သန်းဝင်းလှိုင်

Than Win Hlaing – Articles

စက်တင်ဘာလ သမိုင်း (History of September)
သန်းဝင်းလှိုင်
စက်တင်ဘာ ၁၂၊၂၀၁၃

 စက်တင်ဘာလသည် လက်တင်ဘာသာစကား ῾ စက်တင်᾽ (Septem) မှဆင်းသက်လာပြီး ῾ ခုနှစ်ခု᾽ ဟု အဓိပ္ပာယ်ရသည်။ ပြင်သစ်ဘာသာ၌လည်း စက်တင်ဘာလကို September ဟူ၍ စာလုံးပေါင်းသည်။ ပြင်သစ်ဘာသာ၌ Sept ၏ အဓိပ္ပာယ်သည် ခုနှစ်ခု ဟုအနက်ရသည်။ ရောမဧကရာဇ် ῾ ဂျူလိယက်ဆီဇာ᾽  (Caius Julius Ceasar ) သည် ဂရက်ဂိုရီယမ် ( Gregorian )အား ပြက္ခဒိန်ကို ဇန်န၀ါရီမှ အစပြု၍ ၁၂လအထိ ပြန်လည်ရေးဆွဲစေသောအခါ စက်တင်ဘာလသည် ခုနှစ်ခုမြောက်လ အဖြစ်မှ ကိုးခုမြောက်လအဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။ သို့ရာတွင် အခြားသောလများ၌ ရက်အတိုးအလျော့ ပြုလုပ်ခဲ့သော်လည်း စက်တင်ဘာလမှာ ရက်တိုးရက်လျော့ မခံခဲ့ရဘဲ မူလအတိုင်း ယနေ့တိုင် ရက် ၃ဝ ရှိခဲ့လေသည်။

9-SEPTEMBER-birthstone-symbol
ရှေးအခါက ရောမလူမျိုးတို့သည် စက်တင်ဘာလ၌ ကောက်သိမ်းပွဲများကျင်းပကာ လယ်ယာကောက် ပင် သီးနှံတို့ကို အစိုးရသည်ဟု ယူဆသော ῾ ဆီးရက်နတ်သမီး᾽ (Ceres ) အား ဂုဏ်ပြုပူဇော်လေ့ရှိကြသည်။ ဂရိလူမျိုးတို့ကလည်း ၄င်းတို့၏ လယ်ယာနတ်သမီး ῾ ဒီမီးတား᾽ ( Demeter) အား ပူဇော်ပွဲများ ကျင်းပခဲ့ကြသည်။ ဒီမီးတား နတ်သမီးသည် ဂရိုးနက်စ်နှင့် ရီးယာမိဖုရားတို့မှ ဖွားမြင်သော သမီးတော် ဖြစ်သည်။ စိုက်ပျိုးရေးနှင့် သီးနှံပေါကြွယ်မျုကို စိုးမိုးသူ ၊ အိမ်ထောင်ရေးကို စောင့်ရှောက်သူ နတ်ဒေ၀ီ အဖြစ် အထွတ်အမြတ်ထားကြသည်။
brithstone of setptember
ယခုခေတ်တွင်လည်း ဥရောပနိုင်ငံများ၌ စက်တင်ဘာလနောက်ပိုင်းရက်များတွင် ကောက်သိမ်းပွဲ တော်ကို ကစားမျိုးစုံ ၊အစားမျိုးစုံ တို့ဖြင့် တခမ်းတနား တပျော်တပါးကျင်းပကြလေသည်။ စက်တင်ဘာလ၏ ၀ိသေသ ပန်းမှာ ကန်စွန်းပန်းဖြစ်သည်။ မွေးနံကျောက်မျက်မှာ နီလာဖြစ်သည်။
မြန်မာ့သမိုင်း၌ စက်တင်ဘာလအတွင်း ထူးခြားသောဖြစ်ရပ်များမှာ –
၁၁၉၇ စက်တင်ဘာလ ၁ ။        ။ပုဂံဓမ္မရာဇိက ဘုရားကို နရပတိစည်သူမင်းက တည်ထားကိုးကွယ်ခဲ့သည်။
၁၂၈၃ စက်တင်ဘာ ၂၂ ။         ။မင်းသား ဆင်ခူဒါ ( Sang qu Dar ) ဦးစီးသော မွန်ဂိုတပ်များ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသသို့ စစ်ချီလာသည်။
၁၃၆၇ စက်တင်ဘာလ ၅ ။        ။အင်းဝမင်းဆက်၏ ဒုတိယမြောက် ဘုရင်မင်းကြီးစွာ နန်းတက်သည်။
၁၅၄၁ စက်တင်ဘာလ ၂၆ ။        ။စာဆိုတော် ရှင်မဟာသီလဝံသ တောင်တွင်းကြီး၌ ပျံလွန်တော်မူသည်။
၁၅၇၀ စက်တင်ဘာ ၁၅ ။        ။ ဘုရင့်နောင် မင်းကြီး ပဲခူးရွှေမော်ဓေါ ဘုရားကို ပြုပြင်မွမ်းမံသည်။
၁၅၇၅ စက်တင်ဘာ ၂၆ ။        ။ ဘုရင့်နောင်မင်းကြီး ဟံသာဝတီ နေပြည်တော်မှ အညာသို့ ချီတက်သည်။
၁၅၉၇ စက်တင်ဘာ ၅ ။          ။ ပြည်ဘုရင် မင်းကြီးနှောင်း နတ်ရွာစံသည်။
၁၆၀၈ စက်တင်ဘာ ၂၁။         ။ အနောက်ဘက်သာလွန်မင်းသည် ပြည်မြို့တွင် ညီတော်မင်းရဲသိင်္ဂါသူကို အစောင့်ထား၍ အင်းဝသို့ပြန်သည်။
၁၆၃၄ စက်တင်ဘာ ၂၉။          ။ သာလွန်မင်းက ရခိုင်သံတမန် များနှင့်တွေ့ဆုံသည်။
၁၆၃၈ စက်တင်ဘာ ၂၈။          ။ သာလွန်မင်းသည် သာသနာတော်အကျိုး၊ ပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်သော မင်းဧကရာဇ်တို့၏ ဆောင်ရွက်ဖွယ် အရေးအခင်းကိစ္စများကို အမိန့်ထုတ်သည်။
၁၆၈၅ စက်တင်ဘာ ၁။           ။ နောင်ရမ်းခေတ် မင်းရဲကျော်ထင်မင်း၏ မယ်တော်မဟာ ရတနာဓိပတိဒေ၀ီ နတ်ရွာစံသည်။
၁၆၉၅ စက်တင်ဘာ ၁၂ ။          ။ မင်းရဲကျော်ထင် မင်းသီရိပ၀ရ ပဏ္ဏိတသီဟသုဓမ္မရာဇာ ဘွဲ့ဖြင့် ဥကင်သ ဖွင့်သည်။
၁၇၅၉ စက်တင်ဘာ ၂၁ ။          ။ အလောင်းမင်းတရားအဖွဲ့  ပြည်မြို့မှ ရန်ကုန်သို့ ဆက်လက်ထွက်ခွာသည်။
၁၇၉၀ စက်တင်ဘာ ၄ ။           ။ ဗဒုံမင်းက မဟာမုနိဘုရားအား ရွှေသင်းကျစ်လှူဒါန်းသည်။
၁၇၉၆ စက်တင်ဘာ ၁၁ ။       ။ ကြည့်ကန်ရှင်ကြီးက စွယ်စုံကျော်ထင် ကျမ်းကိုေ၇းသား ပြုစုပြီးသည်။
၁၈၀၃ စက်တင်ဘာ  ၂၅ ။         ။ မင်းတုန်းမင်းလက်ထက် ထင်ရှားခဲ့သည့် ရေနံချောင်းမြို့ဝန်ကြီး ဦးရွှေစိုကို ဖွားမြင်သည်။
၁၈၁၅ စက်တင်ဘာ ၃၉ ။         ။ စန္ဒမုနိဘုရားရှင်ကို မင်းကွန်းမှ ရွှေမြို့တော်သို့ ပင့်ဆောင်စေသည်။
၁၈၂၃ စက်တင်ဘာ ၂၄ ။         ။ ရှင်မဖြူကျွန်းပေါ်၌ တပ်ခွဲထားသော ဗြိတိသျှတပ်ကို မြန်မာတို့ ၀င်ရောက်တိုက်ခိုက်သည်။
၁၈၂၄ စက်တင်ဘာ ၆ ။          ။ ထားဝယ်နှင့် မြိတ်မြို့များကို မြို့ဝန်နှင့် တကွ အင်္ဂလိပ်တို့ သိမ်းယူရ ရှိသည်။
၁၈၂၅ စက်တင်ဘာ ၂၉။         ။ စစ်ကိုင်းမင်း၏ ညီတော်တောင်ငူမင်း သီရိမဟာသီဟသူရ ဓမ္မရာဇာ တောင်ငူမြို့တော်၌ ကံကုန်တော်မူသည်။
၁၈၂၆ စက်တင်ဘာ ၂၁ ။         ။ ဟံသာဝတီမင်းကြီး မဟာမင်းလှရာဇာက ရန္တပိုစာချုပ်တွင် ကျန်ရှိနေသေးသည့် ငွေအတွက် ရက် ၁ဝဝ မပြည့်မှီ ရန်ကုန်မြို့သို့ သွားရောက်ပေးချေရန် အမိန့်ချသည်။
၁၈၄၁ စက်တင်ဘာလ ၂။        ။ သာယာဝတီမင်းသည် မိဘုရားခေါင်ကြီးနှင့်တကွ သားတော် ၊ ညီတော်၊ မှူးမတ်အပေါင်းခြံရံ၍ အမရပူရမြို့တော်မှ ဟံသာဝတီ ရန်ကုန်သို့ ထွက်ခွာသည်။
၁၈၆၄ စက်တင်ဘာ ၆ ။        ။ ကုလားကုန်သည် ဟောလေဒီဘို လုပ် ကုမ္ပဏီမှ ဆောက်လုပ်သည့် မီးသင်္ဘောကို ῾ စင်္ကြာယာဉ်မွန် ᾽ ဟု ကမ္ပည်းတင်သည်။
၁၈၇၁ စက်တင်ဘာ ၁၂ ။         ။  ပဉ္စမသင်္ဂါယနာတင်ပွဲကြီး ပြီးဆုံးသည်။
၁၈၇၈ စက်တင်ဘာ ၁၉ ။       ။ သီပေါမင်းသားကို အိမ်ရှေ့ဥပရာဇာ အပ်နှင်းကြောင်း အမိန့်ထုတ် ပြန်သည်။
၁၈၈၅ စက်တင်ဘာလ ၈ ။       ။ ရတနာပုံနေပြည်တော်နန်းမြို့တော်ရှိ လွှတ်တော်ရှေ့တွင် တည်ဆောက်ပြီးစီးသည့် စာပုံနှိပ်စက်ရုံကြီး စတင် ပုံနှိပ်သည်။
၁၈၈၅ စက်တင်ဘာ ၁၀ ။          ။ မြန်မာဘုရင်လွှတ်တော်က ဒဏ်ငွေကို အချိန်မှီ မပေးသွင်းပါက ဘုံဘေဘားမားသစ် ကုမ္ပဏီပိုင်ဆင်နှင့် သသ်ဖောင်များကို သိမ်းဆည်းမည်ဖြစ်ကြောင်း အမိန့်ထုတ်သည်။
၁၈၈၆ စက်တင်ဘာ ၂၄ ။           ။ မြန်မာနိုင်ငံ ဥပဒေများ အက်ဥပဒေ ( Burma Laws Act 1886 ) ကို ပြဌာန်းသည်။
၁၈၈၆ စက်တင်ဘာ ၂၅ ။          ။ ဆာချားလ်ဘားနဒ် သည် မြန်မာနိုင်ငံ မဟာဝန်ရှင်တော် မင်းကြီး အဖြစ် ခန့်အပ်ခံရသဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး မဟာဝန်ရှင်တော်မင်း ကြီးဖြစ်လာသည်။
၁၉၂၀ စက်တင်ဘာ ၂၆ ။         ။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က လက်ခံသည်။
၁၉၂၁ စက်တင်ဘာ ၁၇ ။         ။ မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က the Burma Rural Self – Government Act 1921 ကို သဘောတူသည်။
၁၉၂၁ စက်တင်ဘာ ၂၃ ။          ။ မင်းတုန်းမင်း၏ သားတော် မြင်ကွန်းမင်းသား ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့ (ယခု ဟိုချီမင်းမြို့တော်) ၌ ကံကုန်သည်။
၁၉၂၆ စက်တင်ဘာ ၆ ။        ။ ရွှေဘိုနယ်၌ မင်းလောင်း ဗန္ဓကရသေ့က အင်္ဂလိပ်တို့ကို တော်လှန် ပုန်ကန်ရန် လှုံ့ဆော်သည်။
၁၉၂၈ စက်တင်ဘာ ၂၈ ။        ။ မင်းလောင်းဗန္ဓကရသေ့ အားဖမ်းဆီးရမိသည်။
၁၉၂၉ စက်တင်ဘာ ၉ ။         ။ မြန်မာ့အမျိုးသားတို့အား နိုင်ငံရေးစိတ် နိုးကြားလာအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အာဇာနည် အရှင်ဦးဝိစာရ ( ၁၈၈၉ – ၁၈၂၉) ထောင်အတွင်း၌ ဥပုသ်သီတင်းပြုခွင့်မရသဖြင့် အစာငတ်ခံ ဆန္ဒပြရာမှ ဆန္ဒပြရက်ပေါင်း ၁၆၆ ရက်မြောက်နေ့ ညနေ ၉ နာရီ ၂ဝ မိနစ်တွင် ပျံလွန်တော်မူသည်။
၁၉၃၅ စက်တင်ဘာ ၉  ။        ။ အိန္ဒိယအစိုးရက အက်ဥပဒေပြဌာန်းသည်။ ကျန်ဥပဒေအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခု မဟုတ်တော့ဘဲ ဗြိတိသျှ အင်ပါယာအတွင်း သီးခြားနိုင်ငံဖြစ်လာသည်။
၁၉၃၇ စက်တင်ဘာ  ၄ ။        ။ တို့ဗမာအစည်းအရုံး အမှုဆောင်အစည်းအဝေးကို ရွှေတိဂုံ စေတီတော် တောင်ဘက်ဆောင်းတန်း မော်လမြိုင်ဇရပ်၌ ပြုလုပ်၍ ဗမာ့လက်ရုံးတပ်ဖွဲ့ စည်းမျဉ်းဥပဒေကို အတည်ပြုခဲ့သည်။
၁၉၃၈ စက်တင်ဘာ ၂၂ ။        ။ မြန်မာနိုင်ငံအစိုးရ ပြည်ထဲရေးဌာနက ကုလား- မြန်မာ အဓိကရုဏ်း စုံစမ်းရေး ကော်မတီကို ဖွဲ့ စည်းပေးသည်။
၁၉၃၉ စက်တင်ဘာ ၁။ ဗမာ့ထွက်ရပ်ဂိုဏ်းကို စတင်တည်ထောင်ခဲ့သည်။ အထွေထွေအတွင်း ရေးမှူးမှာသခင်အောင်ဆန်းဖြစ်သည်။
၁၉၃၉ စက်တင်ဘာ ၉ ။        ။ မြန်မာအမျိုးသားများအား နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော ဆရာတော် ဦးဥတ္တမ ( ၁၈၉၇- ဒီဇင်ဘာ ၂၇ – ၁၉၃၉ စက်တင်ဘာ ၉) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပျံလွန်တော်မူသည်။
၁၉၄၀ စက်တင်ဘာ ၇ ။        ။ ဦးဘဘေ တင်သွင်းသည့် ဦပုအစိုးရ အပေါ် အယုံအကြည်မရှိ အဆိုကို မဲခွဲရာ အဆိုဖက်မှ အနိုင်ရှိ၍ ဦးပုညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားသည်။
၁၉၄ဝ စက်တင်ဘာ ၉ ။        ။ ဂဠုန်ဦးစော ခေါင်းဆောင်သည့် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းသည်။
၁၉၄၁ စက်တင်ဘာ ၂၃ ။       ။ နန်းရင်းဝန် ( ၀န်ကြီးချုပ်) ဂဠုန်ဦးစောနှင့် အတွင်းဝန် ဦးတင်ထွဋ်တို့ မြန်မာ့လွတ်လပ်ရေး အရေးဆိုရန် အင်္ဂလန်ပြည်သို့ထွက်ခွာသည်။
၁၉၄၂ စက်တင်ဘာ ၆ ။       ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ ရန်ကုန် ဘီအိုင်အေ ဆေးရုံကြီး၌ ထိမ်းမြားလက်ထပ်သည်။
၁၉၄၂ စက်တင်ဘာ ၉ ။       ။ ရန်ကုန်မြို့ ရန်နိုင်ဈေး ( ယခုဗိုလ်ချုပ်အောင်ဆန်းဈေး) ကျန်းမာ ရေးပြခန်း၌ အစည်းအဝေးကျင်းပကာ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းဖွဲ့စည်းရန် ဆုံးဖြတ်ကြသည်။
၁၉၄၂ စက်တင်ဘာ ၂၆ ။      ။ မြန်မာပညာရှိ အဝေးရောက် ဦးအောင်ကြီး ရွှေဘိုမြို့၌ ကွယ်လွန် သည်။
၁၉၄၃ စက်တင်ဘာ ၁၆ ။       ။ ဗမာ့ကာကွယ်ရေး တပ်မတော်ကို ဗမာ့အမျိုးသားတပ်မတော် ( Burma National Army)  ဟု အမည်ပြောင်း သည်။
၁၉၄၃ စက်တင်ဘာ ၂၃ ။       ။ ရေနံမြေသပိတ်ခေါင်းဆောင်ကြီး သခင်ဘိုးလှကြီး ကင်ဆာရောဂါဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကွယ် လွန်သည်။
၁၉၄၄ စက်တင်ဘာ ၂ ။       ။ ဂျပန်စစ်တပ်က ဗြိတိသျှ ဗိုလ်မှူး ဆီးဂရင်းမ် နှင့် ကရင်အမျိုးသား ၇ ဦးတို့အား  သူလှိုမှုဖြင့် ကြည့်မြင်တိုင် သင်္ချိုင်းကုန်း၌ သေနတ်ဖြင့် ပစ်သတ်ကွပ်မျက်သည်။
၁၉၄၄ စက်တင်ဘာ ၇ ။       ။ ဂျီစီဘီအေ ဥက္ကဌ ဦးစိုးသိမ်း ကွယ်လွန်သည်။
၁၉၄၄ စက်တင်ဘာ ၈ ။       ။ ဂျပန်ခေတ် မြန်မာအစိုးရသည် နိုင်ငံခြားအမည်ဖြင့် မှည့်ခေါ်ထားသည့် မြို့များနှင့် လမ်းများကို မြန်မာ အမည်သို့ပြောင်းလဲခဲ့သည်။
၁၉၄၅ စက်တင်ဘာ ၇ ။        ။ အာရှအရှေ့တောင် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်သန်းထွန်း တို့က ကန္နီသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည်။
၁၉၄၆ စက်တင်ဘာ ၂၇ ။        ။ မြန်မာနိုင်ငံ ဘုရင်ခံ ဆာဟူးဘတ်ရန့်ခ် နှင့် အမှုကောင်စီကို ဗိုလ်ချုပ် အောင်ဆန်း ပါဝင်သောအမှုဆောင်(၁ဝ) ဦးဖြင့် ဖွဲ့စည်းကြောင်းကြေညာသည်။
၁၉၄၆ စက်တင်ဘာ ၅ ။        ။ ဗြတိသျှအစိုးရအား ဆန့်ကျင်သော ပြည်လုံးကျွတ် ပုလိပ်သပိတ် မှောက်သည်။
၁၉၄၆ စက်တင်ဘာ ၁၇ ။        ။  ဆာပေါ်ထွန်း အစိုးရ ပြုတ်ကျသည်။
၁၉၄၇ စက်တင်ဘာ ၁၆ ။         ။ ရန်ကုန်မြို့တွင် အတွင်းဝန်များရုံး အတွင်းရှိ တိုင်းပြည်ပြုလွှတ်တော် အဆောက်အအုံရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ အထိမ်း အမှတ် မော်ကွန်းတိုက်ကျောက်တိုင် ဖွင့်ပွဲပြုလုပ်သည်။
၁၉၄၇ စက်တင်ဘာ ၂၅ ။       ။ တိုင်းပြည်ပြု လွှတ်တော် တတိယ ညီလာခံကျင်းပ၍ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ယာယီသမ္မတအဖြစ် ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်အားလည်းကောင်း၊ ယာယီနိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် သခင်နုအား လည်းကောင်း ရွေးကောက်တင်မြှောက်သည်။
၁၉၅၄ စက်တင်ဘာ ၃၁ ။        ။ရပ်စောက်မြို့ ၌ ဗိုလ်မှူးကြီး ဗထူးအား ဂုဏ်ပြုတည်ဆောက်သော ဗထူးမြို့ ဆောက်လုပ်ပြီးစီးသည်။
၁၉၅၈ စက်တင်ဘာ ၂၆ ။        ။ ၀န်ကြီးချုပ် ဦးနုက ဗိုလ်ချုပ်နေဝင်းအမှူးပြုသော အိမ်စောင့်အစိုးရ အဖွဲ့ သို့ အုပ်ချုပ်မှုအာဏာ လွှဲပြောင်းပေးသည်။
၁၉၆၈ စက်တင်ဘာ ၂၄ ။        ။ ဗမာပြည် ကွန်မြူနစ် ပါတီဥက္ကဌ သခင်သန်းထွန်းအား ῾မြကြီး᾽ဆို သူက လုပ်ကြံသတ်ဖြတ်သောကြောင့် ပဲခူးရိုးမ မြရာပင်တော၌ ကျဆုံးသည်။
၁၉၈၇ စက်တင်ဘာ ၂၂ ။        ။ ပြည်ထောင်စုဘဏ်မှ ၄၅ ကျပ်တန် နှင့် ၉၀ ကျပ်တန်ငွေစက္ကူ အမျိုး အစားသစ်ကို စတင်ထုတ်ဝေသည်။
၁၉၈၈ စက်တင်ဘာ ၁၈ ။        ။ န၀တ၏ ကြေညာချက် အမှတ် ၁/ ၈၈ ဖြင့် နိုင်ငံတော် အာဏာကို တတိယအကြိမ်အဖြစ် စစ်တပ်မှ သိမ်းပိုက်သည်။
၁၉၈၈ စက်တင်ဘာ ၂၇ ။        ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအမှတ် ၄ / ၈၈ ကို နဝတ အစိုးရက ထုတ်ပြန်သည်။
ကမ္ဘာ့သမိုင်း၌ စက်တင်ဘာလ အတွင်းပထမဆုံး ကျရောက်သော တနင်္ဂနွေနေ့ကို ῾ ဖခင်များနေ့᾽ အဖြစ် သြစတြေးလျ နှင့် နယူးဇီလန် နိုင်ငံတို့က သတ်မှတ်ကြသည်။
အိန္ဒိယနိုင်ငံတွင်မူ နှစ်စဉ် စက်တင်ဘာလ ၅ ရက်နေ့ကို ဆရာများနေ့အဖြစ် သတ်မှတ်၍ အခမ်းအနားများ ကျင်းပကြသည်။ ဘရာဇီးနိုင်ငံ၏ လွတ်လပ်ရေးနေ့ကို စက်တင်ဘာလ ၇ ရက်နေ့၌ ကျင်းပသလို ၊ မက္ကဆီကိုနိုင်ငံ၏ လွတ်လပ်ရေးနေ့မှာ စက်တင်ဘာလ ၁၆ ရက်နေ့ဖြစ်သည်။ ဥဇဘက်ကစ္စတန်၏ လွတ်လပ်ရေးနေ့မှာ စက်တင်ဘာလ ၁ ရက်တွင်ကျရောက်၍ ဗီယက် အမျိုးသားနေ့ကို စက်တင်ဘာလ ၂ ရက်နေ့ တွင် ကျင်းပကြသည်။ ထိုနည်းတူစွာ မိုဇမ်းဘဇ် နိုင်ငံ၏ တော်လှန်ရေးနေ့ကို စက်တင်ဘာလ ၂၅ တွင် နှစ်စဉ်ကျင်းပကြသည်။
ဂျပန်နိုင်ငံ၌ သက်ကြီးရွယ်အိုများ နိဝါတဂါဝရပြု ပွဲတော်ကို စက်တင်ဘာလ၏ တတိယအပတ် တနင်္လာနေ့တွင် ကျင်းပသည်။
အမေရိကန်ပြည်ထောင်စု ကျောင်းများ၌ စက်တင်ဘာလ (၁၇) ရက်နေ့ကို အခြေခံဥပဒေကို ရေးဆွဲပြီးစီးခြင်း အထိမ်းအမှတ်အဖြစ် အခြေခံဥပဒေနေ့ သတ်မှတ်ကာ ကျင်းပကြသည်။
စက်တင်ဘာလ၏ ဝိသေသပန်းမှာ ကန်စွန်းပန်းဖြစ်သည်။ စက်တင်ဘာလဖွားသူများ၏ မွေးနံကျောက် မျက်မှာ နီလာဖြစ်သည်။
hg_wells_1890

စက်တင်ဘာလတွင် မွေးဖွားခဲ့ကြသော ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများတွင် အနုမြူသဘောတရားကို ဖော်ထုတ်ခဲ့သော အင်္ဂလိပ် ဓါတုဗေဒနှင့်  ရူပဗေဒ ပညာရှင် ဂျွန်ဒေါ်လတန် ၊ အင်္ဂလိပ် အဘိဓါန်ကျမ်း ပြုဆရာကြီးနှင့် စာရေးဆရာကြီး ဆင်မြူရယ်ဂျွန်ဆင်၊ သိပ္ပံဝတ္တုရေးဆရာနှင့် သမိုင်းပညာရှင် အိပ်ခ်ျဂျီဝဲ ၊ ဓါတုဗေဒပညာရှင် မိုက်ကယ်ဖာရာဒေး၊ အမေရိကန် ဝတ္တုတိုဆရာ အိုးဟင်နရီ တို့မှာ ထင်ရှားလေသည်။
The Alexander of the Great
ကမ္ဘာ့ခေါင်းဆောင်များအနက် အင်္ဂလန်ပြည် ပထမမြောက် အယ်လီဇဘက် ဘုရင်မ ၊ ဂရိဧကရာဇ် မဟာအလက်ဇန်းဒရား၊ ပြင်သစ်တတိယမြောက် ဟင်နရီဘုရင်၊ ပြင်သစ် ၁၄ ဆက်မြောက် လူဝီဘုရင်၊ အင်္ဂလိပ်ရေကြောင်းဗိုလ်ချုပ်ကြီး နယ်လဆင်၊ ဗက်တီကန် မြို့တော် သာသနာပိုင် ပုတ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလ်။ကိုးရီးယားသမ္မတနိုင်ငံ သမ္မတ ပတ်ချုံဟီး၊ ဘယ်ဂျီယမ် ဆဌမမြောက် ဘိုဒိုယင်ဘုရင် တို့သည် စက်တင်ဘာလဖွားများဖြစ်သည်။
အနောက်တိုင်း နက္ခတ္တဗေဒပညာအရ စက်တင်ဘာလ ၁ရက်မှ ၂ ရက်အတွင်း မွေးဖွားသူများသည် ဇွဲကောင်း၍ မဖြစ်မနေ ကြိုးစားတတ်သူဖြစ်သည်။ ပတ်ဝန်းကျင်နှင့် ရေလိုက်ငါးလိုက် အဆင်ပြေအောင် နေထိုင်တတ်ပါက ထိတ်တန်းသို့ ရောက်နိုင်သည်ဟု ဖွင့်ဆိုထားသည်။
စက်တင်ဘာလ ၂၂ ရက်မှ ၃ဝ အတွင်း မွေးဖွားသူများမှာ တရားမျှတမှုကို လိုလား၍ သတိဝီရိယ ကြီးသူများဖြစ်သည်။ ၄င်းတို့သည် အတွေးအမြင် စိတ်ကူးကောင်းသူများဖြစ်၍ အနုပညာ၊ဖက်ရှင် လုပ်ငန်းတို့ တွင် ထွန်းပေါက်တတ်သည်ဟု ဆိုသည်။
စက်တင်ဘာလတွင် အောက်ပါ ကမ္ဘာ့သမိုင်းဝင်ဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့သည် –
လက်ရှိ ကမ္ဘာသုံးပြက္ခဒိန်ဖြစ်သော ဂရက်ဂိုရီယမ် ပြက္ခဒိန်ကို အင်္ဂလိပ်နှင့် အမေရိကန် ကိုလိုနီနိုင်ငံများက ၁၇၅၂ ခု စက်တင်ဘာလ ၂ ရက်နေ့တွင် စတင်လက်ခံအသုံးပြုခဲ့ကြသည်။ ပြက္ခဒိန်ကို စက်တင်ဘာလ ၂ ရက်နေ့တွင် ၁၁ ရက်ဖြိုပြီး ၁၄ ရက်မှ စ၍ ရေတွက်ခဲ့လေသည်။
ပြင်သစ်တော်လှန်ရေးကာလတွင်လည်း ၁၇၉၂ ခု စက်တင်ဘာ ၂ ရက်နေ့၌ တော်လှန်ရေးအင် အားစုများ ပါဝင်သော အမျိုးသားညီလာခံကိုခေါ်ယူ ဖွင့်လှစ်သည်။ ထိုညီလာခံကပင် ဘုရင်အုပ်ချုပ်သော စနစ်ကို ဖျက်သိမ်းလိုက်ပြီးနောက် ပြင်သစ် သမ္မတ နိုင်ငံတည်ထောင်ကြောင်း ကြေညာခဲ့သည်။ ပြင်သစ်တော် လှန်ရေး ပြက္ခဒိန်ဟု ခေါ်တွင်လာသော အဆိုပါပြက္ခဒိန်ကို ၂၂ ရက်နေ့မှ စတင်ကာ အသစ်တီထွှင် အသုံး ပြုခဲ့၏။
၁၈၁၂ ခု စက်တင်ဘာ ၁၄ ရက်တွင် ပြင်သစ်ဘုရင် နပိုလီယံ သည် ချောဆွဲစစ်သား ငါးသိန်းဖြင့် ရုရှားနိုင်ငံကို ချီတက်၍ မော်စကိုမြို့ကိုသိမ်းပိုက်ရာ ရုရှစစ်တပ်များက အဆောက်အဦပေါင်း ၃ဝဝဝဝ ခန့်ကို မြေလှန်ဖျက်ဆီးကာတပ်ဆုတ်ပေးရသည်။
o-henry
ပရပ်ရှား၊ သြစတြီးယားနှင့် ရုရှားနိုင်ငံများက သာသနာ့နိုင်ငံတော် စောင့်ရှောက်ရေး သဘောတူစာ ချုပ်ကို ၁၈၁၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ချုပ်ဆိုခဲ့သည်။
၁၈၄၆ ခု စက်တင်ဘာ ၉ ရက်တွင် အမေရိကန်လူမျိုး အဲလစ်ဟိုးက ပထမဦးဆုံး အပ်ချုပ်စက် ကိုတီထွှင်ပေးခဲ့သည်။ ၁၈၅၇ စက်တင်ဘာ ၁၄ ၇က်တွင် အိန္ဒိယ အမျိုးသားစစ်မှုထမ်းများက နယ်ချဲ့ဗြိတိသျှ အစိုးရကို တော်လှန်၍ ဒေလီမြို့ကို တိုက်ခိုက်ကြသည်။
၁၈၆၂ စက်တင်ဘာလ ၂၂ ရက်တွင် အမေရိကန် ၁၆ ဦးမြောက် သမ္မတ အေဗရာဟင်လင်ကွန်းက ငွေဝယ်ကျွန်များ လွတ်မြောက်ရေး ကြေညာချက်ကို လက်မှတ်ရေးထိုး၍ ထုတ်ပြန်ပေးခဲ့သည်။
၁၈၇၃ စက်တင်ဘာလ ၃ ရက်နေ့တွင် အမေရိကန် လွတ်လပ်ရေးအသိအမှတ်ပြု စာချုပ်ကို ဗြိတိန်က လက်မှတ်ရေးထိုးသည်။
Samuel Johnson
၁၉၃၈ စက်တင်ဘာ ၃၀ ရက်တွင် ချက်ကိုစလိုဗက်ကီးယားပိုင် ဆူဒက်တန်နယ်မြေကို နာဇီခေါင်း ဆောင် ဟစ်တလာက တောင်းဆိုခဲ့ရာ မြူးနစ်ကွန်ဖရင့် စာချုပ်အရ ပြင်သစ်နှင့် ဗြိတိန်တို့က လိုက်လျော ခဲ့ရသည်။ ထိုနေ့မှာပင် ဟစ်တလာသည် ဗြိတိန်နှင့် ငြိမ်းချမ်းရေးစာချုပ်ကိုချုပ်ဆိုခဲ့သည်။
၁၉၃၉ စက်တင်ဘာ ၁ရက်နေ့တွင် ဂျာမနီက ပိုလန်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဒန်းဇစ်မြို့ကို သိမ်းပိုက်လိုက်သည်။သို့ဖြင့် ဒုတိယ ကမ္ဘာစစ်ကို  စတင်မီးမွှေးလိုက်လေသည်။
ထိုနောက် စက်တင်ဘာလ ၃ ၇က်နေ့တွင် ဗြိတိန်နှင့် ပြင်သစ်တို့က ဂျာမနီကို စစ်ကြေညာသည်။ စက်တင်ဘာလ ၂ ရက်နေ့တွင် အသက်၁၈ နှစ် နှင့် ၄၁ နှစ်ရှိသော ယောင်္ကျားတိုင်း စစ်ထဲ ဝင်မနေရ အမိန့်ကို ဗြိတိန်က ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၄ ၇က်နေ့တွင် ဗြိတိသျှစစ်သင်္ဘော ῾ အေသင်နီးယား᾽ ကို ဂျာမနီရေကုပ်သင်္ဘောက နစ်မြုပ်လိုက်ရာ အင်္ဂလိပ်ဘုရင် လေတပ်ကဂျာမနီစစ်သင်္ဘောများကို ပြန်လည်ဗုံး ကြဲတိုက်ခိုက်သည်။
၁၉၃၉ စက်တင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုက ကြားနေမည်ဟု ကြေညာပြီး တောင်အာဖရိက၊ သြစတေးလျနှင့် နယူးဇီလန်နိုင်ငံများက ဂျာမနီကို စစ်ကြေညာသည်။ ထိုနေ့မှာပင် ဂျာမနီက ဗြိတိန်ကို ပထမဆုံး ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့၌ ရုရှစစ်ထဲဝင်လာ၍ ပိုလန်နိုင်ငံမြောက်ပိုင်းသို့ စစ်ချီသည်။ ၁၀ ရက်နေ့တွင် ကနေဒါက ဂျာမနီကို စစ်ကြေညာသည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဂျာမနီတပ်များနှင့် ရုရှားတပ်များကို ပိုလန်နိုင်ငံ ဘရက်လစ်တော့ မြို့၌ဆုံကြသည်။ ထိုနေ့မှာပင် ရုရှားနှင့် ဂျာမနီတို့ စစ်မတိုက်ရေးသဘောတူစာချုပ်ကို ချုပ်ဆိုကြသည်။ စက်တင်ဘာလ ၂၇ ရက်တွင် ၀ါဆောမြို့ကိုသိမ်းပိုက်ပြိး ရုရှနှုင့် ဂျာမနီတိုပက ပိုလန်ပြည်ကိုခွဲဝေယူရေး သဘောတူညီချက်ကို စက်တင်ဘာလ ၂၉ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
Queen Elezabath 
၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဂျပန်စစ်တပ်များက အင်ဒိုချိုင်းနားကို ၀င်ရောက် တိုက်ခိုက်သည်။ ၁၉၄၇ စက်တင်ဘာ ၃ ၇က်နေ့တွင် အီတလီကို မဟာမိတ်တပ်များ ၀င်ရောက်တိုက်ခိုက်ရာ ၈ ရက်နေ့တွင် အီတလီလက်နက်ချရသည်။
၁၉၄၅ စက်တင်ဘာ ၂ ရက်တွင် ဂျပန်တိုပက တရားဝင် လက်နက်ချစာချုပ်ကို တိုကျိုပင်လယ်အော်၌ ရပ်ထားသော အမေရိကန်စစ်သဘောင်္ကြီး ῾ မီဇူရီ᾽ ပေါ်တွင် လက်မှတ်ရေးထိုးသည်။ ဤသို့ဖြင့် ဒုတိယကမ္ဘာ စစ်ကြီး အကြွင်းမရှိပြီးဆုံးသွားခဲ့လေသည်။
၁၉၄၅ စက်တင်ဘာလ ၉ ရက်နေ့တွင် အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်မက်အာသာသည် ဂျပန်နိုင်ငံကွပ်ကဲအုပ်ချုပ်ရေးကို လွှဲပြောင်းရယူသည်။
၁၉၄၆ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဂျာမနီ နာဇီစစ်ခေါင်ဆောင် ၂၂ ဦးအား ဒုတိယကမ္ဘာစစ် တရားခံများ အဖြစ် ဂျာမနီနိုင်ငံ နုရင်ဘတ်မြို့ နိုင်ငံတစ်ကာစစ်ခုံရုံးက စစ်ဆေး၍ သေဒဏ်ချမှတ်သည်။
ရုရှ၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံများ မပါဝင်သော ၄၅ နိုင်ငံနှင့် ငြိမ်းချမ်းရေးစာချုပ်ကို ၁၉၅၁ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ဆန်ဖရန်စစ္စကို မြို့၌ ဂျပန်တို့က လက်မှတ်ရေးထိုးသည်။ ထိုနေ့မှာပင် ဂျပန်ပြည်၌ အမေရိကန်တပ်များ ဆက်လက်ထားရှိခွင့် ပါဝင်သော ဂျပန် ၊ အမေရိကန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုကြသည်။
ဂျူးလုမျိုးများအား သတ်ဖြတ်ခဲ့သည့်အတွက် လျော်ကြေးငွေအဖြစ် ဒေါ်လာ ၈၂၂ သန်းကို အစ္စရေးနိုင်ငံအား ပေးရန် ၁၉၅၂ စက်တင်ဘာ ၁ဝ ရက်နေ့တွင် ဂျာမနီနိုင်ငံက သဘောတူခဲ့သည်။
၁၉၅၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ သြစတေးလျ ၊ နယူးဇီလန်၊ ဖိလစ်ပိုင် ၊ ပါကစ္စတန် နှင့် ယိုးဒယား (ထိုင်း) နိုင်ငံတို့က  အရှေ့တောင်အာရှ စုပေါင်းကာကွယ်ရေး စာချုပ်အဖွဲ့ ( South East Asia Collective Defense Treaty Organization – SEATO) ကို ဖွဲ့ စည်းတည်ထောင်ခဲ့သည်။
King Baudouin
အနုမြူစွမ်အင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် ပတ်သက်သော အပြည်ပြည်ဆိုင်ရာကွန်ဖရင့်ကို ၁၉၅၈ စက်တင်ဘာ ၁ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပြသည်။
၁၉၆၁ စက်တင်ဘာ ၁၈ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဒက်ဟန်မားရှိုး ( ၁၉၀၅- ၁၉၆၁) ကွန်ဂိုသို့အသွား မြောက်ရိုဒီးရှားနိုင်ငံ အင်ဒိုလာမြို့အနီး၌ လေယာဉ်ပျက်ကျ၍ ကွယ်လွန်သွားခဲ့သည်။
၁၉၅၆ စက်တင်ဘာ ၄ ရက်နေ့တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဂျာမန်အမျိုးသား ဆေးပညာရှင် ဒေါက်တာအယ်လ်ဘတ်ရွိုင်ဇာ ( ၁၈၇၁- ၁၉၅၆) ကွယ်လွန်သည်။
ယခုနှစ် ၂၀၁၃ (အင်္ဂလိပ်) စက်တင်ဘာလတွင် မြန်မာ ၀ါခေါင်လပြည့်ကျော် ၁၁ မှ ၀ါခေါင်လ ကွယ်အထိ ၄ ရက်ပါဝင်၍  တော်သလင်းလဆန်း ၁ရက်မှ တော်သလင်းလပြည့်ကျော် ၁၁ နေ့အထိ ၂၆ ရက်ပါဝင်သည်။
တော်သလင်းလသည် မြန်မာလများတွင် ဆဌမမြောက်လဖြစ်သည်။ မိုးဥတု၌ ပါဝင်သည်။ တော်သလင်းလကို ရှေးအခါက ῾ သစ်ဆင်း᾽ လဟုခေါ်သည်။ သစ်ဆင်းလခေါ်ပုံအကြောင်းကို ဝေါဟာရ လိနတ္ထိဒီပနီတွင် “ရေစီးအဟုန်မညံ့မချင်း။ မြစ်တွင်းသာသောကြောင့် သစ်ဖေါင်ဝါးဖောင်များ စုန်ဆင်းသည်။ တော်သလင်းကို မြစ်တွင်းသင်ဖြူးခင်း ဟု ရှေးသူဟောင်းတို့ ဆိုရိုးရှိသည်နှင့် ထောင်ချင့်၍ ဆင်ခြင်” ဟု  ဖော်ပြထားသည်။
ပုဂံကျောက်စာများတွင်မူ တော်သလင်းလကို ῾ တာင်္သ္လင်᾽ ဟူ၍၄င်း၊ တာင်္သ္လင် ဟူ၍၄င်း၊ ရေးသားထား သည်ကိုတွေ့ရ၏။ ဗေဒင်အခေါ်အားဖြင့် တော်သလင်းလကို ကန်ရာသီဟုခေါ်သည်။ ထိုရာသီတွင် ဘဒြနက္ခတ် နှင့် လမင်းယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဘရဂုဏ္ဏီနက္ခတ် နှင့် နေမင်းယှဉ်သည်။ ရာသီရုပ်မှာ မိန်းမရုပ် နှစ်ရုပ်ဖြစ်၏။ ရာသီပန်းမှာ ရင်းမာပန်းတည်း။
တော်သလင်းလတွင် လှိုင်းလေများ  ငြိမ်သက်၍ မြစ်တွင်းပျံ့ပျူးသောကြောင့် ရှေးမြန်မာမင်း များရှိစဉ်က လှေပြိုင်ပွဲဆင်ယင်ကျင်းပလေ့ရှိသည်။ ဤသည်ကိုရည်၍ ဦးအောင်ကြီး၏ အင်းဝမြို့ဘွဲ့ ၁၂ရာသီ လူတား တော်သလင်းလ ဘွဲ့ တွင်-
“ သာစွလေ၊ မြစ်ရေကမ်းပြည့်၊ ထန်းလည်းမှည့်၍ ၊ စည့်စည့်မိုဃ်းလ ၊ ဗဒ္ဒရနှင့် ပြည့်ဝအညီ၊ ကန်ရာသီဟု အာနီမြခိုင်၊ ရင်းမာလှိုင်က၊ မွှေးကြိုင်ပျံ့သင်း၊ တော်သလင်းဝယ်၊ မြစ်တွင်းရတု၊ ပန်းလုသဘင်၊ သစ်ဆင်းယင်လျှက်၊ လက်သင်လှော်ကား၊ ရွှေသားစက်ကွင်း၊ လှေချင်းလှော်ပြိုင်၊ ခွင့်ရေးလှိုင်၍ “ ဟူ၍ စပ်ဆိုထားလေသည်။
ရွှေဗျိုင်းတောရွာ ထွန်းပသော တော်သလင်းသမယတွင် နံနက်စက် ၄ နာရီ ၅ နာရီ မိနစ် ၅ဝ ၌ နေထွက်၍ ညနေစက် ၄ နာရီ ၆ နာရီ ၁ဝ မိနစ် ၌ နေဝင်သည်။ မြန်မာနာရီအားဖြင့် နေ့ ၃၂ နာရီ၊ ည ၂၈နာရီ ရှိသည်။ ဤသည်ကိုရည်၍ ဦးယာ၏ ဆယ့်နှစ်လရာသိထူးတား တော်သလင်းဘွဲ့၌ –
demeter-goddess-facts
“ တာယာရွှေဗျိုင်း၊ ဆီးတဲ့ဆိုင်းသား၊ မရိုင်းနောက်က၊ အလျှံပြ၍၊ ထွန်းပရောင်လူ၊ ရွှေဇမ္ဗူရာဇ်၊ မှန်ပုံခလျှက်၊ တက်သစ်စံရွှင်၊ ပဘင်္ကရ၊ တောက်ပဝင်းဝါ၊ နေစင်္ကြာနှင့် ဥတ္တရာမှီ၊ ဘရဂုဏ္ဏီဟု၊ ပြည့်ညီနက္ခတ်၊ လှည့်ပတ်အတူ၊ ဇမ္ဗူမဇ္စျေ၊ လက်ဗွေရောက်ငြား၊ ဘ၀ါးဗီသ၊ တွက်ရမှန်ညီ၊ နာရီနေ့တွင်၊ သုံးဆယ်မြင်၍နှစ်လျှင် စွန်းပါ၊ ညဥ့်ခါအဋ္ဌ  ၊ စမ္မသို့နေ “ ဟူ၍ စပ်ဆိုထားလေသည်။
တော်သလင်းလတွင် ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့မှာ ပြဿဒါး ( လုပ်ငန်းဆောင်တာ မဆောင်ရွက် ကောင်းသောဟု ယူဆထားသောရက် ) နေ့များဖြစ်ကြ၍ ၊ ကြာသပတေး၊ စနေ နေ့များမှာ ရက်ရာဇာ (ရက်ကောင်းရက်မြတ်) နေ့များဖြစ်သည်။
တော်သလင်းလဖွား ထင်ရှားသော ရှေးမြန်မာဂန္တ၀င်တတ်ပညာရှင်များမှာ စတုတ္တကျော်အောင် စံထားဆရာတော် က၀ိန္ဒ၊ ဒုတိယရွှေတောင်ဆရာတော် ရှင်ပဏ္ဏိတ၊ တလုတ်မြို့ဆရာတော် ရှင်သုနန္ဒ၊ ရာဇဝင်ချုပ် ကာလ၀ိမုတ် အဆုံးအဖြတ်ကျမ်း စသည်တို့ ကို ပြုစုခဲ့သော ရွှေခုံတိုင်ဆရာတော် ရှင်ဝရဏ၊ ဝေသန္တရဇာတကာလင်္ကာရကျမ်း စသောကျမ်းပေါင်း ၁ဝ ကျော်ပြုစုခဲ့သော ဝဇီရာရာမ ဆရာတော်ရှင် ပညာသီရိ၊ အဘိဓမ္မတ္ထသာရမေဒီိနီကျမ်း စသည်တို့ကို ပြုစုခဲ့သော ပန်းတောင်းဆရာတော် ရှင်ဝါသဝ၊ ဥမ္မာဒန္တီပျို့ကို သီကုံးခဲ့သော မဟာမင်းလှမင်းခေါင်ကျော် ဦးရွှန်းတို့ ပါဝင်လေသည်။

Ceres
လက်ရှိအနုပညာလောက၌ထင်ရှားသော စက်တင်ဘာလဖွားများမှာ နေတိုး(စက်တင်ဘာ ၉)၊လွင်မိုး(စက်တင်ဘာ၁၇)၊ နန်းဆုရတီစိုး (စက်တင်ဘာ၁၈)၊ ခိုင်သင်းကြည်(စက်တင်ဘာ ၂၇)၊ စိုးပြည့်သဇင်(စက်တင်ဘာ ၂၂)တို့ ဖြစ်ကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts