မင်နီရှဲလ် လောကဓာတ်ခန်း

Minni Shell – Medical Thoiughts (2)

စဉ်းစားစေချင်တာတွေ (၂)
မင်နီရှဲလ်။ ဇူလိုင် ၁၇၊ ၂၀၁၃
မိုးမခကို စာမူပို့ရတာ လွယ်လိုက်တာ။ ကျမက စာရွက်နဲ့ သုံးမျက်နှာလောက်ပဲ ရေးတော့ စာပို့ခကလည်း ဘယ်လောက်မှ မကုန်ဘူး။ ကိုယ့်ပြည်တွင်းမှာဆိုတော့ သုံးလေး ရက်ဆိုရင် ရောက်ပြီ။ (စာပို့ခတွေများလို့ မဂ္ဂဇင်းစာအုပ် ပို့ပေးလို့မရပါဘူး ဆိုတာမျိုးတွေလည်း မရှိတော့ဘူး) ဒါတောင်အမြန်စနစ်နဲ့ ပို့ရင် မေရီလဲန်းကနေ ဆန်ဖရန်စစ္စကို တရက်လောက်အတွင်း စာမူရောက်နိုင်ပါတယ်။
          အရင်တခေါက်က ရေးခဲ့တဲ့အတိုင်း အမျိုးသမီးတွေအတွက် ကျန်းမာရေးပညာပေး ဆောင်းပါးမျိုး ဆက်ရေးချင်ပါတယ်။
          အသက် ၂၀ ကျော်သူတိုင်း သွေးဖောက်ပြီး ဆီးချို ရှိမရှိ၊ ကိုလက်စထရောများ များ ဆိုတာ စစ်သင့်ပါတယ်။ သွေးမဖောက်ခင်မှာ ၁၂ နာရီလောက် ဘာမှ မစားဘဲ ရေသောက်ပြီး နေသင့်ပါတယ်။ သွေးမဖောက်ခင် တရက်မှာလည်း အချိုတွေ၊ အဆီအအိမ့်တွေ၊ ကြက်ဥ၊ ဘဲဥ၊ ပုဇွန်၊ ဂဏန်း၊ ချိစ်စတဲ့ အရာတွေကို ရှောင်သင့်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း မှန်မှန်တိုင်းပါ။ သွေးပေါင်ချိန်တက်နေရင် ဆရာဝန်ဆီ သွားပြပါ။
          အမျိုးသမီးတွေဟာ များသောအားဖြင့် လေ့ကျင့်ခန်းလုပ်တာ အမျိုးသားထက်စာရင် နည်းပါတယ်။ ဒါကလည်း မိသားစုတာဝန်တွေကြောင့်လည်း ဖြစ်ရင် ဖြစ်မှာပါ။ ဒါပေမယ့် ဘာပဲပြောပြော ခန္တာကိုယ် သိပ် ၀ မလာအောင် ဂရုစိုက်သင့်ပါတယ်။ ၀ခြင်းအကြောင်း ဆောင်းပါးတပုဒ် နောက်မှ သပ်သပ် ရေးပါဦးမယ်။ US မှာကတော့ ပရိသတ်ကြီး သိကြပြီးတဲ့အတိုင်း စည်းကမ်းမရှိ အစားအသောက်ကျုးတာကြောင့် လူဦးရေရဲ့ ၃၀% ကျော်လောက်က အရမ်း ၀နေကြပါတယ်။ နောက်ထပ် ၃၀%လောက်က Over Weight ဖြစ်နေကြတယ်။
          သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေဟာ Family Planning လုပ်ဖို့ ဆရာဝန်နပြ တိုင်ပင်သင့်ပါတယ်။ သားသမီး မလိုချင်သေးရင် သားသမီးခြားချင်ရင် ဘယ်လိုဆေးတွေ သောက်ရ၊ သုံးရမလဲ၊ ဆေးတွေရဲ့ ဘေးထွက်အာနိသင်တွေက ဘယ်လိုရှိသလဲ ဆွေးနွေးသင့်ပါတယ်။ သားသမီးယူမယ့် အစီအစဉ်ရှိရင်လည်း နေ့စဉ် Folic Acid သောက်သင့်ပါတယ်။
          အသက် ၅၅ နှစ်ကနေ ၈၀ နှစ်လောက်အထိ အမျိုးသမီးတွေဟာ နေ့စဉ် အက်စပရင် တလုံးသောက်သင့်တယ်လို့ ဆိုပါတယ်။ အမျိုးသားတွေကတော့ ၄၅ နှစ် ကျော်ရင် သောက်သင့်ပါတယ်။ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတို့ကို ကာကွယ်နိုင်တာ မို့ပါ။ Baby Asprin လို့ခေါ်တဲ့ဆေး (81 milligram) ကို ဘယ်မှာမဆို ၀ယ်လို့ရပါတယ်။ တခုပဲ ရှိတာက သူဟာ သွေးကျဲစေတာမို့ အစာအိမ်နာရှိသူတွေ မသောက်သင့်ပါဘူး။ သွေးရောဂါရှိသူတွေ ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ အက်စပရင် စ သောက်ပြီး ဗိုက်အောင့်တယ်၊ နှာခေါင်းက သွားဖုံးက သွေးယိုတယ်၊ ၀မ်းသွားရင် သွေးပါတယ် စတဲ့ လက္ခဏာတွေ တွေ့ရရင်တော့ ဆေးသောက်တာကိုရပ်ပြီး ဆရာဝန်ဆီ သွားပြပါ။ ဘယ်အရာမဆို ပုံသေဖော်မြူလာနဲ့ တွက်လို့ မရပါ။ လူတယောက်အတွက် အဆင်ပြေမယ့်ဆေးဟာ တခြားတယောက်အတွက် ဘေး ဖြစ်ရင် ဖြစ်နိုင်ပါတယ်။
          အရိုးပျော့ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ၂၀၁၀ ခုနှစ်ကဆိုရင် US မှာ အရိုးပျော့ရောဂါရှိတဲ့ အမျိုးသမီးဦးရေဟာ ၃၅ သန်း လောက် ရှိခဲ့တယ်။ နောက်ဆိုရင် သည်ထက် ပိုများလာဦးမှာ အသေအချာပါ။ လူတွေက ကင်ဆာရောဂါတို့ နှလုံးရောဂါတို့ လေဖြတ်တာတို့ဆိုရင် တအား ကြောက်တတ်ကြပါတယ်။ ကုရာနတ္ထိ ဆေးမရှိလို့တောင် ကင်ဆာကို တင်စားကြသူတွေ ရှိပါတယ်။ တကယ်တမ်းကတော့ ကင်ဆာရောဂါ ပျောက်ကင်းပြီး သက်တမ်းစေ့ နေသွားသူတွေလည်း အများကြီးပါ။ အရိုးပျော့ရောဂါကိုတော့ ကြောက်စရာလို့ မယူဆကြပါဘူး။ ချော်လဲပြီး အရိုးကျိုးရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိပါတယ်။
          အရိုးပျော့ရောဂါ ရှိမရှိကို စစ်ဆေးဖို့ အသက် ၆၅ နှစ် ကျော်တဲ့ အမျိုးသမီးတိုင်း Dexa လို့ ခေါ်တဲ့ Bone Density Test လုပ်သင့်ပါတယ်။ အရိုးကျိုးဖူးတာတို့၊ မိသားစုထဲမှာ ရောဂါရှိတာတို့၊ အချို့သော ဆေးတွေ သောက်နေရတာတို့ (Steroid လိုမျိုး) ဆိုရင် အသက် ၆၅ နှစ်ထက်စောပြီး စစ်ဆေးသင့်ပါတယ်။ အမျိုးသားတွေလည်း risk ရှိတယ်ဆိုရင် စစ်ကြည့်သင့်ပါတယ်။ အရိုးပျော့ရောဂါကို ကာကွယ်ဖို့က ကယ်လစီယံနဲ့ ဗစ်တာမင်ဒီပါတဲ့ ဆေးတွေ နေ့စဉ်သောက်ရပါမယ်။ ဒါလည်းပဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။
          ဗီတာမင်းကတော့ တနေ့ တလုံး သောက်လို့ ရပါတယ်။ အာဟာရပြည့်ဝတာတွေ စားနေရင် ဗီတာမင် သိပ်မလိုလှပါဘူး။ ဒါပေမယ့် သောက်ရင်လည်း သောက်လို့ရပါတယ်။ တချို့မြန်မာတွေက Centrum  ကိုမှ အားဆေးလို့ ထင်ကြပါတယ်။ တကယ်က ဗီတာမင်က ဗီတာမင်ပါပဲ။ အစားအသောက်ကောင်းကောင်း စားနိုင်နေတဲ့သူဟာ ဗီတာမင်းအားဆေး ထိုးစရာ လုံးဝမလိုပါ။ မော်ရီယာမင်းသွင်းစရာ မလိုပါ။ ဆရာ အီကြာအော်ရဲ့ ဆောင်းပါးထဲမှာ အဲဒါတွေကို ငွေယူပြီး သွင်းတဲ့ ဆရာဝန်ဟာလည်းပဲ ဆရာဝန်ကောင်းမဟုတ်ပါ။ ဒါပေမယ့် လူနာတွေကလည်း ဒါမျိုးတွေ အဟုတ်မှတ်ပြီး ဆေးသွင်းတာကို ဂုဏ်ယူနေကြတာ ခက်တယ်။ သမာအာဇီဝ ဆိုတာ ဘာမှန်း မသိတဲ့ ဆရာဝန်တွေက ကြားထဲက အချောင်စားသာနေတာပေါ့။
          ဗီတာမင်ဒီဟာ ခုနောက်ပိုင်းမှာ သူမပါရင် မပြီးပဲ ဖြစ်လာတာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သင့်ပါတယ်။ မေးခိုင်ရောဂါ ကာကွယ်ဆေးကတော့ လူတိုင်း ၁၀နှစ် ၁ခါ ထိုးသင့်ပါတယ်။ နမိုးနီးယားကာကွယ်ဆေးကတော့ လူတိုင်း အသက် ၆၅နှစ်ကျော်ရင် ထိုးရပါတယ်။ တချို့ရောဂါရှင်တွေအတွက်ကတော့ အသက် ၆၅ နှစ် မတိုင်ခင်မှာ ၅ နှစ် ၁ခါ ထိုးသင့်ပါတယ်။ အသေးစိတ် မရေးတော့ပါ။
          မြန်မာပြည်က လူမှန်သမျှ ဘီပိုးနဲ့ စီပိုး ရှိမရှိ စစ်ကြည့်သင့်ပါတယ်။ လိုအပ်ရင် ‘ဘီ’ပိုးအတွက် ကာကွယ်ဆေး ထိုးသင့်ပါတယ်။ ကိုယ့်ဆရာဝန်ဆီမှာ ဒါမှမဟုတ် Health Department မှာ စုံစမ်းကြည့်ပါ။
          ဆောင်းပါးဟာ ထင်တာထက် ရှည်သွားတာမို့ ရပ်လိုက်ပါတော့မယ်။ နောက်အပတ်မှ topic တခုခုကို ထပ်ဆွေးနွေးကြတာပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts