U Win Tin

U WIn Tin Interview – Messanger Jounral (17th Sept 2013)

ဒူးမထောက်တဲ့ ခြင်္သေ့လည်ပြန်၊ ဦးဝင်းတင်အင်တာဗျူး
(မက်ဆင့်ဂျာ ဂျာနယ်၊ စက်တင်ဘာ ၁၇၊ ၂၀၁၃)

လို အပ် လာ ရင် တ တိ ယ လွတ်လပ် ရေး တိုက် ပွဲ လည်း  ဆင် နွှဲ ရင် ဆင် နွှဲ ရ မှာ ပဲ …

“ မကြာခင်တုန်းက စာရေးဆရာတစ်ယောက်ပေါ့နော်၊ ပြင်ပမှာ စာနယ်ဇင်းလုပ်ငန်းတွေလည်း လုပ်တယ်။  ဒီမတိုင်ခင် ကျောင်းသားလှုပ်ရှားမှုတွေလည်း လုပ်ခဲ့တာ ပေါ့နော်။ သူပြောတဲ့ စကားတစ်ခွန်း ရှိတယ်။
အကုန်လုံးက ဦးသိန်းစိန် ခင်းထားတဲ့ လမ်း ။ ၂၀၀၈ အခြေခံဥပဒေမှာ ခင်းထားတဲ့လမ်းပေါ်မှာ အကုန်လုံး  လျှောက်နေကြတယ်။ ပါတီတွေကရော ဘာတွေရော ၊ အကုန်လုံး ရှိသမျှ NLD ပါ အဆုံးပေါ့။ သူက စွပ်စွဲတာပေါ့။
ဒါလည်း စိတ်ဝင်စားစရာကောင်းတယ်။ သူ့အနေနဲ့ကတော့ ဒီလိုလည်း မလျှောက်ဘူး။ လျှောက်လည်း မလျှောက်တတ်ဘူးပေါ့။   ဒီလူတွေနဲ့ ဒီလမ်းပေါ် အတူမလျှောက်နိုင်ဘူးပေါ့။ သူပြောတာ ဒါလည်း စဉ်းစားစရာပဲ။ 

ဘာနဲ့တူလည်းဆိုရင်  မန္တလေး – နေပြည်တော် သွားတဲ့ အမြန်လမ်းမကြီးလိုပေါ့။
လမ်းမကြီးကတော့ ဖြူးတာပေါ့။ ဖြူးတော့ ဖြူးတာကိုပဲ မြင်ပြီး  စံချိန်စံညွှန်း မညီဘူး။ လမ်းကြီးတော့ ခင်းပေးထားတယ်။ အဲဒီလမ်းပေါ် လျှောက်တဲ့အခါ လမ်းသစ်ပေါ် လျှောက်ရတာပဲ
ဆိုပြီး ကားမောင်းတော့ အရမ်းမောင်းတဲ့အခါ မှောက်တာတွေ၊  သေတာတွေ အများကြီး ရှိတာပဲ။ ဒီလမ်းကြီးဟာ စစ်မှန်တဲ့  လမ်းကြီးလား ၊ စံချိန်စံညွှန်းနဲ့ အညီ ဘေးအန္တရာယ်တွေ ၊ ကာကွယ်မှုတွေ ၊ လုံခြုံမှုတွေ ရှိရဲ့လားဆိုတာ လူတွေက  မတွက်ကြတော့ဘူး။ လမ်းခင်းတာပဲ မြင်တယ်။

အဲဒီလိုပဲ အခြေခံဥပဒေဆိုတာကလည်း စစ်တပ်ကနေ  သူတို့ရဲ့ အာဏာတည်မြဲရေး ၊ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးပေါ့။ ဒီနေ့အထိ ဦးသန်းရွှေကို လက်ညိုးထိုးလို့ မရဘူး။ ဦးခင်ညွန့်  ဆိုရင် သူက ထောင်ကျပြီးပြီလို့ ပြောမှာပေါ့။ ထောင်ဘယ်လိုကျလဲ ဆိုတာ မေးမယ်ဆို မေးစရာတွေက အများကြီး။ ခင်ဗျား ပြစ်ဒဏ်  ခံရတယ်ဆိုတာ တန်ရာတန်ကြေး ခံရတာရော ဟုတ်ရဲ့လား။

နှိုင်းယှဉ်ပြောရရင် ပြောစရာတွေ အားကြီးရှိတယ်။ အခုနောက်ဆုံး  ဘာဖြစ်မယ်ဆိုတာ ဘယ်သူ မေးနိုင်လဲ။ ဘာဖြစ်လို့လဲဆိုရင်  ဒီစစ်တပ်ကပဲ သူတို့ရဲ့ လုံခြုံမှု ၊ သူတို့ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့
လက်ညိုးနဲ့တောင် မတို့နိုင်အောင် နောက်ကြောင်းပြန်ပြီးတော့  မလှည့်ရဘူးဆိုတာ ပြောနေတယ်။ 


တစ်ဖက်ကကျတော့  လူတွေကို လုပ်တဲ့အခါကျတော့ လွှတ်တော် ပြောတယ်။  အစိုးရအဖွဲ့ ပြောတယ်။ တရားရေးမဏ္ဍိုင် ပြောတယ်။  ဘယ်လောက်ပဲ ပြောပြော ဒါက ဒီမိုကရေစီ မဟုတ်ဘူး။  အစစ်အမှန်လည်း မဟုတ်ဘူး။ ရွှေမှုန်ကြဲတဲ့ ဒီမိုကရေစီလို  စကားလုံးတွေ သုံးတယ်။ အဲဒီလို အသုံးအနှုန်းတွေ  ဘယ်လောက်ပဲ လုပ်လုပ် ၊ ဆိုလိုတာကတော့ ပြည်သူလူထုက  တော်တော်ကို အခွင့်အရေး မရဘူး။ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်တွေ  ဘာမှ မရှိဘူး။ အခြေခံဥပဒေက အကုန်နည်းပေါင်းစုံနဲ့ ချုပ်ကိုင်
ထားတယ်။ လွတ်လပ်မှုကို ဖေါ်ထုတ်မှုဆိုတာ ….နိုင်ငံရေးအားဖြင့်လည်း ဖေါ်ထုတ်လို့ မရဘူး။
စီးပွားရေးအားဖြင့်လည်း ဖေါ်ထုတ်လို့ မရဘူး။  လူမှုရေးအားဖြင့်လည်း ဖေါ်ထုတ်လို့ မရဘူး ဆိုတဲ့ အနေအထား၊ လွတ်လပ်မှုတွေ ဆုံးရှုံးနေတုန်းပဲ။

အဲဒီတော့ ဒီခေတ်ကြီးဟာ အရေးတော်ပုံတုန်းက ကျွန်တော်တို့  ကြွေးကြော်ခဲ့သလိုပဲ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲတာ ဆိုတဲ့  အတိုင်း လွတ်လပ်မှုက ဒီနေ့ အချိန်အထိ ဆုံးရှုံးနေတုန်းပဲ။
ကျွန်တော်တို့ဟာ လွတ်လပ်မှုတွေအတွက် ဆက်ပြီး တိုက်ပွဲဝင်နေရတဲ့  ခေတ်ပဲ။ ဘာပဲပြောပြော ဒီနေ့အထိ ကျွန်တော်တို့ လုပ်နေရတဲ့ဟာ  လွတ်လပ်ခွင့်ပဲ။

ဘာဖြစ်လို့လဲဆို လွတ်လပ်စွာဆန္ဒပြခွင့်ရှိတယ်ဆိုတာ ပြောတယ်။         ပုဒ်မ ( ၁၈ ) လိုမျိုး နဲ့ ပြန်လုပ်ထားတယ်။       အသင်းအဖွဲ့တွေ ဖွဲ့ခွင့်ရှိတယ်လို့ ပြောတယ်။       အသင်းအဖွဲ့ ဥပဒေနဲ့ ပြန်လုပ်ထားတယ်။        စာနယ်ဇင်းတွေ လွတ်လပ်ခွင့် ရှိတယ်လို့ ပြောတယ်။       စာနယ်ဇင်း ဥပဒေတွေ ပြဌာန်းဖို့ လုပ်နေတယ်။        နိုင်ငံရးပါတီတွေ လွတ်လပ်ခွင့်ရှိတယ် ပြောတယ်။
ဒါပေမယ့် ချုပ်ကိုင်မှု နည်းမျိုးစုံနဲ့ ဟန့်တားထားတာတွေ ရှိတယ်။

လွတ်လပ်ခွင့်တိုက်ပွဲအတွက် ကျွန်တော်တို့တိုက်ပွဲဝင်ကြရဦးမှာပဲ။ အရေးတော်ပုံကြီးက ကြွေးကြော်ခဲ့တဲ့ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ  ဆိုတာ ရှိနေကြဦးမှာပဲ။ ဒုတိယလွတ်လပ်ရေးတိုက်ပွဲ မပြီးသေးတဲ့အတွက်
တတိယ လွတ်လပ်ရေးတိုက်ပွဲကတော့ မရှိသေးဘူး။ လိုအပ်လာရင်  တတိယ လွတ်လပ်ရေးတိုက်ပွဲလည်း ဆင်နွှဲရင် ဆင်နွှဲရမှာပဲ။  ဒုတိယအဆင့် တိုက်တဲ့အခါ အရေးကြီးတဲ့ လွတ်လပ်ခွင့်တွေ ရလာပြီ
ဆိုရင်တောင် ကျန်သေးတဲ့ တတိယ အဆင့်အတန်းတွေအတွက်  တိုက်ပွဲဝင်ရဦးမှာပဲ။

ကျွန်တော်ပြောချင်တာက ဘာလဲဆိုတော့ ဘာပဲပြောပြော  အခုအချိန်မှာတော့ ဒီလမ်းကြီးက နေပြည်တော်လမ်းကြီးလို ခင်းတာတော့ ခင်းပေးထားတယ်။ လုံခြုံမှု မရှိဘူး။ ပြည့်စုံမှုလည်း မရှိဘူး။
ပြည်သူ့အခွင့်အရေး ဆိုတာနဲ့ ကြည့်မလား ၊ ဒီမိုကရေစီအခွင့်အရေးတွေနဲ့  ကြည့်မလား ၊ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ ပြည်ထောင်စုမျိုး ဖွဲ့စည်းတာ  ကြည့်မလား ၊ ဒါတွေအားလုံး ဆုံးရှုံးနေတယ်။ အခြေခံဥပဒေက သုံးလို့  မရဘူး။ ဒီအခြေခံဥပဒေက ပြည်သူတွေကို ချုပ်ချယ်နေတယ် ဆိုတာ  ဘယ်သူမှ မပြောဘူး။ လမ်းကြီး ခင်းထားတာကို မြင်ပြီး ပါတီတွေ  ထောင်ကြဖို့ ကြိုးစားနေကြတယ်။ ဟိုပါတီ ၊ ဒီပါတီတွေကလည်း PR စနစ်ကို ကျင့်သုံးပြီး လွှတ်တော်ထဲမှာ နေရာလေး၊ ဘာလေး ရအောင်
ကြိုးစားနေကြတယ်။

ဒီလမ်းကြီးဟာ အန္တရာယ်ကင်း ၊ ဘေးကင်းတဲ့လမ်းတော့ မဟုတ်ဘူး၊ဒီမိုကရေစီ အခွင့်အရေးတွေ ပြည့်စုံတဲ့လမ်း မဟုတ်ဘူးဆိုတာ ဘယ်သူမှ  နားမလည်ဘူး။ တက်မောင်းကြတယ်။ ပြီးတော့ မှောက်ကြတယ်။  နိုင်ငံရေးပျက်တာတွေ အများကြီး ရှိတယ်။ နိုင်ငံရေးမှာ နည်းမျိုးစုံနဲ့
ပြဿနာပေါင်းစုံ ပေါ်နေတယ်။ ဒါပေမယ့် လူတွေက ဒီလမ်းကြီးကို  အန္တရာယ်ကင်းတဲ့လမ်းကြီး ဖြစ်အောင် လုပ်ပါလို့ ဘယ်သူမှ မပြောဘူး။  အလားတူပဲ ။ ဒီမိုကရေစီလမ်းကိုလည်း ဒီမိုကရေစီ စစ်မှန်တဲ့ အခြေခံ
ဥပဒေ လိုပါတယ်ဆိုတာ ပြောနေရဲ့သားနဲ့ ဘာမှ လုပ်မပေးဘူး။  အဲဒါနဲ့ပဲ ယနေ့ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်လို့ ရတယ်လို့  ပြောချင်တယ် ´´


ဦးဝင်းတင် Ref : Messenger Journal. Vol.4, No. 17


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts