မင်းညွှန့်လှိုင်

Min Nyunt Hlaing – Poem

ဒဂုန်တာရာ (သို့မဟုတ်) ပန်းနုရောင်အိုကြယ်
မင်းညွှန့်လှိုင်
သြဂုတ် ၂၂၊ ၂၀၁၃

ပန်းချီ – အောင်ထက်
တကယ်တော့ကြယ်ဆိုတာဟာ ကောင်းကင်ဖွားပေပဲ
ဒီမြေပေါ်မှာ ဒီလူထုရဲ့ ဒုက္ခနဲ့ သူ့အသည်းကွဲဖို့
ဒီမြေပေါ်မှာ ဒီအမှောင်တွေကို သူ့မှော်အလင်းနဲ့ လောင်စားပစ်ဖို့
ရာစုနှစ်တစ်ခုနီးပါး လူသားအဖြစ်ဝင်စားခဲ့လေတာ
ဧရာဝတီ ဗော်လဂါ ယန်စီ ယမုန်နာ
ကျေးလက် မြို့ ပြတက္ကသိုလ် နရသိန် နိုင်ငံတကာလှည့်လည်ကာ
နေရောင် လရောင် ရွှေရောင် မြရောင် ပပကြိုးကြွတွေ
ဝေါ့ဒစ္စနေအပြာ ဂိုဂင်အနီ ရိုးမအစိမ်းနဲ့ ရွှေအိုရောင်တွေ
ပန်းစကြာမှန်ပြောင်းလှည့်သလို ဖျတ်ခနဲဖျတ်ခနဲဇာတ်ဝင်ခန်းတွေ
မမောမပန်း ရမ္မက်ကြိးစွာ အာသာငမ်းငမ်း အငမ်းမရ
စာလုံး ဆေးစက် နဲ့ စန္ဒယားခလုတ်တွေကို အလှပဆုံးကြွေအန်ကစားခဲ့
မိုးအောာက်မြေပြင်မှာ ချိုးဖြူကူသံဝေစေချင် ကြာပန်းရေစင်လန်းစေချင်
မှိုင်းရဲ့ခြေရာ ထပ်ချပ်မကွာ မီးစာကုန်ဆီခမ်းတဲ့အထိ
အတောက်ပဆုံး အမြင့်မားဆုံး ထိန်ထိန်ညီးညီး လောင်ကျွမ်းခဲ့
အခုတော့ မီးခိုးငွေ့အဖြစ်နဲ့ မိုးကောင်းကင်ထံပြန်အပ်နှံရပြီ
သူ့အလှပညာနဲ့ သူ့အချစ်တရားဟာ မီးခိုးငွေ့လိုပျောက်ပြယ်မသွား

ဒီမြေကို ရင်ဝယ်သားလို စောင့်ရှောက်သွားမှာပဲ ယုံတယ် ။                ။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts