>MoeMaKa 100 – Publication Invitation

>

မိုးမခ ၁၀၀ ဖိတ်ကြားစာ
မိုးမခ
ဒီဇင်ဘာ ၂၅၊ ၂၀၀၉
          မိုးမခ ၀ိုင်းတော်သားများနဲ့ ဆွေးနွေးဖြစ်တာက ကျနော်တို့က စာရေးသူတဦး၊ ပုဂ္ဂိုလ်တဦးဦးကို ရည်ရွယ်ပြီး စာအုပ် သို့မဟုတ် အီးဘုတ်တွေ ထုတ်ဖြစ်တယ်။ စာအုပ်တွေက ငွေကြေး အကျိုးအမြတ်အတွက် မဟုတ်ပါဘူး။ သို့သော် မှတ်စု မှတ်တမ်းအတွက်ပါ။ အဲသည်အချိန်မှာ မိုးမခမှာ ၀ိုင်းတော်သားတွေ၊ ကလောင်ရှင်တွေက မေတ္တာရှေ့ထားပြီး ၀ိုင်းဝန်းရေးသားခဲ့ကြလို့ စာဖတ်ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၀၈ မှာ စာမူပေါင်း ၁၆၀၀ ကျော်၊ ၂၀၀၉ မှာ စာမူပေါင်း ၁၇၀၀ ကျော် တင်ဆက်ခဲ့ပါတယ်။ သည်တော့ စာမူရှင်တွေရဲ့ စာမူတွေကို ကောက်နုတ်ပြီး စုပေါင်းထားတဲ့ စာအုပ်တအုပ် အမှတ်တရ ထုတ်ရင် မကောင်းဘူးလား။ ကလောင်ရှင်တွေကို အမှတ်တရ ဘာမှ မပေးနိုင်ခဲ့ဘူး။ စေတနာ့ဝန်ထမ်းခဲ့ကြတယ်။ မိုးမခ ၁၀၀ ဆိုပြီး အမှတ်တရ စာကောက်နုတ်ချက် စာအုပ်လေး တအုပ် ထုတ်ကြရအောင်လို့ စဉ်းစားမိတယ်။
          သူတို့တွေ စိတ်ကြိုက်တဲ့ စာမူ သူတို့ဖာသာ ရွေးကြ၊ ကျနော်တို့ကလည်း ၀ိုင်းစဉ်းစားမယ်။ ကိုယ့်ရေးလို့ ကိုယ်ကြိုက်တာက တပုဒ်၊ သူများရေးတာ ကိုယ်ကြိုက်တာက တပုဒ် – တိုက်ဆိုင်တာလဲ ရှိမယ်။ တူတာ မတူတာတွေလည်း တွေ့ရမယ်။ သို့သော် မိုးမခမှာ စာရေးခဲ့သူ လူ ၅၀ ရှိခဲ့ရင် သူတို့အားလုံးဆီက စာမူ ၁၀၀ ရမယ်။ ဒီထက်လည်း ပိုနိုင်တယ်။ အဲဒါကို ၀ိုင်းပြီး လက်စသတ်လိုက်နိုင်ရင် ၂၀၁၀ နှစ်ဆန်းပိုင်း ကျော်ကျော်လောက်မှာ မိုးမခမိတ်ဆွေတွေရဲ့ အမှတ်တရ ကလောင်စုံ၊ စာမူစုံ – မိုးမခ ၁၀၀ စာအုပ်လေး တခုတော့ ဖြစ်လာမယ် ထင်ပါတယ်။
          အခုလောလောဆယ် ဒီနေရာမှာ မိုးမခမှာ ပုံမှန်ရေးနေကျ ကလောင်ရှင်တွေကို အမည်လိုက် စုပြီး သူတို့ စာမူတွေ စုပေးထားပါတယ်။ ပြီးတော့ မပြီးသေးပါ။ သို့သော် အဲသည်ကနေပြီး စာမူရှင်ကော စာဖတ်သူပါ သူတို့ အာရုံကျတဲ့ စာရေးသူရဲ့ စာမူတွေကို ရွေးချယ် ဖတ်နိုင်မယ် ထင်ပါတယ်။
          စာရေးသူတွေကော စာဖတ်သူတွေကပါ မိုးမခရဲ့ ကလောင်အမည်လိုက် စုစည်းပေးတဲ့ကဏ္ဍမှာ ကျန်သွားတဲ့ လိုသေးတဲ့ စာရေးသူတွေ၊ စာမူတွေကို အကြံပေး ထောက်ပြကြပါဦးလို့ တောင်းပန်လိုက်ပါတယ်။
          ကျေးဇူးတင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts