အုန်းနိုင်

Ohm Naing – Articles

(၁၃) တပြည်လုံး  ကျောင်းတွေ ပိတ်လိုက်ပြီ
အုန်းနိုင်
စက်တင်ဘာ ၅၊ ၂၀၁၃


၈.၈.၈၈ ညမှာ ကျနော့်  ညဂျူတီ ရှိလို့    ကောင်စီရုံးကိုပြန်ရပါတယ်..။ကောင်စီ ရုံးရောက်တော့  ည ၆နာရီ လောက် ရှိပါပြီ..။ကောင်စီအတွင်းရေးမှူးက   ဆန္ဒပြ ခေါင်းဆောင်ပိုင်းကို  နည်းနည်းလောက်  ဆွဲကုပ်ထားလိုက်ရမလား..လို့  မေးပါတယ်..။ကျနော်က  ဘယ်သူမှ  ဖမ်းဖို့မလိုပါဘူး..။အခုဖြစ်တဲ့  ကိစ္စမှာ လဲတိတိပပ  ဘယ်သူ  ခေါင်းဆောင်  ဆိုတာထက်  တပြည်လုံး  အုံကြွ လို့   လူထု ကပါလာတာပဲ..လို့ ပြန်ပြောလိုက်တယ်..။ဝန်ထမ်းထဲကတောင်  ဆရာမ တဦး  စင်ပေါ်တက် မိန့်ခွန်း ပြောသွားသေးတယ်..လို့  ပြောပါတယ်..။သူတို့က  ၁၈လမ်းက   ပြန်သံမန်နေဂျာ ၀န်ထမ်း ဦးမြင့်စိုးနဲ့  ဆရာမဒေါ်နုနု အောင်တို့   ဇနီးမောင်နှံ နဲ့  သူတို့ အပေါင်းအသင်း တစုကိုလည်းအာရုံစိုက်နေပုံ ရပါတယ်…။နောက်ပြီး..ကျနော့်သမီး တွေနဲ့  တူတူ မတွေကိုရှောင်ပြောနေပေမဲ့  ..သူတို့မှာလည်း   ဘယ်သူတွေ ဘာတွေလှုပ်ရှားနေတယ်..ဆိုတာ   သတင်းတွေတော့  ရပြီးသား ဖြစ်နေပါပြီ..။
နောက်ဆုံးတော့  အထက်တန်းကျောင်းတုန်းမှာ ကျနော်ကျောင်းအုပ် လုပ်တုန်းက  ကျောင်းစည်းကမ်း မလိုက်နာလို့   ကျောင်းဝင်ခွင့် မပြုခဲ့ တဲ့  ကိစ္စနဲ့ ကျနော်ကိုယ်တိုင်  ဌာနဆိုင်ရာ  အစစ်ခံရတဲ့  ကျောင်းသားဟောင်း    မောင်ဇာနည်  ခေါ်  ကျော်မိုးနိုင်  တယောက်ကိုတော့
ဆွဲထားချင်တယ်  လို့   လုပ်လာပါတယ်ဒီကျောင်းသားက  ကျနော်တရားရုံးရောက်မှ  ကျနော့်တူ အရင်းနဲ့  လည်းလူငယ်ချင်း  ရန်ဖြစ်ပြီး  နှစ်ယောက်စလုံး  အချုပ်ခံရ၊တရားစွဲ ခံရ ဘူးပါတယ်..။ဒါကြောင့်    ကောင်စီအတွင်းရေးမှုးက  ကျနော့်ကို သွေးတိုးစမ်းလိုက်တာပါ..။သူ့ အတွေးအခေါ်ဟာ  တယ်ကလေး  ဆန်ပါလား..လို့  ကျနော်ယူဆလိုက်ပါတယ်..။ကျနော့်မှာ ကိုယ်ရေးကိုယ်တာ  အားနဲချက်  ရှိမလားလို့    စမ်းတာပါ..။နုပါသေးတယ်..။ဒီ အတွေး အခေါ်လောက်နဲ့ ပဲ  ချဉ်းကပ်တတ်လို့   ကောင်စီ အတွင်းရေးမှူး  ဖြစ်နေတာပါ..။ကျနော့်ကိုသူ့အဆင့်လောက်ပဲ  ထင်ဟန်တူပါတယ်..။ကျနော်က    သူ့ကို  ကိုယ့်ထက်ငယ်တဲ့  သူလည်း  ဖြစ်နေလို့ “ မင်းကလည်း ..ငါ့ကို ခပ်ညံ့ညံ့ ထင်ပြီး စမ်းတာလား…။ဘယ်သူ့မှ မဖမ်းနဲ့ ..။ဖမ်းချင်ရင်  ငါ့ကို စဖမ်း ..”လို့   ပြောလိုက်မှပဲ ငြိမ်ကုပ် သွားပါတယ်။
တကယ်တမ်း  မြို့ နယ် ကောင်စီ  အမှုဆောင်ထဲမှာ  နိုင်ငံရေး အတွေးအခေါ်ရှိသူဆိုလို့   ဦးအုန်းကြိုင်တယောက်ပဲ  ရှိပါတယ်..။ကျန်တဲ့ သူတွေကတော့  ဇာတ်ရုပ်ကလေး ရှိတုန်း..မင်းပဲ..။သူဌေးပဲ..။ဝန်..ပဲ။ဖြစ်နေတာပါ..။ဇာတ်ရုပ် ချွတ်လိုက်ရင်  ဘာမျှ  မဟုတ်တော့တဲ့  သူတွေ ချည်း ပါပဲ..။  ကောင်စီ ရုံးမှာပဲ    ဘီဘီ စီဖွင့်ပြီးနားထောင်ကြပါတယ်..။ရန်ကုန်မှာတော့  စစ်အုပ်ချုပ်ရေးကြေညာ ထားပေ မဲ့   ကျောင်း သားတွေက  ဦးဆောင်ပြီး..ရဟန်းသံဃာတွေရော..ပြည်သူလူထုပါ  လမ်းပေါ်ထွက်လာပြီး  ..ပါတီစုံ ဒီမိုကရေစီ စနစ် ပေးရေး..။စိန်လွင်ထွက်ပေးရေး..။ကြွေးကြော်သံတွေ  ကြွေးကြော် ဆန္ဒပြကြ တယ် လို့  …ဘီဘီစီက  သတင်းပေးပါတယ်..။အစိုးရဘက်က လည်း  ည၈နာရီကနေနံနက်၎နာရီအထိညမထွက်ရ အမိန့်ထုတ်ပါတယ်..။ကျောင်းသားတွေက  ည၈နာရီမှာ  တနိုင်ငံလုံးသံပုံး  တီးကြဖို့ ပါ  နှိုး ဆော်ကြောင်း  ကြေညာသွားပါတယ်..။ဆန္ဒပြပွဲကလည်း  မန္တလေး ၊မုံရွာ၊ မော်လမြိုင် ၊သံလျင် ၊ရေနံချောင်း၊ မင်းဘူးပခုက္ကူ ၊ပဲခူး ၊တောင်ကြီး  က အစ  မြောက်ဘက်ဆို မြစ်ကြီးနား..။တောင်ဘက်ထားဝယ် အထိ  ပါဝင်တယ်လို့  ဘီဘီစီ သတင်းက ဆိုပါတယ်..။ဘီဘီစီ သတင်းထဲ မှာ  ပေါင်းတည် သတင်းတော့မပါပါ..။အဲဒီလိုသတင်းမပါပဲ ဆန္ဒပြတဲ့  မြို့ တွေ  ဘယ်လောက် များဦးမယ်  ..ဆိုတာ  မသိပါဘူး.။
တပြည်လုံး  မူလတန်း ၊အလယ်တန်း၊ အထက်တန်း ကျောင်းအားလုံး ပိတ်လိုက်တယ် လို့လဲကြေညာလိုက်ပါတယ်..။ဝန်ထမ်းတွေကိုလည်းလစာ  ၃၅ကျပ်ကနေ  ၄၀ကျပ်စီ အထိ   ထပ်တိုးပေးမယ်လို့လဲ  ကြေညာပါတယ်..။
ဒီ ရေဒီယို သတင်းတွေ  ကြားရတော့မှ   အားလုံးမျက်လုံးပြူး မျက်ဆန် ပြူး  တွေ  ဖြစ်ကုန်ပါတယ်..။တပြည်လုံး   အုတ်အော် သောင်းတင်း  ဖြစ်သွားပြီ ဆိုတာသဘောပေါက်ကြပါတယ်..။ကောင်စီဥက္ကဌ ကလည်း  ဒီတော့မှ  ပေါက်တောရွာက  ခ.လ.ရ (၁၀) စစ်တပ်ကိုတယ် လီဖုန်းဆက်ပြီး  တပ်စိတ်တစိတ်  ညတွင်းချင်းပို့ဖို့  မှာတော့တယ်..။သူ ပြောနေတာကို  ကြားရတာတော့..“ တပ်စိတ်  တစိတ်လောက်  ရှိနေတယ်..ဆိုရုံပါဘဲ ”
“ကျနော်  ..ဘာအမိန့်မှ  မပေးပါဘူး..”
“တပ်ရဲ့   အမိန့် အတိုင်း  ပါ..။တာဝန်ယူပါတယ်..။”
ဆိုတာမျိုးတွေ  ပါ..။ဒီတော့  တပ်ကလည်း  ရေဒီယိုသတင်းတွေ ကြားပြီး  ..တပ်သားတွေကို ကောင်စီဥက္ကဌ က  ပစ်မိန့်တွေ  ဘာတွေ  ပေးမှာကို  စိုးရိမ်လို့  ၀န်ခံချက်တွေ  တောင်းနေတာ ဖြစ်ပါလိမ့်မယ်..။တကယ်ဆိုရင်  တပ်က  ရှေ့ တန်းထွက် နေရတော့  တပ်မှာ တကယ်သန်သန်မာမာတပ်သား သိပ်မကျန်  ဘူးနဲ့   တူပါတယ်..။နောက်တန်းမှူးကလည်း  ဗိုလ်မှူးပါ..။ဒီတော့ကောင်စီ ဥက္ကဌက  ဒုဗိုလ် မှူးကြီးကနေ ဗိုလ်မှူးကြီး  ဖြစ်ကာနီးမှာ  ရာထူးလျောထားတဲ့  လူမို့  နဲနဲလေးစားသမှုနဲ့   တပ်သားတွေ ပို့ရတာဆိုတာကို  နောက်မှ သိရပါတယ်..။
ည (၁၀)နာရီ လောက်မှာ  ကားတစီးနဲ့   တပ်သားတချို့ ကိုဗိုလ်ကြီး  တယောက်က ဦးဆောင်ပြီး  ရောက်လာပါတယ်..။ကောင်စီဥက္ကဌ  ဗိုလ်မှူး ကို  သတင်းပို့ပြီးတာနဲ့ တပြိုင်နက်  ကောင်စီရုံးနောက်ကခန်းမထဲကို  ခေါ်သွားပြီး  ချက်ချင်း ယူနီဖောင်းချွတ်  အရပ်ဝတ်လဲ ပြီးနေစေပါတယ်..။ဒါကိုကြည့်ရင် သူတို့လည်း  လာသာလာရတာ..ခပ်ဖြုံဖြုံပါဘဲ..။ဒီတော့ ကျနော်လည်း  ဒီည ဂျူတီကိုရေးကြီးခွင်ကျယ် စောင့်နေစရာ မလိုဘူး   ဆိုတာ သဘောပေါက်လိုက်ပါတယ်..။ဒါပေမဲ့   ယဉ်ကျေးမှု အရကျနော်..ဒီနေ့  ပင်ပန်းနေလို့ပြန် အနားယူပါရစေ..လို့  ပြောပြီး အိမ်ကို ပြန်ခဲ့ ပါတယ်..။

(၁၄) မှာ… ရက်ဆက် ဆန္ဒပြပွဲ များ စနစ် တကျ..   ကို  ဆက်ပါမယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts