သဲရေကျဖြစ်သွားသည်ဟုဆိုသော ပန်းတနော်ကျေးလက်စာကြည့်တိုက် ဆောက်လုပ်ရေး ရန်ပုံငွေ
ဟန်သစ်နိုင်
သြဂုတ် ၂၁၊ ၂၀၁၃
စာကြည့်တိုက် ရန်ပုံငွေ ပျောက်ဆုံးမှု နောက်ဆက်တွဲ အခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးနေကြသော ဒေသခံများ (ဓာတ်ပုံ – ဟန်သစ်နိုင်)
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် သရက်ငူကျေးရွာအုပ်စု စာကြည့်တိုက်ဆောက်လုပ်ရေးရန်ပုံငွေ ၃၅ သိန်းကို အုပ်ချုပ်ရေးမှူးဟောင်းက အလွှဲသုံးစား ပြုလုပ်လိုက်ကြောင်း ဒေသခံတို့က ယူဆနေကြသည်။
ရန်ပုံငွေကို ယုဇနကုမ္ပဏီက ၂၀၀၆ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အုပ်ချုပ်ရေးမှူးတာဝန်ယူထားသူ ဦးလှမင်းက လက်ခံသိမ်းဆည်းထားကြောင်း၊ ရန်ပုံငွေ တိုးပွားစေရန် ငွေတိုးချခဲ့ကြောင်း ရွာသားတို့က ပြောသည်။
သို့သော်လည်း မကြာသေးခင်က အုပ်ချုပ်ရေးမှူး အပြောင်းအလဲ ပြုလုပ်ရာ ဦးလှမင်းက ထိုငွေများ မရှိတော့ကြောင်း ရွာသားတို့ကို ပြောပြခဲ့သည်ဟု ဆိုသည်။
“၃၅ သိန်း မရှိတော့ဘူး။ ရုံးအတွက် သုံးလိုက်ပြီလို့ ပြောတယ်။ အခုလို ဒီမိုကရေစီခေတ်ကြီးမှာ အခုထက်ထိ ဒါ မတရား အနိုင်ကျင့်နေတာ။ ယုဇနကုမ္ပဏီက ဘေးရွာ ၃ ရွာကိုလည်း လှူဒါန်းခဲ့တယ်။ အဲဒီရွာတွေ အခု (စာကြည့်တိုက်) ဆောက်လုပ်ပြီးကုန်ပြီ။ ကျွန်တော်တို့ရွာမှာက ဒီလို အလုပ်ခံရတယ်”
ဟု ထိုရွာမှ ကိုဆန်းညွန့်ဦးက ပြောသည်။
ထိုဖြစ်ရပ်အကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားသော်လည်း ထူးခြားမှု မရှိသေးဟု ဆိုသည်။
ဒေသခံတို့က စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် အုပ်ချုပ်ရေးမှူးသစ်နှင့် တိုင်ပင်လျက်ရှိသည်။
ငွေ ၃၅ သိန်းကို ကိုယ်ကျိုးသုံးစွဲခဲ့သည်ဟု စွပ်စွဲခံထားရသော ဦးလှမင်းကို မေးမြန်းရန် ဆက်သွယ်၍ မရသေးပေ။
ရွာပေါင်း ၉ ရွာ၊ အိမ်ခြေပေါင်း ထောင်နှင့်ချီရှိသော သရက်ငူအုပ်စုတွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြကြောင်း သိရသည်။