ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

မိုးမြင့်ထက်မှာ ပြန်ဆုံမယ်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
စက်တင်ဘာ ၁၊ ၂၀၁၃

ဝန်ခံပါသည်။ ဒီနေ့ (၃၁.၈.၂ဝ၁၃) စနေနေ့သည် ကျွန်တော်နှင့် ကျွန်တော့်ချစ်ဇနီး ရွှေဇီးကွက် (ခ) မြင့်မြင့်ခင်ဖေတို့၏ မင်္ဂလာသက်တမ်း (၃၂) နှစ်ပြည့် နေ့ရက်တစ်ရက် ဖြစ်သည်ကို ကျွန်တော်မေ့လျော့ လျှက်ရှိသည်ကို ကျွန်တော်ဝန်ခံမိပါသည်။ ယနေ့ နံနက် (၉းဝဝ) နာရီခန့်တွင် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အမှုဆောင်တစ်ဦးဖြစ်သူ မဝင်းလဲ့ဇင်၏ Happy Anniversary ဟူသော Phone Message ဝင်လာ၍ ကျွန်တော်ကြောင်သွားသည်။ ထို့ကြောင့် သူမထံသို့ Phone ပြန်လည်ဆက်၍ မေးမြန်းမိသည်။ “ဘာကိုဆိုလိုတာလဲ”ဟု “အော် … ဒီနေ့လား” ဟူ၍ တုန့်ပြန်မိသည်။

ထို့နောက် ကျွန်တော်၏ ရုံးခန်းအတွင်းသို့ အလှူခံအခန်းထဲမှ မတင်နီလာထွန်း ဝင်ရောက်လာပြီး နှစ်စဉ် သြဂုတ်လ (၃၁) ရက်နေ့တွင် ဝင်ရောက်လှူဒါန်းကြသော အလှူရှင်များထဲမှ အလှူရှင် မညွန့်ညွန့် သန်းသည် နာရေးကူညီမှုအတွက် အလှူငွေ (ငါးသောင်း)၊ သုခကုသိုလ်ဖြစ်ဆေးခန်းအတွက် (ငါးသောင်း) စုစုပေါင်း တစ်သိန်းကျပ်နှင့်အတူ ပန်းနုရောင် မွှေးပွမျက်နှာသုတ်ပုဝါ (၂) ထည်အား ဦးကျော်သူတို့ မင်္ဂလာသက်တမ်း (၃၂) နှစ်ပြည့်အတွက် လက်ဆောင်ပေးခဲ့သည်ဟု လာရောက်ပြောကြားသွားသည်။ ထို့ကြောင့် “အလှူရှင်က ဘယ်လိုလုပ် သိတာလဲ …”ဟူ၍ ကျွန်တော် မတင်နီလာထွန်းအား ပြန်လည် မေးမိသည်။ ထိုကား မတင်နီလာထွန်းမှ “မနှစ်တုန်းက (၃၁) နှစ်ပြည့် မင်္ဂလာဒါနပြုပွဲကို ဒီအသင်းမှာဘဲ ကျွေးမွေးဧည့်ခံပြီး အသင်းသားတွေ၊ ဝန်ထမ်းတွေ၊ ဆေးဝါးလာရောက်ကုသကြသော လူနာတွေ အပြင် အလှူရှင်များကိုပါ ဧည့်ခံကျွေးမွေးခဲ့ကြောင်း ဒါကြောင့် သြဂုတ်လ (၃၁) ရက်နေ့မှာ လာရောက် လှူဒါန်း ကြတဲ့ အလှူရှင်တွေက အမှတ်ရနေမှာပေါ့”ဟု ပြောကြားခဲ့သည်။ “သြော် … ဟုတ်ပေသားပဲ” ဟုပြန် လည် တုန့်ပြန်မိခဲ့ပြန်သည်။

ထို့နောက် (၇) ရက်တိုင်တိုင် သက်သတ်လွတ်စားပြီး အသင်းရုံးချုပ် ဘုရားခန်းအတွင်းမှ မထွက် ဘဲ မေတ္တာပို့အဓိဌာန်ဝင်ခြင်း ယနေ့ ပြီးဆုံးသွားပြီဖြစ်၍ ကျွန်တော့်ရုံးခန်းထဲရှိ ကျွန်တော်ပိုင် ကျွန်တော့် ကွန်ပျူတာအား ပြန်လည်ဖွင့်လှစ်ပြီး Facebook အားကြည့်သောအခါ ကျွန်တော်တို့ ဇနီးမောင်နှံအတွက် ပထမဦးဆုံး ဆုတောင်းမေတ္တာပို့ပေးသော သြစတျေးလျနိုင်ငံ Perth, Western Australia မှ Juliana Sao သည် “Happy 32nd anniversary all the best CCST” ဟူသော ဆုတောင်းမေတ္တာပို့ခြင်းနှင့်အတူ ကျွန်တော်တို့ ဇနီးမောင်နှံအား (DHSS – Doctor of Humane Social Services) လူသားချင်းစာနာမှု ဆိုင်ရာဒေါက်တာဘွဲ့နှင့် (MHSS – Master of Humane Social Services) လူသားချင်းစာနာမှုဆိုင်ရာ မဟာဘွဲ့) အသီးသီးချီးမြှင့်ပေးခဲ့သော ဧမာနွေလဘုရားကျောင်း၏ သိက္ခာတော်ရ ဒေါက်တာပေါလ် အက်(ဖ်)ဂျွန်(စ်) အဖဘုန်းတော်ကြီး အသက် (၇၉) နှစ်သည် ၂၈.၉.၂ဝ၁၃ ရက်နေ့တွင် ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ယနေ့ ၃၁.၈.၂ဝ၁၃ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်၌ ဧမာနွေလ ဘုရား ကျောင်းတွင် ဈာပနဝတ်ပြုကိုးကွယ်ခြင်းအား ကျင်းပပြုလုပ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူး နိဗ္ဗာန်ယာဉ်ကြီးဖြင့် ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်သို့ ပို့ဆောင် ဂူသွင်းသင်္ဂြိုဟ်ခြင်း အခမ်း အနား မှတ်တမ်းပုံများကို မြင်တွေ့မိတော့သည်။ ထိုအခါ ကျွန်တော်တုန်လှုပ်မိသည်။ ကျွန်တော်ရှက်မိ သည်။ ကျွန်တော်ဝန်ခံမိသည်။ ကျွန်တော်၏ မျက်နှာပြင်သည် ကျွန်တော်တို့အား အမှတ်တရလက် ဆောင်ပေးခဲ့သော မညွန့်ညွန့်သန်း၏ ပန်းနုရောင် မွေးပွမျက်နှာသုတ်ပုဝါ အရောင်ထက် နီမြန်းသော ပန်းရင့်ရောင် မျက်နှာပြင်ကဲ့သို့ ဖြစ်သွားမိသည်။
ကျွန်တော်တို့၏ ၂ဝဝ၁ ခုနှစ်မှ အတိုက်အခိုက် အနှောင့်အယှက်၊ အဟန့်အတား ပေါင်းစုံတို့နှင့် ကြုံတွေ့ဖြတ်သန်းလာရသော လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပရဟိတလုပ်ငန်းရပ်အား တစ်ဖက်တစ်လမ်းမှ ခွန်အားပေးခဲ့သော အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့် ပေးခဲ့သော ဧမာနွေလဘုရားကျောင်းမှ အဖဘုန်းတော်ကြီး Rev.Dr.Paul F.Johns ၏ နောက်ဆုံးခရီးအား ကျွန်တော်ကိုယ်တိုင် လိုက်လံပို့ဆောင်နိုင်ခဲ့ခြင်းမရှိသည့် အခြေအနေနှင့် ကျွန်တော်တို့ ဇနီးမောင်နှံ (၃၂) နှစ်ပြည့် မင်္ဂလာရက်ကို မေ့လျော့နေခြင်းတို့အား ကျွန်တော့်ကိုယ် ကျွန်တော် အပြစ်ဆိုမိတော့သည်။
“အပြစ်” ဟုဆိုရာ၌ ကျွန်တော်နှင့် အသင်းမှ လူမှုရေးသမားများအချို့သည် သြဂုတ်လတွင်း လဝက်ကျော်နီးပါးခန့် လူမှုရေးဟောပြောပွဲ ခရီးစဉ်တို့ဖြင့် ပြည်မြို့၊ ပုဂံ-ညောင်ဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ ကလေး၊ တမူး၊ ညောင်ရွှေ၊ အောင်ပန်း၊ တောင်ကြီးမြို့များသို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် အများအကျိုး ရွက်သယ်ပိုးရင်း အခက်အခဲပေါင်းစုံကျော်လွှား၍ အစားအသောက်၊ အနေအထိုင် သဟဇာတ ကင်းမဲ့စွာ ဖြင့် ထမ်းရွက်ခဲ့သည်။ ထိုခရီးစဉ်မှ ရန်ကုန်မြို့သို့ ပြန်ရောက်သော ၂၂.၈.၂ဝ၁၃ ရက်နေ့တွင် ခေတ္တ အနားယူခဲ့ကာ ၂၄.၈.၂ဝ၁၃ ရက်နေ့မှစ၍ နယ်အရပ်ရပ်မှ လူမှုဒုက္ခအပူများနှင့် နိုင်ငံတော်အစိုးရမှ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သော အစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့များ၏ ဥပဒေ(မူကြမ်း) ဟူသော လူမှုရေးအသင်းအဖွဲ့များ၊ လူမှုရေးသမားများ၊ မြန်မာနိုင်ငံတွင် နည်းပါးသွားစေနိုင်သော ဥပဒေ ကြမ်း၊ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်း၊ ဗြဟ္မစိုရ်တရားများ ခေါင်းပါးသွားစေနိုင်သော ထိုမူကြမ်းကြီး၏ ရိုက်ခတ်ခံရသော ကျွန်တော်၏ခန္ဓာတွင်းရှိ အပူမီးများအား ငြိမ်းသတ်နိုင်စေရေးအတွက် သက်သတ်လွတ် စားသုံးခြင်း မေတ္တာဘာဝနာ ပွားများခြင်းတည်းဟူသော မေတ္တာပို့ အဓိဌာန်ကျင့်စဉ်အား နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်အဆောက်အဦးရှိ ဘုရားခန်းအတွင်း အပြင်သို့ လုံးဝမထွက်ဘဲ ကျင့်ကြံပွားများမှု ကို ပြုလုပ်ခဲ့ပါသည်။ ထိုသို့ အဓိဌာန်ဝင်စဉ် ၂၈.၈.၂ဝ၁၃ ရက်နေ့ မွန်းလွဲ (၁၂း၂၅) နာရီအချိန်ခန့်တွင် ဧမာနွေလအသင်းတော်၏ သိက္ခာတော်ရ ဒေါက်တာ ပေါလ်အက်(ဖ်)ဂျွန်(စ်) ခရစ်တော်၌ အိပ်ပျော်သွားပါ ၍ အကူအညီတောင်းခံခြင်းအား ကျွန်တော့်ထံ သတင်းပို့လာသည်။ ထို့ကြောင့် ကျွန်တော်သည် ဧမာနွေ လအသင်းတော်၏ ဆန္ဒအရ အဖဘုန်းတော်ကြီးအား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ Cool Box ဖြင့် အသင်းတော်တွင် ဝတ်ပြုကိုးကွယ်ခြင်း ပြုလုပ်နိုင်ရန် အမြန်ဆုံးပို့ဆောင်ပေးခဲ့သည်။ (ရန်ကုန်မြို့တော် ခန်းမနှင့် လွတ်လပ်ရေးကျောက်တိုင်အနီး မဟာဗန္ဓုလလမ်းသို့) ထို့အပြင် ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်သို့ ဂူသွင်းသင်္ဂြိုဟ်မည့် ဈာပနအစီအစဉ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အထူးနိဗ္ဗာန် ယာဉ်ကြီးဖြင့် ပို့ဆောင်ပေးမှုအား စီစဉ်ညွှန်ကြားပေးခဲ့သည်။ သို့ရာတွင် ယနေ့ အဓိဌာန် (၇) ရက်ပြည့်ပြီး ဖြစ်သော်လည်း မမြဲသော ခန္ဓာကိုယ်၏ ဖိစီးမှုကို ကျွန်တော်လက်တွေ့ခံစားနေရသည်။ အဓိဌာန်ပြည့်၍ ဘုရားခန်းမှ ကျွန်တော်၏ ရုံးခန်းသို့ဆင်းလာသောအခါ တစ်ခါတရံမှ သက်သတ်လွတ် (၇) ရက် ဆက် တိုက် စားသုံးမှုကြောင့်၎င်း၊ လူသားများ၏ အပူမီးများ ဖုံးလွှမ်းခံရမှုကြောင့်၎င်း၊ မြန်မာပြည်တွင် ဗြဟ္မစိုရ် တရားများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်သောကဖြစ်မှုများကြောင်း၎င်း ကျွန်တော်၏ ဦးခေါင်းတို့သည် မှူးဝေနေသည်။ ကျွန်တော်၏ခြေလှမ်းများသည် ယိုင်နဲ့နေသည်။ ကျွန်တော်၏ သွေးပေါင်တို့သည် ကျဆင်းနေသည်။ ထိုကဲ့သို့ ကျန်းမာရေး ယိုယွင်းမှုကြောင့် ကျွန်တော်ကျေးဇူးရှင်ဖြစ်သူ၏ နောက်ဆုံးခရီး ကို ကိုယ်တိုင်မောင်းနှင်ခွင့် မရခဲ့ချေ။ ထို့ကြောင့် ကျွန်တော်တွေးတောမိသည်။ ကျွန်တော်သည် အများ ပြည်သူတို့၏ အပူမီးများအား အတတ်နိုင်ဆုံး လက်တွေ့ငြိမ်းသတ် ပေးနိုင်ခဲ့သော်လည်း ကျွန်တော့်၏ ခန္ဓာ တွင်းရှိ အများပြည်သူတို့အတွက် ရည်ရွယ်သော နောင်ပေါ်ပေါက်လာမည့် အပူမီးများကို ငြိမ်းသတ်နိုင်စွမ်း မရှိသေးချေ။
ထို့ကြောင့် ကျွန်တော်ထပ်မံ ဝန်ခံမိပြန်သည်။ ကျွန်တော်တရား မရသေးပေ။ ထိုမရသော တရား ဟူသည်ကား အလုံးစုံအေးချမ်းမှုကို လုံးဝပေးနိုင်သော မဂ်ဖိုရ်နိဗ္ဗာန်သို့ လျှောက်လှမ်းနိုင်သည့် တရား လမ်းကြောင်း ပင်ဖြစ်တော့သည်။ ထို မဂ်ဖိုရ်နိဗ္ဗာန်တရားလမ်းကြောင်းအား ကျွန်တော်သည် “အများ အကျိုး ရွက်သယ်ပိုးက၊ ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့” ဟူသော ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ ဆုံးမသြဝါဒအား လက်ကိုင်ပြုရင်း လူမျိုး ဘာသာ၊ ဆင်းရဲ၊ ချမ်းသာမရွေးတို့၏ လိုအပ်သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေးစသည့် လူမှုရေးကဏ္ဍ အသီးသီးတို့အား ကျွန်တော်၏ အသက်နှင့်ခန္ဓာမြဲနေသ၍ အများအကျိုး ထမ်းရွက်နေသော ပရဟိတလမ်းကြောင်းမှတဆင့် ကူးပြောင်းသွားတော့မည်ဟု သံဓိဌာန်ချထားပါသည်။
အဖဘုန်းတော်ကြီး Rev.Dr.Paul F.Johns မိန့်ကြားခဲ့တော်မှုသော သြဝါဒစကားများအရ “သစ္စာ တရားကို လက်ကိုင်ထား၊ ဘဝမှာသစ္စာကို အစစ်အဆေးခံရတတ်တယ်”၊ “မေတ္တာကိုပေးဝေရတယ်၊ မေတ္တာကိုပေးလေလေ မေတ္တာဟာပွားတယ်၊ ပြန်လည်လာတယ်”၊ “သူတပါးကိုအကျိုးပြုပါ၊ သူတပါးဝန်ကို မျှထမ်းပါ၊ ဘုရားကြိုက်တဲ့အမှုဟာ သူတပါးကိုအကျိုးပြုခြင်းဘဲဖြစ်တယ်။” “ခွင့်လွှတ်ခြင်းသည် မေတ္တာ၏ မျက်နှာတဘက်ဖြစ်သည်။ ခွင့်လွှတ်လျှင်-သူတဦးကို ပွေ့ပိုက်နွေးထွေးစေတာနဲ့တူတယ်၊ လူတိုင်းကို မပွေ့ပိုက်နိုင်ပါ။ ခွင့်လွှတ်နိုင်ပါသည်။ ခွင့်လွှတ်ခြင်းသည် အသွားအလာရှိသည်။” “ဘုရားအားကိုး၊ တရား မွေ့လျော်၊ အမှန်ကျင့်သုံး ကောင်းကျိုးချမ်းသာအမှန်ရမှာ၊ ဘာသာတရားဦးထိပ်ထား၊ သက်တာလမ်းခရီး ထွန်းလင်းမှာ” ဟူသော သြဝါဒစကားများနှင့်အညီ ငြိမ်းချမ်းမှုကို အစဉ်ထာဝရပေးနေသော ခရစ်တော်၌ အိပ်စက်သွားခဲ့သော သိက္ခာတော်ရ ဒေါက်တာပေါလ်အက်(ဖ်)ဂျွန်(စ်) ကဲ့သို့ပင် ကျွန်တော်သည်လည်း အများအကျိုးအတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးအား အတ္တများကိုဖြုတ်၍ ပရဟိတသစ္စာတရားကို လက်ကိုင်ပြုကျင့်သုံးသွားပြီး လူသားတို့ မလွန်ဆန်နိုင်သော သေခြင်းတရားအားကျော်ဖြတ်ကာ အေးချမ်းမှုကို အစဉ်ထာဝရပေးနိုင်သော မဂ်ဖိုရ်နိဗ္ဗာန်သို့အရောက် လှမ်းနိုင်သော ကိုယ်ဖြစ်ရပါစေသားဟုသာ မြတ်ဗုဒ္ဓထံ ဆုပန်ချွေလိုက်ရပါတော့သည်။
“ရွှေပြည်တော်”
ဒီကမ္ဘာမှာ လှုပ်ရှားအသက်ရှင်စဉ် ဒီဘဝအခိုးအငွေ့ အရိပ်လိုပင် လူတွေရဲ့နေ့ရက် ပန်းကလေး ပမာညှိုးနွမ်းကာလေ မြေမှာကြွေကျပြီ။
ကြင်နာသူတွေ ပျော်ရွှင်အသက်ရှင်စဉ် မကြုံချင်လည်း နေ့ရက်ရောက်လာရင် ငိုယိုရင်း ဝမ်းနည်း မဆုံးတော့ပြီ လူ့ဘဝမှာလေ ကြုံနေရစမြဲပေ။
ရွှေပြည်တော်အဝေးဆုံး မိုးမြင့်ထက်ဆီပြင်ဆင်ထား အားလုံးအတွက် အိမ်ခန်းများ ရွှေပြည်တော် အဝေးဆုံး မိုးမြင့်ထက်မှာပြန်ဆုံမယ် သွားနှင့်တဲ့ ကြင်သူများ ကိုယ်တော်ရှင်ရဲ့ သိမ်းဆည်းခြင်း ပျော်ရွှင်စွာနဲ့ ဝမ်းမြောက်လျက်တွေ့ဆုံမယ်။

(လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး လူသားအားလုံး မလွန်ဆန်နိုင်သောအရာသည် သေခြင်းတရားဖြစ် သလို လူမျိုးဘာသာပေါင်းစုံတို့၏ ကိုးကွယ်ရာဘုရားသခင် အသီးသီးတို့သည်လည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ငြိမ်းချမ်းမှုကို လိုလားကြသူများ ဖြစ်တော့သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts