Overseas Burmese

Ashin Nanika – Mudita Notes

ကြည်နူးမှု မှတ်တမ်း
အရှင်ဉာဏိကာဘိဝံသ၊ သြဂုတ် ၂၀၊ ၂၀၁၃
ဒီနေ့ (သြဂုတ်လ ၁၈ ရက်၊ တနင်္ဂနွေနေ့) ဟာ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မြိုံတော်၊ စက်ကရာမင်တို(Sacramento) အနီးနေ မြန်မာနွယ်ဖွား မိသားစုများအတွက် ဝမ်းမြောက်ဖွယ်နေ့ တစ်နေ့ပေါ့။ အနှစ်နှစ်အလလ မျှော်မှန်းးတမ်းတခဲ့ကြတဲ့ ဆန္ဒတစ်ခု ပြည့်ဝခဲ့ကြတဲ့နေ့။
မြို့တော်နဲ့ မြိုံတော်ပတ်ဝန်းကျင်တ၀ိုက်က မြိုံအသီးသီးမှာ မြန်မာနွယ်ဖွားတွေ သိသိသာသာတိုးပွား လာခဲ့တာ နှစ်အတန်ကြာနေခဲ့ပြီ။ သူတို့တွေကနေ ပေါက်ဖွားလာတဲ့ မျိုးဆက်သစ်တွေလည်း မနည်း လှတော့။ ဒီအထဲက အချို့ဆိုလျင် အရွယ်တောင်ရောက်နေကြပြီ။
ဒီမီသားစုတွေနဲ့ သက်ဆိုင်တဲ့ သာရေးနာရေးကိစ္စတစ်ခုခုကြုံလို့ ဆရာတော်သံဃာတော်များပင့်ဖိတ်လို တယ်ဆိုရင် အနီးဆုံး ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကနေ ပင့်ဖိတ် ကြရတာ။ ဒီခရီးက အနည်းဆုံး ကားမောင်းရင် ၂ နာရီကျော်ကျော်ခရီး။ ဒါတောင် ကားကြပ်လမ်းပိတ် စတဲ့ အဆင်မပြေမှု တစ်ခုခုနဲ့ မကြုံပါမှ။ လမ်းပိတ်ကားကြပ်ဖြစ်ခဲ့လျင် အချိန်က ဘယ်လိုမှ ခန့်မှန်းလို့ မရတဲ့အနေအထား။
ဒီလောက်အဝေးကနေ ပင့်ဖိတ်ရပေမယ့်လည်း သာရေးနာရေးကိစ္စများနဲ့ ကြုံလာရင်တော့လည်း ဒီလိုပဲ ပင့်ဖိတ်ကြရတာပါပဲ၊ မြန်မာနွယ်ဖွား အများစုကလဲ ဗုဒ္ဓဘာသာများက အများစုမို့ မိသားစုနဲ့ စပ်ဆိုင်တဲ့ ဘယ်လိုပွဲကိုပဲလုပ်လုပ် ဘုန်းတော်ကြီးများကို ပင့်ဖိတ်ကာ ဆွမ်းကပ်တရားနာ လုပ်လေ့ရှိတာကလည်း အစဉ်အလာပဲ မဟုတ်လား။
စက်ကရာမင်တိုနဲ့ မြို့တော်ပတ်ဝန်းကျင်က မြိုံများကို မကြာမကြာကြွဖြစ်ခဲ့တယ်။ ကြွရောက်ဖြစ်တိုင်း လည်းသူတို့အနီးဝန်းကျင်မှာ မြန်မာဘုန်းတော်ကြီးတစ်ကျောင်းရှိရင်ဖြင့် ကောင်းမှာပဲလို့ တောင့် တောင့်တတ လျှောက်ထားတတ်ကြတယ်။ ကိုယ်လို ဘာမှ မဟုတ်တဲ့ တည်ထောင်ခါစ ကျောင်းနေ မကြီးမငယ်အရွယ် ရဟန်ုးတော်တစ်ပါးတောင် ခုလိုမကြာခဏ ကြွဖြစ်ခဲ့တယ်ဆိုရင် ထေရ်ကြီးဝါကြီး တွေသီတင်းသုံးတဲ့ ကျောင်းကြီးကန်ကြီးများက ဆရာတော်တွေဆိုလျင် ဒီဝန်းကျင်ကို အကြိမ်များစွာ ကြွဖြစ်ခဲ့ကြမှာ မလွဲပါဘူး။

          ဆရာတော်များလည်းး ကိုယ့်လိုပဲ ဒီဝန်းကျင်က ဒကာများရဲ့ အာသာဆန္ဒကို သိကြမှာပါပဲ။ ဒါကြောင့် ဒီပတ်ဝန်းကျင်မှာ မြန်မာဘုန်းတော်တော်ကြီးကျောင်းတစ်ကျောင်းဖြစ်ဖို့ ဆရာဒကာတွေ အကြိမ်ကြိမ် ကြိုးစားခဲ့ကြတယ်ဆိုတာကိုလည်း အလျင်ကတည်းက ဒကာတွေလျှောက်ထားလို့ ကြားမိခဲ့ဘူးပါ တယ်။ သို့ပေမယ့် အကြောင်းကြောင်းကြောင့် ကျောင်းတစ်ကျောင်း ဖြစ်မြောက်အောင်မြင်သည်အထိ တော့ မရောက်နိုင်ခဲ့ကြပါဘူး။
ကိုယ်လည်းတတ်နိုင်လျင်တော့ သူတို့ဆန္ဒ ၀ိုင်းဝန်းကူညီပေးမယ်လို့ စိတ်ထဲမှာ အကြိမ်ကြိမ် စဉ်းစား မိခဲ့ဖူးတယ်။ သို့ပေမယ့် အကြောင်းအပေါင်း မသင့်လေတော့ မကူညီနိုင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ကျောင်းသစ်တစ်ကျောင်းကိုယ်တိုင်ဦးစီးတည်ထောင်မယ်ဆိုတော့ ဒီဝန်းကျင်က ရင်းနှီးတဲ့ဒကာများက သူတို့ဖက်ကိုရွေးချယ်ဖို့ လျှောက်ထားခဲ့ကြတယ်။ ဒေသစွဲ နေရာစွဲကြောင့်လေလားတော့ မသိ။ ကိုယ် ကလည်း ကိုယ်ကျင်လည်ရာနေရာကနေ နည်းနည်းဝေးတဲ့အရပ်ကိုသွားဖို့ အားမသန်ခဲ့လှဘူး။ ဒါကြောင့် ဝေ့လည်ဝေ့လည် လက်ရှိနေရာလေးကိုပဲ ရွေးချယ်ဖြစ်တယ်။ ကိုယ်ကိုယ်တိုင် သူတို့နေရာ မရွေးချယ်နိုင်ခဲ့သည့်တိုင် လိုအပ်နေတဲ့နေရာမှာ လိုအပ်ချက်ကိုဖြည့်ဆည်းဖို့သင့်တယ်ဆိုတာကိုတော့ တွေးမိလေသား။
တကယ်တော့ ကျောင်းသစ်တစ်ကျောင်းတည်ထောင်ရတယ်ဆိုတာ လွယ်ကူတဲ့ အရာတစ်ခုတော့ လည်း မဟုတ်ပါဘူး။ ဦးဆောင်သူဆရာရှိသော်ငြား ပံ့ပိုးသူဒကာက ရှိပါမှ။ ပံ့ပိုးသူဒကာရှိသော်ငြား သီတင်းသုးံနေထိုင်မည့် ဆရာတော်ကလည်းရှိပါမှ။ ဆရာဒကာ စုံညီညာသည့်တိုင် တကယ့်ကိုပဲ သည်းခံဇွဲသန်သန်နဲ့ အစစအရာရာ အနစ်နာခံ အချိန်ပေးကာ လုပ်ကြပါမှ အောင်မြင်နိုင်တာမျိုး မဟုတ်လား။
ဒီနေ့တော့ ဦးဆောင်သူတွေရော ပံ့ပိုးသူတွေရော တက်တက်ကြွကြွလုပ်ဆောင်မှုရဲ့ အသီးအပွင့်အဖြစ် ကျောင်းသစ်တစ်ကျောင်းကိုတော့ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြပါပြီ။ ကျောင်းထိုင်သီတင်းသုံးမည့် ဆရာတော်ကလည်း ပရိယတ္တိ ပဋိပတ္တိအတွေ့အကြုံ ကြွယ်ဝပြည့်စုံတဲ့ဆရာတော်၊ ဒကာများကလည်း အနှစ်နှစ်အလလကတည်းက မျှော်မှန်းတမ်းတခဲ့ကြတဲ့ဆန္ဒ ပြည့်ဝလာခဲ့ပြီမို့ ထက်ထက်သန်သန် အား မာန်အပြည့်။
ကျောင်းဖွင့်ပွဲကြွရောက်ချီးမြှင့်တဲ့ ဓမ္မာနန္ဒကျောင်းမှ ဆရာတော်ဦးသြဓကတော့ ကိုယ်တိုင်အတွေ့ အကြုံတွေကို အခြေခံပြီး “ကျောင်းသစ် ဦးစီးတည်ထောင်ကြတဲ့ဆရာဒကာများအတွက် ပြည်ပသာသနာပြု ရဟန်းတော်တစ်ပါးဆိုတာ ဘာသာစကားလေးကျွမ်းကျင်ရုံ၊ စာပေကျမ်းဂန်တတ်မြောက် ရုံမျှနဲ့ မလုံ လောက်ကြောင်း၊ အိမ်သာကနေ ပလ္လင်အထိ အစစအရာရာ ကိုယ်တိုင်ပါဝင်ကြရတာမို့ ဆွမ်းချက်ဟင်း ချက်ကအစ ကျောင်းပြင်ကျောင်းဆောက်အထိပါ တီးမိခေါက်မိအောင် တတ် မြောက်ကြဖို့လိုကြောင်းနဲ့ ဒကာများကလည်း နေရာဒေသနဲ့အညီ ပြဌာန်းထားတဲ့ ဒေသန္တရ စည်းကမ်း များကိုပါ နားလည်အောင် လေ့လာထားဖို့လိုကြောင်း” စတာတွေကို ဗဟုသုတဖြစ်ဖွယ်တွေ ဟော ပြောသွားတယ်။
ကျောင်းထိုင်ဆရာတော်ကတော့ မြန်မာပြည်နဲ့ အင်္ဂလန်မှာ သူဆောင်ရွက်ခဲ့တဲ့လုပ်ငန်းများက ရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ တွေ့ရမယ့်အတွေ့အကြုံသစ်များကိုပေါင်းစပ်လို့ လူကြီးလူငယ် အရွယ်အားလျော်စွာ တရားသင်တန်းတွေ၊ ယဉ်ကျေးလိမ္မာနဲ့ မြန်မာစာသင်တန်းတွေကိုပို့ချသွားမယ်လို့ မိန့်ကြားသွားတယ်။ ဒီအရာတွေက ဒီနေရာဒီဒေသမှာ နေထိုင်နေကြရတဲ့ မြန်မာနွယ်ဖွားတွေအတွက် လိုအပ်ချက်တွေပဲ လေ။ ဘ၀တိုးတက်ရေးအတွက် တစ်နယ်တကျေးပြောင်းရွှေ့အခြေချနေကြရပေမယ့် ကိုယ့်ဓလေ့ကိုယ့် ဘာသာ ယဉ်ကျေးသိမ့်မွေ့တဲ့ ကိုယ့်အမေ့ခြေရာလေးတွေကိုတော့ လှပစွာသာ ထာဝစဉ်ရှင်သန်လို့ ထင်ကျန်နေရစ်စေချင်ကြတာ မြန်မာတို့ရဲ့ ဆန္ဒမွန်ပဲ မဟုတ်ပါလား။
ကျောင်းထိုင်ဆရာတော်နဲ့ ပရိတ်သတ်ကိုမိတ်ဆက်စကားပြောကြားပေးပြီး ၀မ်းမြောက်စကားကိုပါပြော သွားတဲ့ ဒကာကြီး ဒေါက်တာဦးတင်အောင်ကတော့ ၀မ်းသာမှုကို ပြောကြားဖို့ စကားလုံးတောင် မရှိပါဘူးတဲ့။ တစ်ရာကျော်ကျော်ပရိတ်သတ်တွေရဲ့ ကြည်နူးမှုက မျက်နှာမှာအရောင်များ ထင်ဟပ်လို့။ ဦးဆောင်မည့် သူဆရာနဲ့ ဒကာတွေအကြား ပေါင်းကူးတံတားလေးတစ်ခုပမာ ဆက်သွယ်ပေးခွင့်ရခဲ့တဲ့ ကိုယ့်ကုသိုလ်အတွက် ကိုယ်တိုင်ကြည်နူးမိပါတယ်။ လိုနေတဲ့နေရာကို ဖြည့်ဆည်းရာမှာ သဲတစ် ပွင့်လေးမျှ ကိုယ့်ပါဝင်မှုဟာ နောင်တချိန်မှာ ကျောက်တောင်ကြီးပမာ ဖြစ်မလာနိုင်ဘူးရယ်လို့ ဘယ် သူပြောနိုင်မှာလဲ။
“သာသနာ့ဂုဏ်ရည်ကျောင်း”တည်ရှိရာ နေရာလေးက ယာယီကျောင်းနေရာလေးမျှသာ။ ခုလိုအခြေ တည်စ ယာယီကျောင်းနေရာကနေ ပိုမိုကျယ်ပြန့်စွာ အလုပ်လုပ်နိုင်မယ့် ကိုယ်ပိုင်ထာဝရကျောင်း တစ်ကျောင်းဖြစ်လာအောင် အမြန်ကြိုးစားကြမယ်တဲ့။
ဒီဆရာ ဒီဒကာတွေရဲ့ စိတ်ဆန္ဒဝီရိယနဲ့ ပညာအားက ဒါဟာ မကြာမီမှာပဲ အကောင်အထည်ပေါ်လာနိုင် မယ့် အရာဖြစ်တယ်လို့ ယုံကြည်မိပါတယ်။
သာသနာ့ဂုဏ်ရည်ကျောင်းဆရာတော်နဲ့ဒကာဒကာများအားလုံး အမျိုး ဘာသာ သာသနာအရေး စိတ် အေးချမ်းသာစွာ ဆထက်တိုးလို့ ကြိုးစားအားထုတ်နိုင်ကြပါစေကြောင်းကိုလည်း ထပ်လောင်းလို့ ဆု တောင်းမေတ္တာပို့သပါတယ်။ ။
အရှင်ဥာဏိကာဘိဝံသ
မုဒိတာရွှေကျောင်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts