Op-Ed U Win Tin

U Win Tin – The time for people loving General

 ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီးတယောက် ဘယ်တော့လောက်များမှ ကြိုဆိုရပါ့
ဟံသာဝတီ ဦးဝင်းတင်၊ စက်တင်ဘာ ၂၁၊ ၂၀၁၃
(ဒီလှိုင်းဂျာနယ်နဲ့ ဟံသာဝတီဦးဝင်းတင်ဖေ့ဘွတ်ကနေ ကူးပါတယ်)


ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ငွေရတုပွဲတော်ကြီးကို နွှဲပျော်လိုက်ရတော့ လူတိုင်းလိုလို မျက်နှာတွေဖော်၊ ခေါင်းတွေမော်၊ နှလုံးသားတွေပျော်ကြတယ်။ ကျုပ်အပါအ၀င် ရှစ်လေးလုံး သံယောဇဉ်သမားတွေ အားလုံး ဆိုပါတော့လေ။ ဖော်တယ်၊ မော်တယ် ပျော်တယ်။ ပြောမဲ့သာ ပြောတာပါ။ တကယ့်နှလုံးသားစစ်စစ်ရဲ့ အနှစ်အရင်း အတွင်းသား နက်နက်ရှိုင်းရှိုင်းမှာတော့ ဘယ်အပျော်လှိုင်းကလေးတွေ ရိုက်ခက်နိုင်မှာလဲဗျ။

တကယ်တမ်းပြောရရင် ငွေရတုမို့သာ ပျော်စရာရယ်လို့ပြောရ။ ဘယ်မှာ အသည်းနာ သက်သာနိုင်ပါ့မလဲဗျာ။ ရှစ်လေးလုံးကာလဆိုတာ တစ်ပါတီအာဏာရှင်တွေ၊ စစ်အာဏာရှင်တွေ “မိုးပေါ်ထောင်မပစ်၊ တည့်တည်ပစ်” တဲ့ ဒိုင်း … ဒိုင်း … ဒိုင်း … ဒိုင်း ကာလနာကြီး မဟုတ်ပေကလားဗျို့။

ကဲပါလေ။ ဒီစကားတွေ ပြောရတာ ရင်နာ၊ နှလုံးနာ၊ အသည်းနာသဗျာ။ တော်ပါတော့။ တော်ကြာ ကြက်တူရွေးကတော်တော် မယ်တော်ကကဲချင်တဲ့ ဟိုလိုလူစားတွေနဲ့ တွေ့နေရဦးမယ်။ တွေ့လိုက်ရင် အဟောက် အငေါက် အခေါက် အခြောက် ခံနေရဦးမယ်။ ခင်ဗျားတို့က သင်ပုန်းမချေချင်ဘူး မဟုတ်လား။ လက်စားချေချင်နေသေးတာလား။ ဘာလား ညာလား အမေးအမြန်း အကြိမ်းအမောင်း ခံနေကြရဦးမယ်။ ကဲ … ကဲ တော်တန်တိတ်ကြ။

အပျော်စကားလေး မပြောရတဲ့တူတူ ပန်းစကားတွေ၊ နန်းစကားတွေ၊ အလွမ်းစကားတွေ ပြောကြ။ အဲ … ပန်းစကားဆိုတာက တော်ဝင်နှင်းဆီခန်းမက နိုင်ငံရေးဇာတ်သံတွေအကြောင်း ပြောတာတဲ့ဗျ။ နန်းစကားဆိုတာကတော့ နေပြည်တော် ကန့်လန့်ကာနောက်ကွယ်က ရာဇ၀တ်မှုကြီးတွေ (အဲလေ ဘွာ … ဘွာ မှားလို့ပါဗျာ။ ရာဇ၀င်လူကြီးတွေ) အကြောင်းပြောကြတာတဲ့။

ရာဇ၀င်လူကြီးဆိုတာက ရှစ်လေးလုံးခေတ်က ရာဇ၀င်ထဲရောက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးတစ်ယောက် အကြောင်း ပြောချင်တာဗျို့။ ကြားဖူးတယ်မဟုတ်လား။ ဗိုလ်ချုပ်မှူးကြီးစောမောင်ဆိုတာလေ။ အဲဒီအချိန်တုန်းကတော့ နားဝေတိမ်တောင် (ဟုတ်ပေါင် ဘွာဘွာ …) န-၀-တ ဆိုလား၊ ဘာလား မသိပါဘူး။ မေ့တောင်ကုန်ပါပြီဗျာ။ တစ်ပါတီ အာဏာရှင်အစိုးရကို ကတုံးပေါ်ထိပ်ကွက်အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်အစိုးရရဲ့ထိပ်သီး။ ဗိုလ်ချုပ်မှူးကြီးစောမောင်ပေါ့။

သူ့ခမျာ ၁၉၈၈ စက်တင်ဘာ ၁၈ မှာ အာဏာသိမ်း၊ ၁၉၉၂ ဧပြီ ၂၄မှာ ပြုတ်ဆိုကိုး။ နန်းသက်မရှည်ရှာဘူးပေါ့။ ကျုပ်ကတော့ မသိလှပါဘူး။ ထောင်ထဲရောက်နေတာကိုး။ ကျုပ်လိုပဲ ထောင်နန်းစံတွေလည်း မနည်းမနောပေါ့။ ကျုပ်တို့ကို သူပဲထောင်ချသွားတာလား။ သူ့နာမည်သုံးပြီး တပည့်ကျော် ထောက်လှမ်းရေးဗိုလ်ချုပ်ကပဲ ထောင်ချသွားသလားတော့ မသိပါဘူး။ ဘယ်သူလုပ်လုပ် ကျုပ်တို့ကတော့ အဲဒီသမိုင်းဆိုးတွေကို ဘယ်တော့မှ မေ့ပစ်နိုင်ကြမှာ မဟုတ်ဘူး။

ရှစ်လေးလုံး အရေးတော်ပုံကာလကြီးမှာ သူတို့ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေနဲ့ အမှားတွေ အားလုံးအတွက် နိုင်ငံနဲ့ ပြည်သူကို ၀န်ချတောင်းပန်မလား။ လုံးဝ မချေဖျက်နိုင်တဲ့ မလွှဲမရှောင်သာ ပြစ်မှုတွေအတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ကျခံမလား။ ထောင်ကျ၊ ဘ၀ပျက်၊ အသက်ဆုံးခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေရဲ့ဘ၀ပြန်လည်ထူထောင်ရေးအတွက် ပေးဆက် ပေးဆပ်ရမဲ့ ပေးလျော်ထောက်ပံ့မှုတွေကို ကူညီကျခံမလား။ နိုင်ငံနဲ့ပြည်သူတွေရဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းသစ် တည်ဆောက်ရေးမှာ ၀ိုင်းဝန်းကူညီမလား။
အဲဂလိုဆိုရင် ကျုပ်တို့လို နင်းပြားကျောမွဲ လူထဲကလူတွေအဖို့ကတော့ အာဏာရှင်ပေါင်းစုံတို့ရဲ့ သမိုင်းညစ်တွေကို အပြုံးနဲ့မေ့ပစ်လိုက်ကြမှာပါဗျို့။ တကယ်ပါ။

ဗိုလ်ချုပ်မှူးကြီး စောမောင်အကြောင်း စကားစပ်မိလို့ ပြောတာပါ။ ကျုပ်က ချုပ်မှူးကြီးကို လူချင်းသာမသိ မကျွမ်းတာ။ လူတစ်လုံး သူတစ်လုံး အဖြစ်နဲ့တော့ တွေ့ဖူးလိုက်သဗျ။ ၁၉၈၈ ဒီဇင်ဘာ ၂၇ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကွယ်လွန်ပြီး နောက်တစ်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုသူရောက်လာတယ်လေ။ ဈာပန ကူဖော်လောင်ဖက် ကျုပ်တို့တွေ သူ့ကို တွေ့လိုက်ကြတာပေါ့။ သိပ်မကြာဘူး။ ကျုပ် ထောင်ထဲရောက် သွားတယ်။ ကျုပ် ထောင်ထဲမှာ နှစ် ၂၀ လောက်နေခဲ့ရတယ်။ လွတ်လာတော့ သူခမျာ သေရှာပြီ။

ကျုပ်လွတ်လာမှ သူအာဏာရှိတုန်း ပြောသွားတာတွေ ဖတ်ရတယ်။ ဟိုတစ်စွန်း ဒီတစ်စ ကြားရတာပါ။ သူ အာဏာမမက်ပါဘူးတဲ့။ တပ်မတော်ရဲ့ဖခင်ဟာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်တဲ့။ တိုင်းပြည်ကို သူကယ်တင်လိုက်နိုင်တယ်လို့ ယုံကြည်တယ်တဲ့။ ၁၉၉၀ ရွေးကောက်ပွဲပြီးရင် ရာထူးမှ အနားယူမယ်တဲ့။ တိုင်းပြည်ကို တံခါးတွေ ဖွင့်လိုက်ပါပြီတဲ့။ အစိုးရက ပွင့်လင်းမြင်သာ ဆောင်ရွက်နေပါတယ်တဲ့။ အစိုးရသစ်တက်လာချိန်မှာ သူလုပ်ခဲ့သမျှတွေကို မထိမ်မချန် အစီရင်ခံမယ်တဲ့။ ကောင်းတာရော၊ ဆိုးတာရော သူ တာဝန်ခံမယ်တဲ့။ သူတို့တွေက စစ်တန်းလျား ပြန်မှာပါတဲ့။ ပါတီတွေ အခြေခံဥပဒေရေးဆွဲကြပါတဲ့။

ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ ဘယ်လိုလူစားလဲ ကျုပ်မသိပါဘူး။ ဒါပေမဲ့ ဒီလိုလူမျိုး၊ ဒီလိုပွင့်လင်းတဲ့သတ္တိနဲ့ ဒီလိုစစ်သားစိတ်ရှိပုံကို ကျုပ်တို့လေးစား တန်ဖိုးထားပါတယ်။ ဒီကနေ့ ဒီလိုဗိုလ်ချုပ်ကြီးမျိုး သူ့ကိုယ်သူပြင်၊ သူ့လုပ်ရပ်လုပ်ခွင်တွေသူပြင်၊ သူ့စိတ်ထားတွေ သူပြင်၊ အားလုံးကို အားလုံးပြင်မယ်ဆိုရင် အရမ်းကောင်းပေါ့။ ကျုပ်တစ်ယောက်တည်း ရသေ့စိတ်ဖြေသဘောပြောရရင် ‘ပြည်သူ့ဘက်က ဗိုလ်ချုပ်မှူးကြီးတစ်ယောက်’ ရယ်လို့ကို သူ့ကို နိုင်ငံ့ဂုဏ်ရည်စစ်စစ် ဘွဲ့တံဆိပ်ချည်ပစ်လိုက်ချင်တာဗျ ဟဲ … ဟဲ …။

ဖြစ်နိုင်ရင်ဗျာ ဒီချုပ်လို ဒီမိုကရေစီတပ်ဦး အဖွဲ့အစည်းကြီးတစ်ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်လွှာမှာကို တင်မြှောက်ဆည်းကပ်ချင်တာဗျာ။ စစ်အာဏာရှင်တွေကလည်း ပြင်သင့်တာပြင်၊ ပြောင်းသင့်တာ ပြောင်းကြမယ်ဆိုရင် (ပြည်သူ့ဘက် ပြောင်းဝင်ခြင်း အပါအ၀င်ပေါ့) ပြည်သူအားလုံးဟာ ရင်နှစ်ခြမ်း ဖြန်းဖြန်းကွဲခါမှကွဲရော သဲသဲမဲမဲကြီးကို ကြိုဆိုကြမှာပါဗျာ။

ကျုပ်တို့ ပြည်သူတွေဆိုတာက ကိုယ်တိုင်က ပြည်သူ့ဘ၀ခံယူထားကြသူတွေပဲဗျာ။ ဘယ်လို လူစားလာလာ ကျုပ်တို့လိုပဲ ပြည်သူ့ဘ၀ကို ပိုက်ထွေး၊ ပြည်သူ့သစ္စာကို ခံယူကြမယ်ဆိုရင် အားလုံးကို လှိုက်လှဲစွာ ကြိုဆိုကြမှာပါဗျာ။

ဒါ ကျုပ်တို့ဒီမိုကရေစီဘက်တော်သားတွေရဲ့ နိုင်ငံရေးသစ္စာတရားရဲ့ ထုထည်ပမာဏ ပြယုဂ်ပဲလေဗျာ။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အမှတ်(၃၆)။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts