ …
ဒုက္ခနဲ့တွေ့မှ ပိုလှမယ့်
ကျမနာမည် လှလှ။                     ။
 (၂၄၊ ဒီဇင်ဘာ၊ ၂၀၀၉)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts