ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

စကျင်သားတို့၏ ဂုဏ်ပြုပွဲ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
စက်တင်ဘာ ၁၁၊ ၂၀၁၃

မြင့်မြတ်သော လူမှုပရဟိတလုပ်ငန်းများကို ဆောင်ရွက်ရင်းဖြင့် မြန်မာပြည်အနှံ့ လှည့်လည် သွား လာ၍ အယူသီးမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးဆပ်နေ သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား လေးစားသဖြင့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာမှ ဦးဝင်းခိုင်ဦး + ဒေါ်ကြည်ဋ္ဌေး (မိသားစု) “အမေ့အိမ်” ပန်းတမော့ ကျောက်ဆစ်လုပ်ငန်းမှ ဂုဏ်ပြုထုလုပ်သော ဦးကျော်သူ၏ ပုံတူ စကျင်ကျောက်ရုပ်ထုအား ဦးကျော်သူသို့ ပေးအပ်ပွဲအခမ်းအနားကို ၇.၉.၂ဝ၁၃ ရက်နေ့ နံနက် (၉း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်းရုံးချူပ် တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ် မ/ဒဂုံတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

 

ယင်း ရုပ်ထုအား လွန်ခဲ့သော (၁) လကျော်ခန့်က ဦးကျော်သူ စကျင်ကျေးရွာသို့ သွားရောက်၍ အယူသီးမှုပပျောက်ရေးလုပ်ငန်းများ ဟောပြောစဉ်တွင် ဦးဝင်းခိုင်ဦး မိသားစုမှ ထုလုပ်ခွင့်ပြုလုပ်ရန် ဦးကျော်သူထံတွင် ခွင့်တောင်းခဲ့ခြင်းဖြစ်သည်။ ထုလုပ်ပြီးစီးသွားသောအခါ ၄.၉.၂ဝ၁၃ ရက်နေ့၌ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ ကားနှစ်စီးဖြင့် စကျင်ရွာသို့သွားရောက်၍ ၅.၆.၂ဝ၁၃ ရက်နေ့ နံနက် (၇း၂ဝ) နာရီအချိန်တွင် အလှူရှင် ဦးဝင်းခိုင်ဦး မိသားစုနှင့်အတူ စကျင်ကျေးရွာ ပုဗ္ဗါရုံကျောင်းမှ ဆရာတော် ဦးပညာနန္ဒ၊ ဆရာ ဦးညီညီထွေး (ခ) စော်ရဲနှင့် Dr.အောင်ဇင်မြင့် တို့နှင့်အတူ မန္တလေးမြို့မှ လူမှုရေး သမားများလိုက်ပါလျှက် ရန်ကုန်မြို့သို့ ထွက်ခွာသွားလာခဲ့ကြရာ လမ်းတလျှောက်ရှိ နတ်မောက်၊ တောင် တွင်းကြီး၊ အောင်လံနှင့် ပြည်မြို့များသို့ ဖြတ်သန်းခဲ့ကြရာတွင် နတ်မောက်မြို့ရှိ လူမှုရေးအသင်းအဖွဲ့နှင့် အတူ ဗိုလ်ချုပ်အောင်ဆန်း (နေအိမ်ပြတိုက်)သို့ ဝင်ရောက် လေ့လာခဲ့ကြပါသည်။ ဦးကျော်သူ၏ ပုံတူ ရုပ်ထုဖြတ်သန်းရာ လမ်းတလျှောက်ရှိ မြို့နယ်များမှ လူမှုရေးသမားများက ရုပ်ထုအား ပန်းကုံးစွပ်ခြင်းနှင့် အမွေးနံ့သာပက်ဖြန်းခြင်း တို့ဖြင့် ဂုဏ်ပြုခဲ့ကြပါသည်။ ထို့နောက် ပြည်မြို့သို့ ည (၁ဝး၄၅) နာရီတွင် ရောက်ရှိခဲ့ကြပြီး ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတွင် ခတ္တညအိပ်ရပ်နားခဲ့ကြသည်။ ပြည်မြို့တွင် လည်း မိုးမေတ္တာပရဟိတလူငယ်များ ဦးဆောင်သော သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) မှ ဥက္ကဌနှင့် အတွင်းရေးမှူး ဦးညီညီအောင်မှ ဦးဆောင်ကာ လူမှုရေးသမားများ သတင်းမီဒီယာများမှ အိုးစည်၊ ဒိုးပတ် ဝိုင်းတို့ဖြင့် တခဲနက်ပြင်ဆင်ကာ ကြိုဆိုဂုဏ်ပြုခဲ့ကြပါသည်။ ၆.၉.၂ဝ၁၃ ရက်နေ့ နံနက် (၆း၃ဝ) နာရီ အချိန်တွင် ပြည်မြို့မှ ပြန်လည်ထွက်ခွါခဲ့ကြပြီး ရွှေတောင်၊ အင်းမ၊ ဇီးကုန်း၊ နတ်တလင်း၊ ကြို့ပင်ကောက် အစရှိသည့် မြို့နယ်များမှ လာရောက်ကြိုဆိုခဲ့ကြပြီး နံနက်စာ၊ နေ့လည်စာ၊ မုန့်နှင့် အချိုရည်များဖြင့် ဧည့်ခံ ခဲ့ကြသည်။ ညနေ (၄း၄၅) နာရီအချိန်တွင် မှော်ဘီမြို့သို့ ရောက်ရှိခဲ့ကြကာ မှော်ဘီမြို့မှ မြို့မလူမှု ကူညီရေးအသင်းရုံးခန်းတွင် ခေတ္တနားခိုကာ ညစာစားပြီး မဟာစည်ဘုန်းတော်ကြီးကျောင်းတွင် ညအိပ်ခဲ့ ရပ်နားခဲ့ကြပါသည်။

၇.၉.၂ဝ၁၃ ရက်နေ့ နံနက် (၆း၃ဝ) အချိန်တွင် မှော်ဘီမြို့မ နာရေးကူညီမှုအသင်း အစီအစဉ်ဖြင့် အိုးစည်၊ ဒိုးပတ်သံစုံတီးဝိုင်းတို့ဖြင့် မှော်ဘီမြို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာသို့ ဆက်လက် ထွက်ခွာလာခဲ့သည်။ ရန်ကုန်မြို့အဝင်လမ်းတလျှောက်ရှိ မင်္ဂလာဒုံမြို့နယ်မှ ပုညကာရီ နာရေးကူညီမှု အသင်း၊ နာရေးကူညီမှုအသင်း(မင်္ဂလာဒုံ)တို့မှ မင်္ဂလာဒုံမြို့နယ် ကျိုက္ကလဲ့ ဘုရားရှေ့တွင် အိုးစည်၊ ဒိုးပတ် ဝိုင်းတို့ဖြင့် လာရောက်ကြိုဆိုခဲ့ကြသည်။ နံနက် (၉း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ရောက်ရှိခဲ့ကြပြီး ဥက္ကဌဦးကျော်သူနှင့် အသင်းသူ/သားများမှ ကြိုဆိုခဲ့ကြပြီး အလှူရှင်များ၊ လိုက်ပါပို့ ဆောင်ကြသော အသင်းအဖွဲ့များမှ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကြပြီး ဦးကျော်သူ၏ ပုံတူရုပ်ထု ပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါတော့သည်။
ပန်းတမော့ ကျောက်ဆစ်ပညာရှင် ဦးဝင်းနိုင်ဦး၏ ဦးကျော်သူ၏ ပုံတူရုပ်ထုလုပ်ရခြင်း၏ ရည်ရွယ်ချက် –

ထုလုပ်ဖြစ်ပုံ  –  စကျင်ကျေးရွာသို့ ဦးကျော်သူ လာရောက်ဟောပြောစဉ် ပုံတူရုပ်ထုထုပေးချင်သည့် သဒ္ဒါစိတ်များဖြစ်ပေါ်ခဲ့။

ခံစားချက် –  ထုလုပ်ရန်ခွင့်တောင်းပြီးသောအခါ နိုင်ငံအကျိုးပြု ပရဟိတသမားတစ်ဦး၏ ရုပ်ထုအား ထုလုပ်ရတော့မှာပါလားဟု ပီတိဖြစ်ခဲ့။

 အဖြူရောင် ရွေးချယ်ဖြစ်ပုံ -မွန်မြတ်သန့်စင်သော ဖြူစင်စိတ်ထားကို ကိုယ်စားပြု။

တန်ဖိုး  –  စေတနာအား တန်ဖိုးဖြတ်၍မရပါ။

 

ကျေးဇူးတင်ရှိခြင်း
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌဦးကျော်သူ၏ ပုံတူစကျင်ရုပ်ထုအား ဂုဏ်ပြုထုလုပ်ပေး ပါသော ဦးဝင်းခိုင်ဦး + ဒေါ်ကြည်ဋ္ဌေး (မိသားစု) “အမေ့အိမ်” ပန်းတမော့လုပ်ငန်းမှ သားတပည့်များ၊ စကျင်ကျေးရွာမှ ပုဗ္ဗါရုံကျောင်းဆရာတော် ဦးပညာနန္ဒ အား၎င်း၊ ပါဝင်ကူညီပေးကြပါသော စကျင်ရွာမှ ဆရာ ဦးညီညီထွေးနှင့် Dr. အောင်ဇင်မြင့်တို့အား၎င်း မန္တလေးမြို့ ကလျာဏမိတ္တ လူမှုကူညီရေးအသင်းမှ ဥက္ကဌဦးခင်မောင်တင့်နှင့် လူမှုရေးသမားများအား၎င်း ရုပ်ထုသယ်ဆောင်ရာ လမ်းတလျှောက်ရှိ မြို့နယ် များမှ လူမှုရေးသမားများ ပြည်မြို့ မိုးမေတ္တာပရဟိတလူငယ်များ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)မှ ဥက္ကဌဦးစိုးမိုးနိုင်၊ အတွင်းရေးမှူး ဦးညီညီအောင်နှင့် လူမှုရေးသမားများအား၎င်း၊ အင်းမ၊ ဇီးကုန်း၊ ပုတီး ကုန်း၊ ရွှေတောင်၊ နတ္တလင်း၊ သာယာဝတီမြို့မှ လူမှုရေးသမားများအား၎င်း မှော်ဘီမြို့မှ မြို့မလူမှု ကူညီရေးအသင်း ဥက္ကဌနှင့် အသင်းသူ/သားများအား၎င်း၊ မင်္ဂလာဒုံမြို့နယ်မှ နာရေးကူညီမှုအသင်း (မင်္ဂလာဒုံ)နှင့် ပုညကာရီ နာရေးကူညီမှုအသင်းတို့မှ အသင်းသူ/သားများအား၎င်း၊ ကိုစောထွန်း (ရွှေစင်စကြာ်)နှင့် “ရွှေစင်စကြာ်” ခရီးသွားလုပ်ငန်း မိသားစုဝင်များအားလုံး၊ အခြားသော  ကျေးဇူးတင် ထိုက်သူများအားလုံးကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်း မှတ်တမ်း တင်အပ်ပါသည်။
ပရဟိတ ဇာနည်ဘွား
ဒို့များ ရင်ဝယ်
ကြာလည်း မမေ့ 
ရှာလည်း မတွေ့

ငါလည်း တနေ့ …….. ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts