>Moe Choi Thin – Today Last Year

>

မနှစ်တုန်းက ဒီအချိန်ဆို..

မိုးချိုသင်း

စက်တင်ဘာ ၂၃၊ ၂၀၀၈

ဒီနေ့ အိမ်နားက Kaiser ဆေးရုံမှာ ထိုးဆေးကုန်နေလို့ ဆေးသွားယူတော့ ဒီဆေးရုံကြီးဆီကို အမေရိကားရောက်တဲ့ ၅ နှစ်အတွင်း အကြိမ်ပေါင်း မြောက်မြားစွာ လာခဲ့ရတာကို သတိရနေတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအာမခံက ဒီမှာ ရှိနေတဲ့အပြင် အိမ်နဲ့ က ကားမောင်းသွားရင် ၅ မိနစ်လောက်သာ ဝေးတာမို့ အဆင်ပြေပါတယ်။

ဒီဆေးရုံမှာ အမှတ်တရတွေ အများကြီးရှိတဲ့အထဲက အဖေ့ကို နောက်ဆုံးလာတွေ့ရတဲ့ အကြိမ်ကို မေ့လို့ရမှာ မဟုတ်ပါဘူး။ အဖေက အိမ်နားက မက္ကဆီကန် ဆိုင်လေးမှာ နားရင်း၊ ထိုင်နေရင်း ရုတ်တရက် လဲကျ ဆုံးပါးခဲ့ရတာပါ။ အဲဒီအချိန်က ကိုယ်တို့က ရုံးမှာ။ အဖေနဲ့ အဖေ့မိတ်ဆွေ ဦးလေးကြီးတို့ အတူထိုင်ရင်း ဗြုန်းကနဲ နှလုံးရပ် ထိုင်ရက်နဲ့ လဲကျသွားခဲ့တာ။

911 ကို ခေါ်တော့ တမိနစ်တောင် မဆိုင်းဘဲ လာကြသတဲ့။ ခြံဝင်းလေးထဲမှာ ရှိနေတဲ့ အဖေ့ဆီ အသက်ကယ်ဖို့ ဆိုင် တံခါးပေါက်ကတောင် ပတ်မ၀င်ဘဲ ဆိုင်ရဲ့ ခြံစည်းရိုးလေးကို ခုန်ကျော်ပြီး ၀င်ကြသတဲ့။ နှလုံးခုန်ဖို့ ကြိုးစားရာမှာ အဖေ့ အနွေးထည် ဂျာကင်ကြီး ချွတ်နေရင် ကြာနေမှာစိုးလို့ အကျီ င်္တွေ ကတ်ကြေးနဲ့ ညှပ်ပစ်လိုက်ပြီး အမြန်ဆုံး ကုသမှု ပေးခဲ့ပါတယ် တဲ့။ ဒါပေမဲ့ အဖေ့ကို သူတို့ မမီတော့ဘူး။

အဖေတောင် သူဆုံးသွားတာ သိလိုက်မှာ မဟုတ်ဘူး။ ခင်မင်ရတဲ့ မိတ်ဆွေနဲ့ စကားစမြည်ပြောရင်း၊ သမီးပြန်အလာစောင့်ရင်း၊ အအေးလေးတခွက် သောက်ရင်း အဝေးကြီးကို ထွက်သွားပြီ။

အဖေ့ကို အိမ်နဲ့ အနီးဆုံးဖြစ်တဲ့ ဒီ Kaiser ဆေးရုံသစ်ကြီးဆီ ခေါ်လာခဲ့ပြီး သူတို့ ထပ်ကြိုးစားခဲ့ကြပါသေးတယ်။ အဲဒီတုန်းက အဖေ့ကို သမီးဖြစ်တဲ့ကိုယ်က မျက်ရည်လည်ရွဲနဲ့ အပြေး လာတွေ့ခဲ့ရတာ။ ဟောဒီ Emergency အခန်းလေးမှာပေါ့။

အဲဒီနေ့က ဇန်န၀ါရီ ၂၂ရက်။ အဲဒီနောက်ပိုင်း ကိုယ်က အရူးတပိုင်းလို..။ ညတရေးနိုးလဲ ထ ငို..။ ခံစားမှုသက်သာအောင် အလုပ်တွေကို ဖိလုပ်နေရင်းလဲ မျက်ရည်တွေကျ။ အလုပ်က ပြန်ရင်လဲ အိမ်မှာ မျှော်တဲ့အဖေ မရှိတော့ ဒါကို ရင်မဆိုင်ရဲလို့ အိမ်ကို မပြန်ရဲ။ နှစ်ယောက်သား အလုပ်ကအပြန်တိုင်းမှာ beach တွေ တခုပြီးတခု သွားပြီး သမုဒ္ဒရာကြီးကို ငေးလို့။ အားကိုးရာမဲ့သလိုမျိုး၊ ဘာဆို ဘာမှ မရှိတော့သလိုမျိုး..။

သူများတွေ ကမ်းခြေမှာ ပျော်ရွှင်ကစားကြတာတွေလဲ ကိုယ်နဲ့မဆိုင်။ မြင်လဲ မမြင်။ တခါတလေ ကားထဲကတောင် မဆင်းမိဘူး။ ပင်လယ်ကို မျက်နှာမူပြီးကားထိုးရပ်၊ အသံတိတ် ကြေကြေကွဲကွဲ ဖြတ်သန်းရတဲ့ကာလတွေ..။ ညသန်းခေါင်မှ အိပ်ဖို့ပဲ ပြန်တယ်။

ဆရာဝန်တွေနဲ့ ဆေးပြားတွေနဲ့ မွန်းကြပ်ခဲ့ရတဲ့ အချိန်တွေပေါ့။ ဆေးရုံမသွားရတဲ့ နေ့တိုင်းမှာ အီးမေးလ်နဲ့ ကိုယ့်အခြေအနေကို အမြဲ အကြောင်းကြားနေရတာ။ ဒီနေ့မှာတော့ ဘယ်လို ခံစားရတယ်ဆိုတဲ့ အသေးစိတ် အစီရင်ခံစာတွေ..၊ ကိုယ့်ကိုတာဝန်ယူထားတဲ့ ဆရာဝန်မလေးဆီက အားပေးတဲ့ ပြန်စာ အီးမေးလ်လေးတွေ..။

အဲဒီအချိန်မှာ စက်တင်ဘာကို ရောက်လာတယ်။ လောကကြီးရဲ့ အပြင်ဖက်ကို ရောက်နေတဲ့ ကိုယ့်ကို ဗမာပြည်ရဲ့ နေ့စဉ်သတင်းတွေက ဗြုန်းကနဲ တုန်လှုပ်ရပ်တန့်သွားစေတယ်။ သံဃာတော် အရှင်သူမြတ်တွေရဲ့ မေတ္တာပို့သံက ကိုယ့်ရင်ကို အေးချမ်း တည်ငြိမ်စေခဲ့တယ်။ ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်ရတာ၊ မြန်မာတယောက်ဖြစ်ရတာ ပြီးပြည့်စုံစေခဲ့တယ်။

ကြည့်ပါအုံး။ တကမ္ဘာလုံးက အံ့သြငေးမောလို့။ အဆင့်တန်းမြင့်လှတဲ့ လှပတဲ့ ငြင်းဆန်မှု။ မိုးတွေ သည်းသည်းရွာနေတဲ့ကြားမှာ..။ သေနတ်တွေ ချိန်ထားတဲ့၊ သံဆူးကြိုးတွေကာထားတဲ့ ကြားမှာ..။ ဆွမ်းလေးတနပ် မ၀တ၀ စားလို့ သတ္တ၀ါအပေါင်းကို မေတ္တာပို့လို့..။ လမ်းတွေအားလုံး ရွှေဝါရောင် လွှမ်းလို့လေ..။

ဒါကမှ ဒို့ ကိုးကွယ်တဲ့ ဘာသာ။ မေတ္တာဓာတ်နဲ့ လွှမ်းခြုံလို့လေ..။ ဒါကမှ ဒို့ မြန်မာ။ ယဉ်ကျေးတဲ့ ညီညွတ်မှုနဲ့လေ..။ ကိုယ့်ကို ကျွေးတဲ့ မြန်မာပြည်သူ ပြည်သား တကာ၊ တကာမတွေရဲ့ ကျေးဇူးကို သိတတ်၊ အလေးအနက်ပြုသောအားဖြင့်..၊ သူတို့ရဲ့ ဒုက္ခကို စာနာသော အားဖြင့် မေတ္တာပို့ အေးချမ်းစေရပါတယ် တဲ့။ ဒီလိုနဲ့ ကိုယ်တို့တတွေရင်ထဲက ဘုရားသာသနာကို အဓွန့်ရှည်စေခဲ့ပါတယ်။

ကိုယ်တို့မိဘတွေက ပြောခဲ့တယ်။ လောကမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုတဲ့ အနန္တော၊ အနန္တ (၅)ပါးကို ဘယ်တော့မှ စိတ်နဲ့တောင် မပြစ်မှားလေနဲ့ တဲ့။

အခုတော့..မကြုံဖူးတာတွေ ကြုံကြရပြီ။ လူတွေ ဖိနပ်ချွတ်ပြီးမှတောင် ၀င်ခွင့်ရှိတဲ့ ဘုရားရိပ်၊ တရားရိပ်တွေကို သူတို့ စစ်ဖိနပ်တွေနဲ့ ၀င်ပြီး သူပုန်စခန်းလို ၀င်ရောက် ရက်စက် အကြမ်းဖက်ခဲ့ကြပြီ။

မမြင်ဖူးတာတွေ မြင်ကြရပြီ။ ကမ္ဘာ့သတင်းဌာနတွေက သာသနာ့အလံကို စွဲစွဲမြဲမြဲ ကိုင်ထားတဲ့ ကိုယ်တော်တွေကို စစ်သားတွေက ရိုက်နှက် ကန်ကြောက်နေတာတွေ အကြိမ်ပေါင်းများစွာ ထုတ်လွှင့်ပြသခဲ့ကြပြီ။

မကြားဖူးတာတွေ ကြားကြရပြီ။

ဟေ့ လိမ္မော်သီး လာစမ်း။ ဘယ်သွားမလို့လဲ။ သွား..၊ ဟို နားက နေပူထဲမှာ ဒူးတုပ် သွားထိုင်နေစမ်း …” တဲ့။

အဲဒါ ကိုယ်အမွန်အမြတ်ထားတဲ့ ဘုရားသားတော် တွေကို ပြောတဲ့ စကားတဲ့လား။

အဲလိုအချိန်မှာ ကိုယ် အဖေ့ကို မတူသော သတိရခြင်းနဲ့ ပထမဆုံးအကြိမ် သတိရမိပါတယ်။ အဖေကြီးရေ..၊ အဖေ ဒါတွေ မမြင်လိုက်ရတာ အင်မတန် ကံကောင်းပါတယ်။ နို့မို့ဆို အဖေ့ အသည်းနှလုံးတွေ နုံးကြေကြရလိမ့်မယ်။ မေတ္တာအစား မုန်းတီးရွံရှာရလိမ့်မယ်။ ငါချစ်တဲ့ပြည်ကိုတော့ မိစ္ဆာတွေ အုပ်စိုးကြလေပြီလို့ ငိုကြွေးမိရလိမ့်မယ်။

အဖေ သိတော့ သွားခဲ့ပါတယ်။ ဒါကြောင့်လဲ ဒီကဗျာလေးကို စပ်ခဲ့တာ ဖြစ်မှာပေါ့။ ၂၀၀၀ ခုနှစ်က စပ်တဲ့ ကဗျာတပုဒ်ကို ဒီနေ့မှာ အမှတ်တရ ပြန်ဖော်ပြချင်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။



စစ်ကို မလိုပါ

တင်မိုး

စေတီ တန်ဆောင်း

ဂူကျောင်း ပြာဿဒ်တွေမှာ

စစ်ဖိနပ်နဲ့ တက်နင်းတော့

ခံပြင်းတဲ့ ဒဏ်ရာ

ရင်တွင်းက အနာ။



စေတီပုထိုးတွေရှိရာ

မေတ္တာမိုးရွာသင့်ပါလျက်

မသမာတဲ့ စိတ်ဓာတ်

လက်နက်ကိုင်တပ်တွေက

အထွတ်အမြတ်နေရာခင်းတော့

ခံပြင်းတဲ့ဒဏ်ရာ

ရင်တွင်းက အနာ။



ငါတို့ မြန်မာနိုင်ငံ

စစ်မှန်တဲ့ မေတ္တာနဲ့ တည်ဆောက်ရင်

ပြီးမြောက်အောင်မြင်ရာမှာ

စစ်တပ်ခင်းပြီး

စစ်ဖိနပ်နဲ့ နင်းဖို့ မလိုပါ။

(၂၉၊ ၂၊ ၂၀၀၀)

မူရင်း – မိုးချိုသင်း ဘလောက်၊ သရုပ်ဖော် ပန်းချီ ထိန်လင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts