>by Khin Maung Yin

>

ချမ်းသာခြင်း
ခင်မောင်ရင်
အောက်တိုဘာ ၂၃၊ ၂ဝဝ

(photo: http://www.facebook.com/pages/Kin-Maung-Yin/57069735228?v=photos)


တစ်နေ့က မီးမီးတို့ လင်မယား လာတယ်။ မီးမီးက ပြောသွားတယ်။ “နေမျိုးဆေး အင်းယားလမ်းမှာ နေပြီ။ သူက အလွန် ချမ်းသာသွားပြီ”။ ထိုအခါ ကျွန်တော်က စဉ်းစားမိသည်မှာ လူတစ်ယောက် အင်းယားမှာ နေရင် ချမ်းသာပြီပေါ့။ ကျွန်တော် အရင်တုန်းက အင်းယားလမ်းမှာ နေဖူးသည်။ ၈၂ အင်းယားလမ်း၊ ဦးတင်ထွဋ်က ၈၄၊ သူ ဗုံးထိပြီး သေသွားပြီ။ အိမ်ရှေ့တွင် ၀င်းဦးတို့၊ ဦးဖေမောင်တင်တို့ နေခဲ့တယ်။ သူတို့လည်း မရှိတော့။ အင်းယားလမ်းထောင့်ရှိ တက္ကသိုလ်က တိုက်ပုရဲ့အိမ်ကို ခေါ်သွားပြီး မင်းသုဝဏ်နှင့် ဆရာဇော်ဂျီအကြောင်း အားရပါးရ ပြော၏။ အဲဒီတုန်းက ကျွန်တော် နားမလည်ခဲ့။ သင်္ချာပါမောက္ခဖြစ်သော ဦးအောင်လှလည်း အင်းယားလမ်းမှာ နေခဲ့၏။ ယခု သူလည်း မရှိတော့။ တက္ကသိုလ်ပါမောက္ခချုပ် ဖြစ်သော ဒေါက်တာတင်အောင်လည်း အင်းယားလမ်းမှာ နေခဲ့၏။

ကျွန်တော်က မီးမီးကို ပြန်ပြောလိုက်တယ်။ အရင်က အဲဒီနေရာမှာ ကျွန်တော့ခြေရာချည်းပဲ လို့။ ကျွန်တော်ဟာ အိမ်မှာ တစ်ယောက်တည်း ဖြစ်တဲ့ အတွက်ကြောင့် အင်းယားလမ်းကြားရှိ နှစ်ထပ်အိမ်ကြီးမှာ သွားကစားရတယ်။ ထိုအိမ်၏ အခန်း တစ်ခန်းစီတွင် မိသားစု တစ်စုစီ နေ၏။ ကျွန်တော်ကတော့ ကျော်ဇောတို့ မိသားစုနှင့် အရင်းနှီးဆုံး။ ထိုအိမ်ကြီး၏ အခန်းတစ်ခန်းစီတွင် ဖဲဝိုင်း တစ်ဝိုင်းစီ ရှိ၏။ ကျွန်တော် အကြိုက်ဆုံးကတော့ မီးဖိုချောင်အခန်းက အနီယူ၊ အမည်းချဝိုင်းပဲ။ ဖဲထုပ်ကလည်း အလွန်ဟောင်း၍ ညစ်ပတ်နေပြီ။ နောက်ပြီး ကြေးကလည်း အနည်းဆုံး။ ထိုအိမ်သို့ သူငယ်ချင်းများနှင့် ကစားရန် အိမ်က လွှတ်သော်လည်း ဖဲကစားနည်းစုံသာ တတ်ခဲ့၏။

အရင်တုန်းက အင်းယားလမ်းထောင့်မှာ ကာကာဆိုင် ရှိ၏။ အအေးဆိုင်လည်း ရှိ၏။ မြင်းပွဲ လောင်းသည့် ဦးလေးကြီး၏ဆိုင်လည်း ရှိ၏။ မြင်းပွဲရှိရန် သူ ဆိုင်ကို ပိတ်ထား၏။ အင်းယားလမ်း ပတ်ဝန်းကျင်၌ ထိုဆိုင်များမှတပါး မည်သည့်ဆိုင်မျှ မရှိ။ ထိုဆိုင်များကိုသာလျှင် ပတ်ဝန်းကျင်ရှိ လူများ လာလေ့ရှိ၏။ ထိုဆိုင်များ၏ မျက်နှာချင်းဆိုင်၌ ကုန်းမြင့်လေး ရှိ၏။ ညနေဆိုလျှင် ထိုနေရာ၌ ကျွန်တော်တို့ကလေးများ ကစားလေ့ရှိ၏။ ထိုအချိန်က ကျွန်တော်သည် TTC ကျောင်း၌ နှစ်တန်းမှနေ ခြောက်တန်းအထိ စာသင်နေ၏။ အင်းယားလမ်းတွင် ဦးကွန်းလုံ၏ သစ်သားအိမ်ကလေးရှိ၏။ ထိုအိမ်၌ နောင်အခါ စန္ဒယားကွန်းမောင် ဖြစ်လာမည့် ကျွန်တော့်သူငယ်ချင်း နေသည်။ နှစ်ထပ်အိမ်ကြီး၌ စန္ဒယားသိန်းနွယ် နေသည်။ သူတို့နှစ်ယောက်သည် ကျွန်တော်နှင့်အတူ ညနေဆိုလျှင် ကုန်းမြင့်ပေါ်၌ အချိန်ဖြုန်းလေ့ရှိ၏။ သူတို့နှစ်ယောက်သည် အတန်းထဲရှိ မိန်းကလေးများ အကြောင်းကိုသာ ပြောလေ့ရှိကြသည်။ ကျွန်တော်ကတော့ သူတို့နှစ်ယောက် ပြောသမျှကို နားထောင်လေ့ ရှိ၏။ စန္ဒယားကွန်းမောင် နှင့် စန္ဒယားသိန်းနွယ် နှစ်ယောက်လုံး ယခုအခါ မရှိတော့။

နေမျိုးဆေးသည် ခြံအမှတ် ၉၀(င)၌ နေသည်ဟု မီးမီးက ပြောသည်။ ကျွန်တော်က ၈၂။ ကျွန်တော့်ဘကြီး နှင့် ကြီးကြီးတို့ အိမ်၌ နေသည်။ ခြံက အကျယ်ကြီး။ တစ်ထပ်တိုက်။ ဒါပေမယ့် တွေ့နေကျ တစ်ထပ်တိုက်အိမ်မဟုတ်ဘဲ အလွန်ကြီးမားသည့် တစ်ထပ်အိမ်။ ဘဘကြီး နှင့် ကြီးကြီး၌ ကလေးဆယ်ယောက် ရှိ၏။ ကျွန်တော်တို့၌လည်း ဆယ်ယောက်။ ကျွန်တော်က အကြီးဆုံး။ ဒါပေမယ့် တစ်နှစ်သား ကတည်းက အဖေ အမေနှင့် အတူမနေခဲ့ရ။ ဒုတိယစစ်ကြီးအပြီး အညာမှ ကျွန်တော်တို့ ပြန်လာတော့ အစ်ကိုသုံးယောက်နှင့်အတူ နေခဲ့ရ၏။ သူတို့သည် ကြီးကြီး၏ အငယ်ဆုံးကလေးများ ဖြစ်ကြသည်။ သုံးယောက်စလုံး တက္ကသိုလ် တက်နေသည်။ ထိုအိမ်၌ ကျွန်တော်နှင့် အစ်မ တစ်ဝမ်းကွဲတော်သည့် မစီစီလည်း ရှိ၏။ အစေခံတွေလည်း အများကြီးရှိ၏။ ဒါပေမယ့် ဘဘကြီး နှင့် ကြီးကြီးက ချမ်းသာသောသူများ မဟုတ်။

အိမ်ရှေ့၌ တင်းနစ် ကစားကွင်းရှိ၏။ ထိုကွင်းပေါ်ရှိ အဖြူရောင်လိုင်းများသည် ကျွန်တော်တို့ ထုပ်စည်းတိုးရန် လုပ်ထားသကဲ့သို့ ဖြစ်၏။ ထိုတင်းနစ်ကွင်းပေါ်၌ ကျွန်တော်တို့ ကစားရသည်မှာ အလွန် ပျော်ခဲ့၏။ လူကြီးတွေက အိပ်ရန် ပြောသောအခါမှ ကစားခြင်းကို မရပ်ချင်ဘဲ ရပ်ရ၏။

ကျွန်တော်သည် ထိုအိမ်၌ အငယ်ဆုံး။ ကျွန်တော့်ကို အလိုလိုက်သည်လည်း ရှိ၏။ ခဏခဏလည်း အဆူခံရ၏။ ထိုအိမ်၌ အလွန်ပျော်ခဲ့၏။ မည်သည့်အရာမျှ လိုလေသေးမရှိ။ ကျွန်တော် အဖော်မရှိသောကြောင့် အိမ်က သွားကစားခိုင်း၍ ကစားခဲ့သော နှစ်ထပ်အိမ်ကြီး၏ ပိုင်ရှင်သည် ကြီးကြီးတို့နှင့် အလွန် ခင်မင်ကြောင်းကို နောက်မှ သိရ၏။ ထိုအိမ်ကြီး၌ ကစားရသည်မှာလည်း ကျွန်တော့်အဖို့ အလွန် ပျော်စရာ ကောင်းခဲ့၏။ ခြံအမှတ်မှာ ၉၀(ခ) ဖြစ်၏။

ခြံအမှတ် ၈၄ အကြောင်းကို ပြောမည်။ ဦးတင်ထွဋ် မသေခင်က ထိုအိမ်တွင် ကျွန်တော် ၀င်ထွက် သွားလာနေခဲ့၏။ ဦးတင်ထွဋ်၌ သမီး သုံးယောက် ရှိ၏။ အကြီးဆုံး ခင်ညွန့်ရီ လက်ထပ်တော့ အငြိမ့် ထည့်သည်။ ဦးတင်ထွဋ် ကိုယ်တိုင် ဘဘကြီး နှင့် ကြီးကြီးကို အငြိမ့်ကြည့်ရန် လာဖိတ်သည်။ သို့သော် သူတို့က မကြည့်ဘဲ ကလေးတွေကိုသာ ကြည့်စေသည်။ ကျန်သူတွေကတော့ မရှိတော့။ ကျွန်တော်ထင်တယ် အင်းယားလမ်းမှာ ပိုက်ဆံ အရှိဆုံးကတော့ ဦးတင်ထွဋ်ပဲ။ သူ့မှာ လမ်းထောင့်က ခြံကြီး တစ်ခြံ ရှိသေးတယ်။ သူသေသွားတော့ သူ့မိန်းမက အဲဒီနေရာမှာ နယူးတိုင်းအော့ဖ်ဘားမား (New Time of Burma) သတင်းစာကို ရိုက်နှိပ်၏။ ထိုသတင်းစာ ရိုက်နှိပ်ပုံကို ညနေတိုင်းလိုလို ကျွန်တော် သွားကြည့်ခဲ့ဖူးသည်။

ကြီးကြီးသည် ၇၄(ဂ) ရှိ ဦးဖိုးစ၏ ဇနီးအိမ်သို့ ခဏခဏ ခိုင်း၏။ ဦးဖိုးစ၌ သားသမီး ငါးယောက် ရှိ၏။ အငယ်ဆုံးနှစ်ယောက် နှင့် ကျွန်တော် အလွန်ခင်၏။ သူတို့အိမ်သို့ ကြီးကြီးက ခိုင်းသောအခါ လမ်း၌ ခွေးတွေ့လျှင် ရပ်စောင့်နေရ၏။ ထိုခွေးသွားမှသာလျှင် ကျွန်တော် ဆက်သွားနိုင်၏။ ထိုအိမ်ကြီးသည် ကြီးမားသော နှစ်ထပ်အိမ် ဖြစ်သော်လည်းပဲ ပိုက်ဆံ သိပ်ရှိဟန် မတူ။ သူတို့အိမ်သည် လမ်းကြား၏ နောက်ဆုံးအိမ် ဖြစ်၏။

အင်းယားလမ်းမပေါ်ရှိ အိမ်တိုင်းလိုလိုတွင် တင်းနစ်ကစားကွင်း ရှိ၏။ ဦးတင်ထွဋ်အိမ်၌ကား နောက်ဖေးတွင် ရှိ၏။ ကျွန်တော်တို့အိမ်မှ အစ်ကိုများသာလျှင် တင်းနစ်ရိုက်ကြ၏။ တခြားအိမ်များ၌ကား မည်သူမျှ မကစားပေ။

အင်းယားလမ်းရှိ အိမ်တိုင်း၏ ခြံဝင်းများကို မည်သူမျှ သော့ခတ်၍ ပိတ်မထားပေ။ အားလုံး ဖွင့်ထားသည်သာ ဖြစ်၏။ မည်သူမျှ သူခိုးဓားပြကို မကြောက်။ မည်သူမျှ သိပ်ချမ်းသာသည် မရှိ။ ကျွန်တော် မှတ်မိသေးသည်။ ထိုအချိန်အခါတွင် ကျွန်တော်၏ အစ်မကြီး မစုစုက တနင်္ဂနွေနေ့ ဆိုလျှင် အင်းယားမြိုင်ရှိ စေတီ၌ တရားထိုင်စေ၏။ ထိုစေတီ၌ တရားပြသော ဆရာကြီးက တရားအမျိုးမျိုး ဟော၏။ ကျွန်တော် မှတ်မိသည်မှာ ဆရာကြီးက “မင်းတို့ ဘယ်လောက်ချမ်းသာတယ် ပြောပြော၊ ငါက ချမ်းသာတယ်လို့ မထင်ဘူး”။ ။

[ မူရင်း – မန္တလေးအထင်ကရမဂ္ဂဇင်း၊ ၂၀၀၉ သြဂုတ် ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts