SaLai Shwe Lin သောင်းပြောင်းထွေလာ ဖြစ်ရပ်များ၊ အမှတ်တရများ

Salai Shwe Lin – Chan May Sayadaw and Chin Nationals

ကလေးမြို့နယ်၊ ခရစ်ယာန်ဘာသာဝင် သွေးချင်းများ (ချမ်းမြေ့ဆရာတော်တရားပွဲနှင့် ဦးမန်ကျင့်ထန်)
ဆလိုင်းရွှေလင်း၊ သြဂုတ် ၃၁၊ ၂၀၁၃
          စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်သည် စည်ကားထင်ရှားသော မြို့နယ်တစ်ခုဖြစ်သည်။ ချင်းပြည်နယ်မြောက်ပိုင်း၏ တောင်ခြေတွင်တည်ရှိပြီး၊ ချင်းမျိုးနွယ်စုများစွာ အခြေချနေထိုင်ရာ ဒေသလည်းဖြစ်သည်။ ကလေးမြို့အပါအဝင် စစ်ကိုင်းတိုင်း၌ ချင်းလူဦးရေ ၁-သိန်းကျော်၏်။ စစ်ကိုင်းတိုင်းဒေသကြီး၌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးလည်း ရှိသည်။
          တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တွန်းဇံ အစရှိသော ချင်းပြည်နယ်မြောက်ပိုင်းရှိ မျိုးနွယ်စုများစွာသည် ကလေးမြို့နယ်၌ နေထိုင်ကြရာ မြို့လူဦးရေ၏ထက်ဝက်သည် ချင်းလူမျိုးများဖြစ်သည် ဟုသိရသည်။ ထိုချင်းများစွာသည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြရာ၊ အသင်းတော်မျိုးစုံ၊ Church ကျောင်းမျိုးစုံရှိသည်။ တမူးမြို့နယ်သည် အိန္ဒိယနယ်စပ်၌ တည်ရှိပြီး၊ မြို့နယ်၏ လူဦးရေထက်ဝက်ကျော်သည်လည်း ချင်းမျိုးနွယ်များဖြစ်သည်။ တွန်းဇံဖက်နယ်စပ်ထွက်ပေါက်ကြောင့် လည်းကောင်း၊ တမူးဖက်နယ်စပ်ကုန်သွယ်မှုကြောင့်လည်းကောင်း၊ မုံရွာ မန္တလေး စစ်ကိုင်း နှင့်နီးခြင်းကြောင့်လည်းကောင်း၊ ကလေးမြို့နယ်သည် လမ်းဆုံသဖွယ်စည်ကား နေခြင်းဖြစ်သည်။
          ကလေးမြို့နယ်ရှိ ခရစ်ယာန်ဘာသာဝင်များက ၁၉၈၂ ခုနှစ်တွင် ဗုဒ္ဓ၏တရားတော်ကို နာကြားလိုကြောင်း လျှောက်ထား၍ ဓမ္မသဘင်ကြီးကို ၃-ရက်တိုင်တိုင် အထူးစည်ကားသိုက်မြိုက်စွာ အေးအေးချမ်းချမ်း ကျင်းပခဲ့ရာ၊ မြန်မာ့သမိုင်းတွင် မှတ်တမ်း တင်ထိုက်သော ဖြစ်ရပ်ကြီးပင်တည်း။
          ကလေးနယ်၊ ခရစ်ယာန် အသင်းတော်များကောင်စီဥက္ကဌ သိက္ခာရဆရာ ဦးမန့်ကျင့်ထန်က ၉ ၊ ၃ ၊၈၂ နေ့စွဲဖြင့် ရန်ကုန်မြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ ချမ်းမြေ့ရိပ်သာဆရာတော် အရှင်ဇနကာဘိဝံသထံသို့ ပင့်လျှောက်စာတစ်စောင် ပေးပို့ခဲ့၏။ ထိုစာတွင် ကလေးမြို့၊ ဘုရားဒါယကာကြီး ဦးဘိုးဥာဏ်နှင့် ပတ်သတ်၍ အရှင်ဘုရား၏ တရားတော်ကို နာရန်၊ ကလေးနယ် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ စိတ်အားထက်သန်သည် ဖြစ်၍ နိဗ္ဗာန် ရောက်ကြောင်း တရားတော်ကို ဟောကြားပေးပါရန် လျှောက်ထားအပ်ပါသည် ဟူ၍ဖော်ပြပါရှိသည်။
          တရားဆွေးနွေးရန် မဟုတ်ဘဲ တရားနာရန် သက်သက်သာဖြစ်ပြီး၊ လျှောက်သားသော ဂိုဏ်းများမှာ (၁) နှစ်ခြင်းခရစ်ယာန်ဂိုဏ်း B.B.C (၂) ဗရင်ဂျီဂိုဏ်း RCB (၃) မက်သဒစ်ဂိုဏ်း (၄) ပရက်ဗီတေးဒီးယန်း (၅) ကယ်တင်ခြင်းတပ် (၆) ဧဝံဂေလိ ခရစ်ယာန် များအဖွဲ့တို့ဖြစ်ပြီး ဓမ္မအကျိုးဆောင် ဒေါ်ရင်ရင်ထံမှတဆင့်၊ ထိုစာကို လက်ခံရရှိသော ချမ်းမြေ့ဆရာတော်က ၂၃၊၄၊၈၂ နေ့စွဲဖြင့် ပင့်ဖိတ်မှုကို ဝမ်းမြောက်စွာ လက်ခံကြောင်း အကြောင်းပြန်ခဲ့ပေသည်။
          ၁၉၊၄၊၈၂ နေ့တွင် တရားပွဲအတွက် ဂေါပကဖွဲ့စည်းရေး အစည်းအဝေးကို ကျင်းပရာ မြို့နယ်ပြည်သူကောင်စီမှ ဦးကျော်ဖေ၊ ဦးခင်မောင်ရီ၊ ဦးထွန်းအောင် တို့အပါအဝင် ၅၃ဦးထက်ရောက်ခဲ့သည်။ ၂၁၊၄၊၈၂နေ့တွင် တရားပွဲဖြစ်မြောက်ရေး ညှို့နှိုင်းအစည်းအဝေးကို ကျင်းပ၍ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ရာ အောက်ပါအချက်မှာ အထူးမှတ်သားဖွယ်ဖြစ်သည်။
          (ဘာသာအယူသည်းမှုများ၊ ဘာသာရေး အတွေးအခေါ် ကျဉ်းမြောင်းမှုများကို ပယ်ဖျက်နိုင်ရန် အလို့ဌာ ဘာသာဝင်များအချင်းချင်း တူညီသော အယူအဆများကို ဦးစားပေးဖော်ထုတ်ရန်၊ အချင်းချင်း စည်းလုံးညီညွှတ်စွာ လက်တွဲနိုင်မှုကို အခြေခံလျက် တရားနာယူမှု ပြုကြရန်။)
          တရားပွဲတွင် ဆရာတော်၏ ဟောပြောချက်နှင့် ခရစ်ယာန်ဘာသာခေါင်းဆောင်များ၏ ဟောပြောချက်၊ ဆုတောင်းချက်များကို စာအုပ်ထုတ်ခဲ့၏။ သိက္ခာရများဖြစ်သော ဦးမန်ကျင့်ထန်၊ ဦးပေါင်ခန့်အင်၊ ဦးဝူလ်ကျူတ်အာ၊ ဦးအွုန်ခန့်ပေါင်၊ ဘုန်းတော်ကြီး ကနူ ဦးလွန်းမောင်၊ ဒေါက်တာ ပေါင်ဇနန်၊ ဆရာမ ဒေါ်ညန်းခေါကျင်တို့က စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေရန် သဘောတူကြောင်း ၅၊၉၊၈၂ နေ့စွဲပါစာဖြင့် လက်မှတ်ရေးထိုး အကြောင်းပြန်ခဲ့၏။
          တရားပွဲကို ၁၉၈၂ခုနှစ်၊ မေလ၃၊၄၊၅ ထို ၃-ရက်တွင် ကလေးမြို့၊ ရွှေဘုံသာ ဓမ္မရုံကြီးတွင် ခရစ်ယာန်ဘာသာဝင်များကို ပဓါနထား၍ ဟောပြောခဲ့၏။ စိတ်ဝင်တစား လာရောက်နာယူသူများပြားလှကြောင်း၊ တစ်နေ့ထက်တစ်နေ့တရားနာပရိသတ်များ များပြားလွန်းသဖြင့် ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းဝင်းများနှင့် သစ်ပင်ရိပ်များ၌ပါ ခိုလှုံ၍ တရားနာယူကြရကြောင်း ကလေးမြို့၊ မြို့နယ်သာသနာရေးဦးစီးဌာနမှူး ဦးအောင်ဆွေက တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကိုယ်စား မှတ်တမ်းတင်ထားသည်။
          နေ့အခါ ဟောသောတရားများကို တရားပွဲပြီးချိန်ကစ၍ အသံကူးဌာနများတွင်ကူးယူကြရာ လက်မလည်နိုင်အောင် ဖြစ်ရသည်။
          ဆရာတော်က ဤတရားပွဲ၏ ထူးခြားမှုနှင့်ပတ်သတ်၍ အောက်ပါအတိုင်း ထည့်သွင်း ဟောကြားခဲ့ပါသည်။
          (ရှေးအခါက ဘုန်းကြီးတို့ မမွေးဖွားမီ အခါတုန်းက၊ မြန်မာပြည်၊ ပြည်ခရိုင်မှာရှိတဲ့ ကျောက်ကွင်းဆိုတဲ့ရွာမှာ ခရစ်ယာန်အယူအဆနဲ့ ဗုဒ္ဓဘာသာ အယူအဆ နှီးနှောတဲ့ ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့ ပွဲဟာကတော့ သူ့ခေတ်သူ့အခါအလျောက် ဘာသာတစ်ခုနဲ့တစ်ခု မိမိဘာသာကဘယ်လိုကောင်းတယ်၊ သူတစ်ပါးဘာသာက ဘယ်လိုချွတ်ယွင်းတယ်၊ မှားတယ်လို့ ယှဉ်ပြီးတော့ ဖော်ပြတဲ့ ဘာသာပြိုင်ပွဲ ဖြစ်နေပါတယ်။ အဲ့ဒီလို ပွဲမျိုးကတော့ ဒီခေတ်မှာ မလိုလားအပ်ဘူးလို့ ဘုန်းကြီးက ယူဆပါတယ်။
          အခု ဒီပွဲကတော့ ဘာသာတစ်ခုရဲ့သဘောတရားကို တခြားဘာသာတစ်ခုမှာ ရှိတဲ့ ဘာသာဝင်များက အမြင်ကျယ်ကျယ်နဲ့ တရားမှန်သမျှဟာ လေ့လာသင့်၊ လိုက်စားသင့်၊ နာယူမှတ်သားသင့်တယ်ဆိုတဲ့ အမြင်ကျယ်တဲ့ သဘောထားနဲ့ လေ့လာဖို့ရာပင့်ဖိတ်ပြီးတော့ နာကြားတဲ့တရားပွဲဖြစ်လို့မို့ ——- စောစောက ဘုန်းကြီးတို့ သွေးရင်းသားရင်းဖြစ်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး ဦးဝူလ်ကျူတ်အာ ပြောသွားသလို ထူးမြတ်ဆန်းပြားတဲ့ တရားပွဲလဲ ဟုတ်ပါတယ်။ အင်မတန် လိုလားအပ် နှစ်သက်အပ်တဲ့ တရားပွဲလဲ ဟုတ်ပါတယ်။)
          ၃ ရက်တိုင်တိုင် ဟောကြားခဲ့သော တရားတော်ကို ( ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော် ) အမည်ဖြင့် အမေးအဖြေများကိုပါ ထည့်သွင်းလျက် ၁၉၈၃-၌ ပထမအကြိမ် ထုတ်ဝေခဲ့၏။ ၁၉၉၉ စက်တင်ဘာလတွင် သတ္တမအကြိမ်ထိ အကြိမ်ကြိမ် ထုတ်ဝေခဲ့ရသည်။
          စာရေးသူ မှတ်သားရသလောက် ကျောက်တွင်းအရေးတော်ပုံတွင် ဆွေးနွေးခဲ့သူ ရှင်ဥက္ကဌမှာ တောင်တွင်းကြီးမြို့နယ် ဇာတိဖြစ်ပြီး၊ ကလေးမြို့နယ်တရားပွဲ ဟောပြောခဲ့သူ အရှင်ဇနကာဘိဝံသမှာလည်း တောင်တွင်းကြီးမြို့နယ် ဇာတိပင် ဖြစ်ပေသည်။
          ကျောက်ကွင်း အရေးတော်ပုံမှာ ချင်းလူမျိုးဗုဒ္ဓဘာသာဝင်နှင့် ချင်းခရစ်ယာန်ဘာသာဝင်များ၏ ဆွေးနွေးမှုမှ စတင်ခဲ့သလို၊ ကလေးမြို့နယ်တရားပွဲမှာလည်း ချင်းခရစ်ယာန် ခေါင်းဆောင်များ၏ ပင့်ဖိတ်မှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
          ဤတရားပွဲကို ဦးဆောင်ပင့်ဖိတ်ခဲ့သူ ဦးမန်ကျင့်ထန်သည် နောက်ပိုင်း၌ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်လာကာ၊ ကာလအတန်ကြာ ရဟန်းဝတ်ခဲ့သည်။ ထို့နောက် လူဝတ်လဲသည်။
          ၁၉၈၅ခုနစ်လောက်တွင် ဖြစ်မည်ထင်သည်။ စာရေးသူသည် ဆရာမဒေါ်ခင်ရီ၊ ကိုစန်းမောင်၊ မကြီးသောင်းတို့နှင့် အတူ ဒဂုံမြို့နယ်၊ စကားဝါပင်လမ်းရှိ တိပိဋကကျောင်းတိုက်တွင် မင်းကွန်းဆရာတော်ကြီးကို ဖူးမြော်ကန်တော့ကြသည်။ လူဝတ်ဖြင့် ကပ္ပိယကာရက ဖြစ်နေသော ဦးမန်ကျင့်ထန်အား ခေတ္တစကားပြောခွင့် ရသည်။ သူက —– လေးနက်စွာ ဤသို့ပြော၏။
          “အခြားဘာသာတွေမှာလည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ —— အဲ့ဒီ့ ၃ချက် ရှိတယ်။ ဗုဒ္ဓဘာသာမှာက အဲဒီ၃-ချက်အပြင်ဲ ဥပေကာ ဆိုတာရှိတယ်။အင်မတန် နက်နဲသိမ်မွေ့တဲ့ သဘောတရာပါ။ ဗြဟ္မစိုရ်တရား ၄ပါးလုံးစုံတာ ဗုဒ္ဓဘာသာပဲ ရှိတယ်။”
          ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်တွင် အခန်း(၁)၌ ဘာသာအယူဝါဒများ ပေါ်ပေါက်လာပုံ။ အခန်း(၂)၌ ဗုဒ္ဓဝင်အကျဉ်း။ အခန်း(၃)၌ ဗုဒ္ဓတရားတော်။ အခန်း(၄)၌ လိုက်နာစရာ ဩဝါဒများ။ အခန်း(၅)၌ လက်တွေ့ကျင့်စဉ်များ။ စသည်ဖြင့် စီစဉ်ထားသည်။
             စာရေးသူသည် ချမ်းမြေ့ရိပ်သာဆရာတော် အရှင်ဇနကာဘိဝံသအား ၂၀၀၇-ခုနှစ်လောက်တွင် မှော်ဘီရှိ ချမ်းမြေ့ရိပ်သာ၌ ဖူးတွေ့ကာ အချို့ သော သာသနာရေးကိစ္စများအား ဆွေးနွေးလျှောက်ထားခွင့်ရခဲ့ပါသည်။ စလင်းမြို့၊ချင်းသူကောင်းမျိုး အဆက်အနွယ် တစ်ဦးဖြစ်သူ
ဒေါ်မေလွင်(မဟာစည်ယောဂီ)က အမေရိကန်မှ ခေတ်တ ပြန်ရောက်စဉ် ခေါ်သွားသောကြောင့်
ရောက်ခဲ့ခြင်း ဖြစ်သည်။ ဤစာရေးသော ၂၀၁၃ခုနှစ်တွင် ဆရာတော်သည် သက်တော်၈၆-နှစ် 
ရှိပြီ်ဖြစ်ီဖြစ်ကြောင်းသိရပါသည်။
ဆလိုင်းရွှေလင်း( ၂၃-၇-၁၃)
အကိုးအကား
၁။ ဆင်းရဲငြိမ်းအေး ချမ်းသာရေးတရားတော်၊ သတ္တမအကြိမ်၊ ၁၉၉၉ စက်တင်ဘာ။ အုပ်ရေ (၁၀၀၀၀)။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေ၍ ဒေါ်စီ၊မေတ္တာမိုး ပုံနှိပ်တိုက်က ပုံနှိပ်သည်။
၂။ ၂၃၊၇၊၁၃တွင် ၅၅(က) ကမ္ဘာအေးစေတီလမ်း၊ရန်ကုန်ရှိ ချမ်းမြေ့ရိပ်သာ ဝေယျာဝစ္စအဖွဲ့ (ph:01-661479) သို့မေးမြန်းချက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts