>BBC interview with U Win Tin

>

“အင်န်အယ်လ်ဒီရဲ့ ရပ်တည်ချက် ကောင်းတယ်၊ မှန်တယ်”

၁၉ နှစ်ကျော် အကျဉ်းကျခဲ့သူ ဦးဝင်းတင် နှင့် ဆက်သွယ်မေးမြန်းခြင်း

ဘီဘီစီ (မြန်မာဌာန)

စက်တင်ဘာ ၂၄၊ ၂၀၀၈

ဦးဝင်းတင် – ကျနော်အခုလွတ်လာတယ် နော်၊ အခုလွတ်တယ်ဆိုတာ ၄ နာရီလောက်က လွတ်တယ်ပေါ့ဗျာ။ အိမ်ကိုရောက်လာတယ်။ ထောင်ကို ဆန္ဒပြပြီးတော့ မကျေနပ်ကြောင်းကို ပြောပြီးတော့ ကျနော် လွတ်လာခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့ လွတ်လာတာလဲဆိုတော့ သူတို့က ကျနော့်ကို လွှတ်တာဟာ ဒီနေ့လွှတ်တဲ့ဟာက ၄၀၁ နဲ့ လွှတ်တယ်ဆိုပြီးတော့ လာပြောတယ်။ ၄၀၁ ဆိုတာက လက်မှတ်ထိုးရတယ်ဗျာ ဟုတ်လား။ လက်မှတ် ထိုးရမယ်။ နောက်ပြီးတော့ နိုင်ငံရေးတို့ အစိုးရဆန့်ကျင်ရေးတို့ ဘာတို့ မလုပ်ပါဘူး၊ လုပ်ရင် ထောင်ကျခံပါ့မယ် ဆိုတဲ့ဟာကို ပြောတယ်။ ကျနော် ဒါကို လက်မခံဘူးလို့ ပြောတယ်။ ကျနော် ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ထောင်အ၀တ်အစားပဲ ကျနော်ဝတ်မယ်၊ ဘာမှ မ၀တ်နိုင်ဘူး။ ကျနော် ကန့်ကွက်ဆန္ဒပြတဲ့ပုံသဏ္ဌာန်နဲ့ ထွက်လာခြင်းကို သူတို့ လက်ခံပါတယ်။ သို့သော် သူတို့ အိမ်တော့ပြန်ပို့ပါရစေ၊ ထောင်ကတော့ ထွက်ပါ … … ။

ဘီဘီစီ- အခုနောက်ဆုံး သူတို့ဘယ်ပုံစံနဲ့ ပြန်လွှတ်လိုက်လဲခင်ဗျ။

ဦးဝင်းတင် – လက်မှတ်လည်းမထိုးဘူး။ ကျနော့် ဘက်က လက်လည်းမခံဘူး။ ခင်ဗျားတို့ ပြောတာလည်း ကျနော်ကြားတယ်လို့ မယူဆဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်ကို အစည်းဝေးခန်းထဲကို ခေါ်လာပြီးတော့ သူက ဖတ်ပြသေးတယ်၊ အဲဒီ ၄၀၁ ကို။ ကျနော်ပြောတယ် လက်မခံဘူး … …။

အိမ်တိုင်ယာရောက်လာပို့တာပေါ့ အခု။

အိမ်တိုင်ယာရောက်လာပို့တယ်။ ကျနော် ကန့်ကွက် ဆန္ဒပြတဲ့ အနေနဲ့ ထောင်အ၀တ်အစားနဲ့ ကျနော် ထွက်လာတယ်။ ကျနော် အခုဝတ်ထားတာ ခင်ဗျားနဲ့ စကားပြောနေတဲ့အချိန် ၀တ်ထားတာ ထောင်အ၀တ်အစားပဲ ၀တ်တယ်။

လောလောဆယ် ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လို ရှိပါသလဲခင်ဗျ။

ကျန်းမာရေးအခြေအနေက ကောင်းတယ်ခင်ဗျ။

ဦးဝင်းတင်အနေနဲ့ ဘာတွေ ဆက်လုပ်မယ်၊ ဘယ်လိုပုံစံနဲ့ လုပ်မယ် ဆိုတာကိုရော ဆုံးဖြတ်ချက် ချထားပြီးပြီလားခင်ဗျ။

ကျနော်က လုပ်မယ်ဆိုတာတော့ ဆုံးဖြတ်ချက်ချတယ်။ ဘယ်ပုံစံနဲ့ လုပ်မယ်ဆိုတာကတော့ ကျနော် မသိဘူးခင်ဗျ၊ မသိဘူးဆိုတာက ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ဘယ်လိုပုံစံနဲ့ ရှိနေမှန်း၊ ဘယ်လို ရှိနေမှန်း ကျနော်မသိဘူး၊ ကျနော်နဲ့ အင်န်အယ်လ်ဒီနဲ့လည်း ဘာအဆက်အသွယ်မှ ဒီအတောအတွင်းမှာ နှစ်ပေါင်းများစွာ အတွင်းမှာ မရှိခဲ့ဘူး။ ကျနော်ပြောနိုင်တာ တခုကတော့ အင်န်အယ်လ်ဒီ လုပ်နေတာဟာ ဒီနောက်ပိုင်းမှာ အထူးသဖြင့် အခုအပိုင်းမှာ ရပ်တည်ချက်ဟာ ကောင်းတယ်၊ မှန်တယ်၊ ဟုတ်လား။ နောက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်လို့ ယူဆတဲ့အတွက် ကျနော် အင်န်အယ်လ်ဒီနဲ့တွဲလုပ်ဖို့ အင်န်အယ်လ်ဒီကနေ တာဝန်ပေးရင် အင်န်အယ်လ်ဒီက ခိုင်းရင်လည်း ကျနော်လုပ်ဖို့ အဆင်သင့်ပဲ ကျနော် ရှိတယ်လို့ ကျနော်က ဒီလိုပဲ ယူဆတယ်။

အခု အပြင်ကနိုင်ငံရေးအခြေအနေတွေ အားလုံးကိုရော ထောင်တွင်းမှာ ကြားရ သိရတာ ရှိပါသလားခင်ဗျ။

မရှိဘူးခင်ဗျ။ ကျနော် တယောက်တည်းနေရတာ နှစ်ပေါင်း ၂၀ က တယောက်တည်းပဲ ထားတာပဲခင်ဗျ။ ကျနော် နိုင်ငံရေးသမားတွေနဲ့ မနေရဘူး၊ ကျနော် တယောက်တည်းပဲ ပိတ်ထားတာ။ အဲတော့ ကျနော်ဘာမှ နိုင်ငံရေးဆွေးနွေးခြင်းတို့ ပြောဆိုခြင်းတို့ မရှိဘူး ခင်ဗျ။ ကျနော် ထောင်နဲ့ ပတ်သက်ပြီးတော့ ဟိုး ညွှန်ချုပ်တွေ သို့မဟုတ်ရင်လည်း သူ့ထက်ကြီးတဲ့ ဒီ အစိုးရနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို ပုဂ္ဂိုလ်မျိုးကစပြီးတော့ ကျနော်တို့ဒီမှာ ထောင်ဝါဒါ အထိ ဘာမှ အာဃာတ သော်လည်းကောင်း၊ စိတ်ထဲမှာ မကျေလည်တာတို့ မကြည်လင်တာတို့ မကျေနပ်တာတို့ မကောင်းတာတို့ မြင်တာတို့ မရှိဘူး။ ဘာမှမရှိဘူး။ ကျနော်တို့မကြိုက်တာကတော့ စစ်အာဏာ ယန္တယားကြီး၊ စစ်အာဏာယန္တယားကြီး။ တိုင်းပြည်ကို နှိပ်စက်နေတာ စစ်အာဏာယန္တယားကြီး။ ဒီမိုကရေစီ အတုအယောင်တွေ ပေးပြီးတော့ လူတွေကို လှည့်နေတာတွေ။ တိုင်းပြည်မှာ အမျိုးစုံ ငွေတွေ၊ ကော်ရက်ရှင် (corruption)တွေနဲ့ အမျိုးစုံဝင်ပြီးတော့ ပျက်စီးနေတာတွေ။ တိုင်းပြည်မှာ လူတွေ ဥပမာဆိုပါတော့ ခုနပြောတဲ့ ထမင်း မ၀တာတို့ ဟင်းမ၀တာတို့ စာမသင်ရတာတို့ လူတွေ ဘ၀တွေပျက်နေရတာ ဒါတွေအကုန်လုံးဟာ စစ်အာဏာယန္တယားကြီး ရှိနေလို့။ ကျနော် စစ်အာဏာရှင်တို့ ဘာတို့ မပြောပါဘူး၊ စစ်အာဏာယန္တယားကို ဖျက်သိမ်းပါ၊ ဖျက်သိမ်းပြီးတော့ တိုင်းပြည်မှာ ဒီမိုကရေစီ ပြည့်စုံနိုင်သမျှ ပြည့်စုံတဲ့ ဒီမိုကရေစီ၊ စစ်မှန်နိုင်သမျှ စစ်မှန်တဲ့ ဒီမိုကရေစီ အဲဒါကို ပေးအောင်လုပ်ပါလို့ ကျနော်ပြောချင်ပါတယ်ဗျာ။ ဆက်လုပ်စရာလေး ကျနော်လုပ်ပါ့မယ်၊ လုပ်တဲ့နေရာမှာ ကျနော့်ကို ၀ိုင်းပြီးတော့ ကူကြပါ။ ကျနော့်ကို ဆုံးမကြပါ။ ကျနော့်ကို ဝေဖန်ကြပါ။ ကျနော့်ကို အကြံပေးကြပါ။ လက်တွဲနိုင်တဲ့သူတွေ တွဲကြပါလို့ ကျနော်ပြောချင်ပါတယ်။ ဒါပါပဲဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts