Uncategorized

Ashin Nanika – Planting Trees in Hayward

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles


ဟေးဝ်မြို့မှာ သစ်ပင်စိုက်ခြင်း
အရှင်ဥာဏိကာဘိဝံသ၊ သြဂုတ် ၉  ၂၀၁၃

City of Hayward: Heart of the Bay , Hayward မြိုံကောင်စီရဲ့ ကြွေးကြော်သံက ” ဟေးဝပ်မြို့ဟာ ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ရဲ့ အသည်းနှလုံးပါ” တဲ့။ 

ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ရဲ့ အလယ်တည့်တည့်လောက်မှာ တည်ရှိတဲ့မြို့ဆိုတော့ အရှေ့ အနောက် တောင်မြောက်ဝဲယာ ဘယ်ကပဲလာလာ ကူးလူးယှက်နွယ် သွားလာလို့ လွယ်ကူတဲ့နေရာမှာတည်ရှိတဲ့မြို့မို့ သူတို့ကြွေးကြော်သလို အသည်း နှလုံးဆိုတာကလည်း သဘာဝကျတယ်လို့ ဆိုနိုင်မှာပါ။


နောက်ပြီး ဟေးဝပ်မြို့ကိုလည်း Green City စိမ်းလမ်းစိုပြည်တဲ့မြိုံတစ်မြို့အဖြစ် ဖန်တီးနေတယ်လို့လည်း ကြွေးကြော်ထားပါတယ်။ မကြာမီကပဲ ပြန်လည်ပြင်ဆင် ပြီးစီးသွားတဲ့ မစ်ရှင်လမ်းမကြီး တစ်လျှောက်မှာတော့ သူတို့ပြောသလိုပါပဲ၊ လမ်းဘေးဝဲယာမှာရော၊ လမ်းလယ်ကျွန်းထဲမှာရော သစ်ပင်ပန်းပင်တွေ ဝေေ၀ဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင်စိုက်ပျိုးထားတော့ လမ်းကသန့်သန့်ရှင်းရှင်း လှလှပပ။ ပန်းရောင်စုံတွေနဲ့ မျက်စိအသာဒဖြစ်စရာပေါ့။

ကျောင်းရှေ့ရထားသံလမ်းဘေးတလျှောက်မှာလည်း လွန်ခဲ့တဲ့ ခြောက်လလောက်က Redwood သစ်ပင်တွေ တစ်သီတတန်းကြီး လာရောက်စိုက်သွားတာ။ နောင် လေးငါးဆယ်နှစ်လောက်ဆိုရင် နေပျောက်မထိုးလောက်အောင်ပဲ လမ်းမတလျှောက် အုံ့ဆိုင်းမှိုင်းရီနေမှာ။

မြိုံကောင်စီက သစ်ပင်စိုက်ပျိုးရေးနဲ့ပတ်သက်လို့ တော်တော်လေး ကြောင့်ကြစိုက်ပုံရတယ်။ မနေ့ကပဲ ကျောင်းကိုရောက်လာတဲ့ မိသားစုများက ဆရာတော် ဘာသစ်ပင်တွေစိုက်ဖို့ စိတ်ကူးထားလဲ။ တပည့်တော်တို့ မိသားစုတွေ တစ်ရက်ရက်မှာစုပေါင်းပြီး သန့်ရှင်းရေးလာလုပ်ကြမယ်။ အဲဒီအခါမှာ ဆရာတော်စိုက်ချင်တဲ့ သစ်ပင်တွေကိုလည်း တစ်ခါတည်း ၀ယ်လာပြီး စိုက်ပျိုးပေးမယ်လို့ လျှောက်ထားသွားတယ်။

ဒါကြောင့်ညက တော်တော်နောက်ကျကာမှ မြို့ကောင်စီရဲ့ ၀က်ဘဆိုက်ကိုဝင်ပြီး ကျောင်းရှေ့မှာ သစ်ပင်စိုက်မယ်။ ဘယ်လိုအမျိုးအစားသစ်ပင်ဟာ ဒီပတ်ဝန်းကျင်နဲ့ အသင့်တော်ဆုံးဖြစ်မလဲလို့ အီးမေးပို့ကာ မေးခဲ့တယ်။

အဲဒါ ဒီနေ့ပဲ မြိုံရဲ့သစ်ပင်စိုက်ပျိုးရေးဌာနက Mike ဆိုတဲ့ အဖြူဒကာတစ်ဦးရောက်လာပြီး မြေနေရာတိုင်းတာက သစ်ပင်ငါးပင်စိုက်ဖို့ လုံလောက်တယ်။ မြိုံရဲ့သစ်ပင်စိုက်ပျိုးရေးဌာနမှာ ဒီသစ်ပင်ငါးမျိုးရှိတယ်။ အဲဒီထဲက ကြိုက်ရာရွေးချယ်နိုင်တယ်။ ဒါမှမဟုတ် ဘယ်လိုအပင်အမျိုးအစား စိုက်မယ်လို့စိတ်ကူးထားတာရှိတယ်ဆိုရင်လည်းပြောပါ။ တတ်နိုင်သမျှ သူတို့ရှာကြည့်မယ်လို့ ပြောလာတယ်။

ကိုယ်ကလည်း သစ်ပင်သာစိုက်ဖို့ စိတ်ကူးထားတာ။ ဘာပင်စိုက်မယ်လို့ တိတိကျကျ ဆုံးဖြတ်ထားတာမရှိဘူး။ သို့ပေမယ့် မနက်စောစောက လမ်းလျှောက်သွားရင်း Tennyson လမ်းပေါ်မှာ တွေ့ရတဲ့ အရွက်ညိုညိုသစ်ပင်ကိုတော့ ဟိုအချိန်ချိန်တော်တော်ကြာကြာကတည်းက သဘောကျနေမိတယ်။ ဒါကြောင့် သစ်ပင်စိုက်ပျိုးရေးဌာနက Mike ကို အရွက်ညိုညိုနဲ့ ချယ်ရီလို့ အပွင့်ပွင့်တဲ့ အပင်မျိုးစိုက်ချင်တယ်လို့ ပြောပြလိုက်တယ်။ ဒီတော့ သူက အဲဒါ Flowering Plum Tree ဖြစ်မယ်ထင်တယ်။ အရွက်အရောင်က ဒီအပင်မျိုး မဟုတ်လားဆိုပြီး ခြံထဲက မြက်ခင်းအလယ်မှာစိုက်ထားတဲ့ Japanese maple ကိုညွှန်ပြပြီး မေးလို့ ဟုတ်တယ်လို့ ပြောလိုက်တယ်။ ဒီတော့ သူက ရုံးမှာရှိတဲ့ သူ့ဆရာကို အဲဒီအပင်မျိုး ရနိုင် မရနိုင် ဖုန်းနဲ့လှန်းမေးပြီး ရနိုင်ကြောင်းပြောသွားတယ်။

ဒီသီတင်းပတ်ကုန်ရက်ပိုင်းမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် နောက်သီတင်းပတ်အလည်လောက်မှာပဲဖြစ်ဖြစ်၊ သစ်ပင်စိုက်ပျိုးရေးအဖွဲ့သားတွေ အဆင်ပြေတဲ့အချိန်မှာ လာရောက်စိုက်ပျိုးပေးမယ်လို့ ပြောသွားတယ်။ သူ့ဆရာဆီကိုဖုန်းလှန်းဆက်တော့ သိပ်လှတဲ့ဥယျာဉ်ရှိတဲ့ အိမ်တစ်အိမ်ရဲ့ရှေ့ကနေဆက်နေတာ။ တကယ်သစ်ပင်ကိုစောင့်ရှောက်မယ့် လူကြီးလူကောင်းတစ်ဦးဖြစ်မယ်ထင်ပါတယ်လို့ ပြောပြီး ကိုယ်စိုက်လိုတဲ့သစ်ပင် ရနိုင်မရနိုင် လှန်းမေးတာကို ကြားရတယ်။
သူတို့မှာရှိတဲ့ သစ်ပင်အမျိုးအစားငါးမျိုးထဲက မဟုတ်ပဲ ကိုယ်စိုက်ချင်တဲ့အမျိုးအစားကိုလာရောက် စိုက်ပျိုးပေးမယ်ဆိုတာသိရလို့ ကျေနပ်မိပါတယ်။ ဒါဟာ သစ်ပင်ပန်းပင်ကိုချစ်တတ်တဲ့စိတ်ရဲ့ အကျိုးရလဒ်ကြောင့်လည်း ပါမယ်ထင်ပါတယ်။
တကယ်တော့ကိုယ်က ဘယ်လိုအမျိုးအစားသစ်ပင်စိုက်ရရင် ကောင်းမလဲဆိုတာလောက်သာ အကြံလှန်းတောင်းတာ။ ခုတော့ သူတို့က ကိုယ်တိုင်တောင် ကိုယ်လိုချင်တဲ့သစ်ပင်ကို လာရောက်စိုက်ပေးမယ်ဆိုတဲ့ အတိုင်းထက်အလွန်ပေါ့။

မြို့နဲ့ဆိုင်တဲ့ အခြားကိစ္စတွေမှာ အစိုးရဌာနတွေထုံးစံအတိုင်း အချိန်ကြာကြာစောင့်ရလေ့ရှိပေမယ့် သစ်ပင်စိုက်ပျိုးရေးကိစ္စမှာတော့ ခုလို၂၄ နာရီအတွင်းမှာကိုပဲ လူကိုယ်တိုင်လာရောက်ကာ တရေးတယူ မေးမြန်းစုံစမ်းမှုပြုလုပ်တာအတွက်လည်း အံ့သြခြင်းဖြစ်ရတယ်။ ဒီအတွက် မြို့နယ်ကောင်စီရဲ့ သစ်ပင်စိုက်ပျိုးရေးဌာနကို အထူးပဲကျေးဇူးတင်မိပါတယ်။

ကိုယ်ကတော့ Heart of the Bay ရဲ့စိမ်းလန်းစိုပြေရေး စီမံကိန်းမှာ နှလုံးသားရဲ့ သွေးကြောမြှင်ငယ်လေးတစ်ခုအနေ ပါဝင်ခွင့်ရလေတာမို့ ကြည်နူးကြေနပ်မိပါတယ်။

အရှင်ဥာဏိကာဘိဝံသ

နောက်ဆက်တွဲ ဖြည့်စာ


မနေ့ကပြောခဲ့တဲ့ သစ်ပင်စိုက်တဲ့အကြောင်းကို ဆက်ပြီးပြောချင်မိတယ်။

Hayward မြို့ရဲ့ သစ်ပင်စိုက်ပျိုးရေးဌာနက မနေ့ကပဲ သစ်ပင်စိုက်ဖို့နေရာ လာကြည့်သွားတယ်။ သစ်ပင်စိုက်ပျိုးမည့်အဖွဲ့သားတွေ အဆင်သင့်မယ်ဆိုရင် ဒီသီတင်းပတ်ကုန်မှာ။ တကယ်လို့ သူတို့တွေ မအားလပ်ရင် နောက်သီတင်းပတ်အလယ်လောက်မှာ လာရောက်စိုက်မယ် ပြောသွားတာ။

အဲဒါ ဒီနေ့မနက် ဂ နာရီလောက်မှာပဲ လာရောက်စိုက်ပျိုးသွားတယ်။ သစ်ပင်စိုက်ပျိုးရေး၊ မြို့တခွင် စိမ်းလန်းစိုပြေရေးမှာ မြို့ကဘယ်လောက်အလေးထားကြောင်း သိသာတဲ့အချက်ပါပဲ။

တနင်္လာညမှာ ဘယ်သစ်ပင်စိုက်ရမလဲလို့ စုံစမ်းလိုလို့ အီးမေးပို့လိုက်တယ်။ အင်္ဂါနေ့မှာ နေရာအနေအထား လာရောက်ကြည့်တယ်။ ဗုဒ္ဓဟူးနေ့မှာ လာရောက်စိုက်ပျိုးသွားတယ်။ မြန်ဆန်မှုက အံ့သြဖွယ်။ ဘယ်လိုမှ မျှော်လင့်မထားခဲ့တဲ့ အချိန်ပိုင်းအတွင်းလေး။ ကျေးဇူးပါ။

ကိုယ်ကဖြင့် ဒီနေရာလေးမှာ သစ်ပင်စိုက်ပျိုးဖို့ စိတ်ကူးနေခဲ့တာပင် တစ်နှစ်ပင်မက ကြာခဲ့ပြီ။ သို့ပေမယ့် တကယ့်လက်တွေ့စိုက်ပျိုးတဲ့အထိ မဖြစ်မြောက်ခဲ့ဘူး။ ခုတော့ သစ်ပင်စိုက်ပျိုးလိုတဲ့ဆန္ဒပြည့်ဝသွားပြီ။ သို့ပေမယ့် ဒါကကိုယ့်ဆန္ဒရဲ့ အစမျှသာရှိသေးတာ။

သူတို့စိုက်ပျိုးသွားတဲ့ သစ်ပင်တွေ ဆက်လက်ရှင်သန်စေဖို့ အချိန်မှန်မှန် ရေလောင်းပေးဖို့ကတော့ ကိုယ့်တာဝန်ပေါ့။ စိုက်ပျိုးသူတွေက ဘယ်လောက်ပဲ စနစ်တကျ စိုက်ပျိုးသွားသွား။ ဆက်လက်ပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့်သူက စနစ်တကျ မထိန်းသိမ်း မစောင့်ရှောက်ဖူးဆိုလျင် သစ်ပင်က သန်မာမှု နည်းလျင်လည်း နည်းမယ်။ ဒါမှမဟုတ် သေသွားကောင်းလည်း သေသွားနိုင်မယ်ပေါ့။ ဒါကြောင့် ပထမ အပင်ပေါက်အောင် ပျိုးထောင်ဖို့နဲ့ စိုက်ပျိုးဖို့ လိုသလို ဆက်လက်ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုအပ်သပေါ့။

လာရောက်စိုက်ပျိုးပေးတဲ့သူတွေကို ရေဘယ်လောက်အတိုင်းအတာထိလောင်းဖို့ လိုအပ်သလဲလို့မေးကြည့်တော့ သိပ်များများလောင်းဖို့ မလိုဘူးလို့ ပြောသွားတယ်။ အမြစ်မစွဲမီမှာတော့ နည်းနည်းပိုလို့ ဂရုစိုက်ဖို့လိုပါမယ်။ အဲဒီနောက်မှာတော့ ရေကမလိုအပ်သလောက်ပါပဲတဲ့။ ဒီလိုဆိုတော့လည်း ဒီသစ်ပင်မျိုးက ထိန်းသိမ်းစောင့်ရှောက်ရတာ လွယ်ကူပေသား။

သစ်ပင်စိုက်ပျိုးခဲ့တဲ့အတွေ့အကြုံအရ အချို့သစ်ပင်တွေက ရေများများလိုအပ်သလို အချို့သစ်ပင်တွေကြပြန်တော့ ရေများလျင်လည်း အပင်မသန်တတ်၊ သေတတ်တာလည်း ရှိတယ်လေ။ အထူးသဖြင့် ရာသီပေါ်ပန်းပင်တွေ၊ စားပင်တွေက ရေအမှား မခံနိုင်ဘူး။ ရေများလို့သေတတ်တာတွေ့ရသလို ရေနည်းလို့သေတတ်တာကိုလည်း တွေ့ဖူးခဲ့ပြီ။

စောင့်ရှောက်နေတဲ့ကြားက ကိုယ့်ရဲ့မကျွမ်းကျင်၊ နားမလည်မှုကြောင့် အပင်အချို့ သေသွားနိုင်တာမျိုး။ ဒါကြောင့် အရာအရာမှာ စေတနာနဲ့ ၀ီရိယရှိရုံမျှနဲ့ မလုံလောက်နိုင်တာကိုလည်း သတိပြုရမယ်။

လူသားတစ်ဦးရဲ့ ဘ၀တစ်ခု ရှင်သန်ကြီးထွားခြင်းမှာလည်း သစ်ပင်တစ်ပင်ရဲ့ ကြီးထွားခြင်းနဲ့ တော်တော်တူတာပဲဆိုတဲ့ အတွေးက စိတ်ထဲကို ရုတ်တရက်ဝင်ရောက်လာတယ်။ ဘယ်လိုဘယ်လိုတွေ တူလေသလဲဆိုတာကိုတော့ အချိန်လည်းရမယ်၊ စိတ်လိုလက်ရရှိလို့ စာရေးချင်စိတ်လည်းဖြစ်တယ်ဆိုလျင်ဖြင့် ရေးဖြစ်ဦးမယ်ထင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts