News Features

Zaw Aung (Mon Ywa) – People and Government behind money trails

၁၁ ဘီလျံနောက်ကွယ်က လူများ၊ နိုင်ငံများ

ဇော်အောင် (မုံရွာ)၊ စက်တင်ဘာ ၂၁၊ ၂၀၁၃

တရုပ်ပြည်တွင်ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် Mr. Zone Qinghou နှင့်တွေ့ဆုံသော အလုပ်လက်မဲ့တစ်ဦးသတင်းကို ယနေ့ 19-Sep-2013 သတင်းတွင်ဖတ်ရသည်။

 မိမိအား အလုပ်မပေးသောကြောင့် ဒေါသထွက်ကာ ဓါးဖြင့်တိုက်ခိုက်ရ၊  သူဌေးကြီး ဘယ်ဘက်လက်ဝါး၊ လက်ချောင်းများတွင် ထိခိုက်ဒါဏ်ရာ ၄ခုရရှိသွားပြီး၊ ခွဲစိတ်ကုသခံရသည်ဟု ဆိုသည်။

အချိုရည်ပုလင်းများထုတ်လုပ်ပြီး ဒေါ်လာ ၁၁ ဘီလျှံချမ်းသာသည့် Wahaha Group ပိုင်ရှင် Mr.Zone သည် သာမန်ဆင်းရဲသားဘဝမှ တရုပ်ပြုပြင်ပြောင်းလဲမှုအတွင်း ချမ်းသာလာသော rags-to-riches လူစာရင်းတွင် ထိပ်ဆုံးစာရင်းဝင်ဖြစ်သည်။ သူ့ကုမ္ပဏီတွင် ဝန်ထမ်း ၃သောင်းခန့်ထားပြီး၊ သူကိုယ်တိုင် ရောင့်ရဲ၊ချွေတာသူဖြစ်သည်။ ၁၉၈၇ခုနှစ်တွင် အချိုရည်ရောင်းသူ၊ ကလေးကျောင်းသားကလေးများအတွက် အသုံးဆောင်ပစ္စည်းရောင်းဆိုင်လုပ်ငန်းရှင်လေးဖြစ်သည်။ တရုပ်ပြုပြင်ပြောင်းလဲရေး၂၀နှစ်အတွင်း ကြီးပွားချမ်းသာလာသူဖြစ်သည်။ စားစရိတ် တစ်နေ့လျှင် ၂၀ဒေါ်လာသာ သုံးစွဲသူဖြစ်သည်။ သမီးတစ်ဦး၊ ဇနီးသည်နှင့် မိသားစုဖခင်တစ်ဦးဖြစ်ပြီး၊ ရိုးသားစွာနေထိုင်ကာ ဘော်ဒီဂတ် အစောင့်မရှိပဲသွားလာတတ်သူဖြစ်သည်။

တရုပ်ပြည်တွင် နံပါတ်(၁) လက်ရှိအချမ်းသာဆုံးလူမှာ Mr. Wang ဒေါ်လာ ၁၄.၂ ဘီလျှံ ချမ်းသာသော Property Tycoon ဖြစ်သည်ဟု အမေရိကန်မှာ Forbes မဂ္ဂဇင်းတွင် ဖေါ်ပြထားသည်။

Mr. Zone ပိုင်ဆိုင်သော ကန်ဒေါ်လာ ၁၁ဘီလျှံကို ကြားသိရသောအခါ မြန်မာနိုင်ငံမှ ဘဏ်အကောင့်များမှ စင်ကာပူ OCBC, DBS Group စသည့် နိုင်ငံခြားဘဏ်များတွင် အပ်နှံထားသော ကန်ဒေါ်လာ ၁၁ ဘီလျှံကို ပြေးမြင်ယောင်မိသည်။ 

19-Sep-2012 နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ် ဥက္ကဌ  ဦးကျော်ကျော်မောင်က မြန်မာအစိုးရဘဏ်များနှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များက နိုင်ငံတကာဘဏ်များတွင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ဝန်ခံပြောကြားသည်။ သို့ရာတွင် အသေးစိတ်အချက်အလက်များ ထုတ်ဖော်ရှင်းလင်းခြင်း မရှိပေ။

၁၁ ဘီလျှံသတင်းအကျဉ်း

နေပြည်တော်တွင် သမ္မတရုံး ၀န်ကြီးဦးစိုးသိန်း အပါအ၀င် အစိုးရ၀န်ကြီးများ ပါဝင်သော မီဒီယာတွေ့ဆုံပွဲတွင် ဧရာဝတီ သတင်းဌာနက နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းမြောက်မြားစွာ အပ်နှံထားမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုကြောင်း မေးမြန်းရာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍက အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ နိုင်ငံခြားဘဏ်များတွင် အပ်နှံထားပါကြောင်း ပြောဆိုလိုက်ခြင်း ဖြစ် သည်။

 “၁၁ ဘီလျံရှိတယ်ဆိုပြီး ပြောနေတာက ကျနော်တို့ လည်း မသိပါဘူး။ ကျနော်တို့ရဲ့ Foreign Exchange Reserve ပါ။ နိုင်ငံတော်ငွေ လည်း ပါပါ တယ်။ ပုဂ္ဂလိက ငွေလည်း ပါပါတယ်။ နိုင်ငံတကာဘဏ် တွေလည်း ထားပါတယ်။ သုံးစရာ ရှိရင် အဲဒီက ယူသုံးတယ်”ဟု ဦးကျော်ကျော်မောင်က ပြောသည်။ ကျန်၃.၆ဘီလျှံကို သူမသိကြောင်းဟု ပြောဆိုသည်။ 

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအပေါ် တင်ရှိနေသော ကြွေးကျန်များ လျှော်မပစ်ခြင်းဖြစ်သည် ထို ၁၁ဘီလျှံ ဘဏ်အကောင့်များကြောင့်ဖြစ်သည်ဟူသော သတင်းရေးသားချက်များကြောင့် စာဖတ်သူများကြား အတော်လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။

၂၀၀၉ ခုနှစ်ကလည်း အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့ ERI (Earth Right International ) က မြန်မာပြည်မှ စင်္ကာပူနိုင်ငံရှိ Overseas Chinese Banking Corporation (OCBC) နှင့် DBS Group တို့တွင် အမေရိကန် ဒေါ်လာ ၄ ဒဿမ ၈ ဘီလျံမှာ အပ်နှံထားပြီး ယင်းငွေများမှာ သဘာဝဓာတ်ငွေ့ ရောင်းရငွေများ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ဖူးသည်။ သို့ရာတွင် အဆိုပါဘဏ်များက မမှန်ကြောင်း ထိုစဉ်က ငြင်းဆိုခဲ့ကြသည်။

၁၉၈၈ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် Paris Club နိုင်ငံများသို့ ပေးဆပ်ရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ ထောင်ကျော် (၈၄၀၈ ဒသမ ၃၄) ရှိခဲ့ပြီး ဂျပန်နိုင်ငံအား သန်းပေါင်း ၆ ထောင် အထိ အများဆုံး ပေးဆပ်ရမည် ဖြစ်ကြောင်း၊ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် ဒေါ်လာ သန်းပေါင်း ၂ ထောင်ကျော် (၂၆၁၄ ဒသမ ၉၅၀) ရှိကာ တရုတ်နိုင်ငံသို့ သန်းပေါင်း ၂၁၀၀ ကျော်ပေးဆပ်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ၁၉၈၈နောက်ပိုင်း အကြွေးများကို ဆပ်ပြီးပြီဟု ဆိုသည်။ မြန်မာနိုင်ငံမှ တရားမဝင်ငွေကြေးများ စီးဆင်းမှုကို စောင့်ကြည့်နေသူများကမူ နိုင်ငံခြားဘဏ်များတွင် ငွေစာရင်း ဖွင့်လှစ် ယခင် စစ်အစိုးရခေါင်းဆောင်များနှင့် နီးစပ်သူများ၊ လက်ရှိတပ်မတော်ခေါင်းဆောင်များနှင့် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် မပါဝင်သူများအမည်များဖြင့်  ဖွင့်လှစ်ထားကြခြင်းဖြစ်သည်ဟုဆိုသည်။

တရုပ်နိုင်ငံကိုကော်ပီလုပ်နေသောမြန်မာ

၁၉၉၀ နောက်ပိုင်းတွင် တဟုန်ထိုးတိုးတက်လာသော တရုပ်ကွန်မြူနစ်နိုင်ငံ၏ တိန့်ရှောင်ဖိန့်ခေါင်းဆောင်သော ပြုပြင်ပြောင်းလဲမှုကို မြန်မာစစ်ခေါင်းဆောင်များ နှစ်ခြိုက်သဘောကျခဲ့သည်။ FEC ငွေကြေးစနစ်နှင့် တရုပ်အကြံပေးများဖြင့် ပြုပြင်ပြောင်းလဲခဲ့ရာ ၁၉၉၇ အရှေ့တောင်အာရှစီးပွားကပ်ကြီးတွင် နောက်ကွယ်မှကြိုးကိုင်သော ဦးနေဝင်းအရှိန်အဝါဖြင့် စီးပွားသောင်းကျန်းနေသော ဗိုလ်ချုပ်ကြီးအုပ်စုများကို ဗိုလ်ခင်ညွန့်၊ ဗိုလ်သန်းရွှေတို့က ဖြုတ်ချခဲ့သည်။

နောက်ပိုင်း ဦးနေဝင်းနှင့်ဦးခင်ညွန့်တို့ကို အရေးယူ၊ဖမ်းဆီးလိုက်ပြီးနောက်ပိုင်း မြန်မာပြည်သည် စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေလက်တွင် လုံးလျှား ရောက်ရှိသွားသည်။ မြန်မာပြည် ကမ်းလွန်ဓါတ်ငွေဝင်ငွေများ ရရှိလာပြီး ၂၀၀၇ သံဃာသပိတ်၊ ၂၀၀၈ နာဂစ်မုန်တိုင်း အရေးအခင်းများနောက် မြန်မာပြည်ပြုပြင်ပြောင်းလဲမှုများ ယခုအခြေနေသို့ရောက်ရှိလာပါသည်။

အမေရိကန် သမ္မတ အပြန်အလှန်လာရောက်ပြီး ချစ်ကြည်ရေးလုပ်ပြီးနောက် တိုးတက်လာသော အာရှနိုင်ငံများဖြစ်သော ဂျပန်(၁၉၄၅)၊ ကိုးရီးယား(၁၉၆၀နောက်ပိုင်း)၊ တရုပ်(၁၉၉၀)တို့ဖြစ်သည်။ ဗီယက်နမ် ၁၉၈၅နောက်ပိုင်း ရန်သူအမေရိကန်နှင့် ချစ်ကြည်ရေးလုပ်ပြီး၊ တိုင်းပြည်ပြုပြင်ပြောင်းလဲခဲ့သော်လည်း ကွန်မြူနစ်ပါတီဝင်များကသာ အာဏာစွဲကိုင်ထားသဖြင့် သိပ်မအောင်မြင်လှပါ။ မြန်မာပြည် ၂၀၁၁ ပြုပြင်ပြောင်းလဲမှုသည် အမေရိကန်သမ္မတအိုဘားမား နှင့် သမ္မတဦးသိန်းစိန် အပြန်လှန်ချစ်ကြည်ရေးအလည်ပတ်ခရီးဖြင့် စတင်ခဲ့ရာ၊ အခြေအနေမဆိုးလှဟု ဆိုရမည်။ တရုပ်ပြည်၏ နည်းလမ်းများက လွမ်းမိုးနေပြီး၊ တရုပ်ကုမ္မဏီကြီးများက မြန်မာ့သယံဇာတများကို လက်ဝါးအုပ်ဝယ်ယူနေခြင်းမှာ ရှောင်လွှဲမရနိုင်သော အားနည်းချက်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင်လည်း အိမ်နီးချင်း ယူနန်ပြည်နယ်မှ တရုပ်ကုမ္မဏီများ၏ လွမ်းမိုးမှုများ ရှိနေဆဲဖြစ်သည်။ 

ဗီယက်နမ်လူထုတွင် တရုပ်မုန်တီးမှုများ ရှိနေသောကြောင့် ဗီယက်နမ်အစိုးရက တရုပ်အစိုးရဦးစားပေး ပေါ်လစီကို သတိကြီးစွာထားရပြီး၊ ရေနံ၊ဓါတ်ငွေနှင့် နည်းပညာရင်းနှီးမြှတ်နှံမှုများကို ရုရှား၊ ယူကရိန်းနိုင်ငံများဖြင့် အကြီးကျယ်လုပ်ကိုင်လျှက်ရှိသည်။ မြန်မာအစိုးရလည်း ထိုနည်းကိုပင် လိုက်နာနေသည်။ မြန်မာ နည်းပညာဆိုင်ရာ၊ ပညာသင်များစွာ ရုရှား၊ ယူကရိန်းနိုင်ငံများသို့ တိုးချဲ့စေလွှတ်လျှက်ရှိသည်။ မြန်မာပညာတော်သင်ဦရေ ရုရှား၊ယူကရိန်းတွင် ရောက်ရှိနေသည်ကို မသိရသော်လည်း အင်တာနက်မြန်မာဝက်ဆိုဒ်များ၊ ဘလောက်များကို ရုရှား၊ ယူကရိန်းမှာ အထီကျန်မြန်မာလူငယ်များကို အလွမ်းပြေကြည့်ရှုနေသော ip count အရေအတွက် အလွန်များပြားလာပါသည်။

နိုင်ငံအဆင့်နှင့်တစ်ဦးချင်းချမ်းသာကြွယ်ဝမှု

တရုပ်ပြည်တွင် ပြည်နယ်အစိုးရများ အလွန်ဆင်းရဲသည်ဟု သိရသည်။ ငွေကြေးအားလုံးကို ဗဟိုဘဏ်တွင် ပေးလိုက်ရသဖြင့် တရုပ်ဗဟိုဘဏ်သည် အလွန်ကြွယ်ဝချမ်းသာသည်။ ပြည်နယ်ဖွံ့ ဖြိုးရေး ဘတ်ဂျတ်များကို ဗဟိုဘဏ်မှ စနစ်တကျထုတ်ယူ သုံးစွဲရပြီး၊ နိုင်ငံတကာရင်းနှီးမြှတ်နှံမှုများကို တရုပ်အစိုးရ၏ အမျိုးသားစိတ်ရှိသူ ကိုယ်ပိုင်စီးပွားမရှိသော နိုင်ငံခေါင်းဆောင် ပေါ်လစ်ဗျူရိုများက ဆုံးဖြတ်၊ သုံးစွဲသည်။ နိုင်ငံခြားပြန်လာသော တရုပ်အမျိုးသားစိတ်ရှိသူများပင် တရုပ်အစိုးရ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဆင့်အထိ လက်ခံ၊ရာထူးပေးထားသည်။ တရုပ်လူမျိုးများကို ကမ္ဘာ့အဆင့်သို့ မြှင့်တင်ရန် ကမ္ဘာ့အဆင့်ရောက်နေသော အမျိုးသားစိတ်ဓါတ်ရှိသူများကို မြေတောင်မြှောက်ပေးပါသည်။

မြန်မာပြည်တွင် ကမ္ဘာ့အဆင့် ဒေါ်အောင်ဆန်းစုကြည်ကို မြေတောင်မြှင့်တင်ပြီး၊ လွှတ်တော်သို့ ထည့်သွင်းပေးသကဲ့သို့ ဖြစ်သည်။ အစိုးရအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည့်နေ့ရက်ကို စောင့်ကြည့်နေကြသည်။

သို့သော် နိုင်ငံခြားမှ ပညာရှင်များကို အစိုးရအဖွဲ့တွင် ထည့်သွင်းရာတွင် လူငယ်များကို မခေါ်နိုင်ပါ။ လက်ရှိအစိုးရအဖွဲ့ဝင်များက နိုင်ငံခြားအင်အားစုကို လက်မခံနိုင်ခြင်းကြောင့် အထူးသဖြင့် ပိုင်းခြေညှိနှိုင်းမှု မလွယ်ကူခြင်း။ မြန်မာနိုင်ငံခြစားမှုများ၊ ပြည်ပတွင်မြန်မာပညာရှင်များရရှိနေသော လစာ၏ တစ်ဝက်ပင်မပေးနိုင်ခြင်း စသည့်အချက်များကြောင့် အရည်ချင်းသိပ်မရှိသူများသာ မြန်မာပြည်သို့၊ ဦးစွာပြန်လာကြသည်။ အရည်အချင်းရှိသူများမှာ ရွှေလက်နှင့်ခေါ်သော်လည်းမလာ အခြေအနေတွင်ရှိသည်။

တစ်ဦးချင်း ချမ်းသာကြွယ်ဝလာသူများလက်စွဲစာအုပ်ဖြစ်သော Richest Man in Babylon ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်အဆိုအရ၊ ငွေစုဆောင်းခြင်းသည် ချမ်းသာခြင်း၏ သော့ချက်ဖြစ်သည်။ ကျစ်ကျစ်ပါ စုဆောင်းငွေများကို တိုးပွားအောင် တဖြေးဖြေးရင်းနှီးမြှတ်နှံခြင်းသည် တတ်သိပညာရှင်များ အထူးသဖြင့် စီးပွားပညာရှင်များကဏ္ဍသည် အထူးအရေးကြီးသည်။ ကမ္ဘာ့အဆင့် ရင်းနှီးမြှတ်နှံမှုကို လုပ်နိုင်သူများမှာ ကမ္ဘာ့အဆင့်များကို ငှားရမ်းသုံးစွဲခြင်းဖြင့် စတင်ရသည်။ မိမိနိုင်ငံသားများကို စိတ်ဓါတ်နှင့်ပညာရပ် ၂မျိုးကို အနီးကပ်သင်ကြားပို့ချရန်ဖြစ်သည်။

ဆရာကသင်ကြားသလို တပည့်များမလုပ်ကြပါ။ ဥပမာ ဗိုလ်ချုပ်ဟောင်းဦးနေဝင်း ပြောသလို၊ ရေးထားသည့် စိတ်နေစိတ်ထားများကို သူ့တပည့်များက ဟန်ပြလုပ်ဆောင်သည်။ တကယ်လုပ်ဆောင်သည်မှာ ဗိုလ်ချုပ်ဟောင်း ဦးနေဝင်းလုပ်သကဲ့သို့ အာဏာရှင်စိတ်ဓါတ်၊ လိင်၊လာဘ်၊ လောင်း (လသုံးလုံးစိတ်ဓါတ်) ရှိသူများသာ ဖြစ်လာကြသည်။ တိုင်းပြည်ခေါင်းဆောင်များ စိတ်နေစိတ်ထား ပြောင်းလဲရေးအတွက် ပေါ်လစီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေများမှာ စာအုပ်ထဲ၊ စာရွက်ထဲတွင်သာ ရှိသောစကားလုံးများဖြစ်သည်။ ၁၉၈၈ ရှစ်လေးလုံးအရေးအခင်းတွင် တရားသူကြီးချုပ်က အခြေခံဥပဒေသည် စက္ကူထဲတွင်သာရှိသဖြင့် စုတ်ဖြဲပြီး၊ အသစ်ရေးရန် ပြောကြားခဲ့သည်။ ၂၀၁၁ ကျမှ ဖွဲ့စည်းပုံဥပဒေတစ်ခု၊ ရရှိပြီး အစိုးရသစ် သမ္မတဦးသိန်းစိန် ထွက်ပေါ်လာသည်။
 

၁၉၈၆ ဗီယက်နမ်ပြုပြင်ပြောင်းလဲနေရေး 

အပြောင်းအလဲ စတင်ခဲ့သူ Nguyen Van Linh ငုယင်ဗင်လင့်နှင့် ယခုမြန်မာနိုင်ငံ အစိုးရသစ်၏ သမ္မတဦးသိန်းစိန်နှင့် ခိုင်းနှိုင်းလိုပါသည်။ ဗီယက်နမ်တွင် ဆင်းရဲမွဲတေလှမှုကြောင့်၊ ပြုပြင်ပြောင်းလဲရန် ပြည်သူနှင့်ကွန်မြူနစ်ပါတီမှ တွန်းအားပေးလာသည်။

သမရိုးကျကွန်မြူနစ်ခေါင်းဆောင် Truong Chinh အသက်၈၀တွင် အနားယူသွားပြီး၊ ခေါင်းဆောင်သစ် Nguyen Van Linh ငုယင်ဗင်လင့် ၇၁နှစ် ပြုပြင်ပြောင်းလဲမှုကို ခေါင်းဆောင်ခဲ့သည်။

ယခုမြန်မာနိုင်ငံသမ္မတဦးသိန်းစိန် လုပ်ဆောင်သကဲ့သို့ အရှေ့၊အနောက်၊ အမေရိကန်၊ ဥရောပ၊ဂျပန် နိုင်ငံအားလုံးနှင့် ပြန်လည်ဆက်ဆံနိုင်ခဲ့သည်။ ပြည်သူပိုင်များကို ပုဂ္ဂလိကပိုင် ပြောင်းလဲသည်။ ငွေကြေးစနစ် တည်ထောင်သည်။ မှောင်ခို ငွေမဲဈေးကွက်ကို ဖျက်သိမ်းနိုင်သည်။ အထူးခြားဆုံးမှာ ငြိမ်းချမ်းရေးများကို လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုစဉ်က ဗီယက်နမ်သည် လာအို၊ ကမ္ဘောဒီယားနိုင်ငံများတွင် စစ်တပ်စေလွှတ် ထိန်းချုပ်ထားသည့်အတွက် စစ်စာရိတ်အလွန်ကြီးလှသည်။ ထို၂နိုင်ငံမှာ ဗီယက်နမ်စစ်တပ်ကို ပြန်လည်ရုတ်သိမ်းနိုင်ခဲ့သည်။ ဗီယက်နမ်လူမျိုးကြီးဝါဒီများက မကျေနပ်ကြပါ။ ထိုလူစုသည် လက်ရှိကွန်ကရက်တွင်လည်း ကြီးမားသောအတိုက်ခံအုပ်စု ဖြစ်နေပါသည်။ ငုယင်ဗင်လင့်သည် သမ္မတဦးသိန်းစိန်ကဲ့သို့ ရင်းနှီးမြှတ် နှံမှုဥပဒေ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုဥပဒေ၊ ဒီမိုကရေစီစနစ်သို့ ဦးတည်သော ဥပဒေများကို ဗီယက်နမ်ကွန်ကရက်တွင် ပြဌာန်းအတည်ပြု၊ အကောင်အထည်ဖေါ်ခဲ့သည်။

ခေါင်းဆောင် ငုယင်ဗင်လင့်သည် သန့်ရှင်းသောအစိုးရဖြစ်အောင်၊ ခြစားမှုများ၊ အာဏာအလွဲသုံးစားမှုများ လုပ်နေသော သမရိုးကျ၊ အရိုးစွဲနေသည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကို အပြစ်တင်တိုက်ခိုက်မှု၊ များစွာကို ပြုလုပ်ခဲ့သည်။ ထိုအုပ်စုကလည်း ငုယင်ဗင်လင့်၏ ပေါ်လစီများကို နည်းမျိုးစုံနှင့် တိုက်ခိုက်ကြသည်။ သို့သော် ငုယင်ဗင်လင့်သည် ပန်းပန်လျှက်ပင်ဖြစ်သည်။ အတိုက်အခံ ခေါင်းမာသူ၊ သမရိုးစွဲအုပ်စုကလည်း ကွန်ကရက်တွင် ဆက်လက်ရှိနေသည်။ ယခု မြန်မာပြည်တွင် ဖြစ်သကဲ့သို့ အာဏာနှင့် ငွေရှိသော ခရိုနီများနှင့် နိုင်ငံခြားငွေကြေးရှိသူများက နိုင်ငံရေးခေါင်းဆောင်ဘ၀မှ စီးပွားရေးသူဌေးကြီးများဘ၀သို့ ပြောင်းလဲကြသည်။

 ဗီယက်နမ်တွင် နိုင်ငံခြားကုမ္ပဏီများစွာ လာရောက်ရင်းနှီးမြှတ်နှံကြရာတွင် ယခုမြန်မာပြည်တွင် ဖြစ်နေသကဲ့သို့ အာဏာပိုင်များနှင့်ပေါင်းပြီး၊ ၀န်ထမ်းများခြစားမှု အကြီးအကျယ်ဖြစ်ပေါ်လာသည်။  ခေါင်းဆောင် ငုယင်ဗင်လင့်၏ ရိုးသား၊ဖြောင့်မတ်မှုဖြင့် ပေါ်လစီများကို အကောင်းဆုံးဖြစ်အောင် ချပေးထားသည်။

1990 ပါတီခေါင်းဆောင်သစ် ရွေးကောက်ပွဲမတိုင်မီ၊ တစ်နှစ်အလို နောက်ထပ်သက်တမ်း ခေါင်းဆောင်မလုပ်တော့ဘူး ဟု ကြေငြာခဲ့သည်။ ပြောသည့်အတိုင်း ခေါင်းဆောင်ရွေးပွဲတွင် သူမပါပဲ ခေါင်းဆောင်သစ်ကို ကွန်ကရက်မှလွတ်လပ်စွာ ရွေးချယ်စေခဲ့သည်။ 1991 ကွန်ကရက်က ပြုပြင်ပြောင်းလဲမှု ဘက်တော်သား Đỗ Mười ကို ခေါင်းဆောင်သစ်အဖြစ်ရွေးကောက်ခဲ့သည်။ ငုယင်ဗင်လင့်ကို ၁၉၉၇ခုအထိ ပါတီဗဟိုကော်မတီ အကြံပေးအရာရှိအဖြစ် တာဝန်ယူခဲ့သည်။ 

သူ့နောက်တက်လာသော Đỗ Mười သည်လည်း၊ ပြုပြင်ပြောင်းလဲရေး သမားပင်ဖြစ်သည်။ နောက်ကြောင်းပြန်ဆွဲများကြောင့်  ပြုပြင်ပြောင်းလဲရေးများလည်း နှေးကွေးသွားခဲ့သည်။  ငုယင်ဗင်လင့် အကြံပေးအရာရှိအဖြစ်မှ အငြိမ်းစားယူသည့် 1997 မှ သူကွယ်လွန်သည့် Apr 1998 အထိ ခေါင်းဆောင်ဟောာင်းကြီး မကျေနပ်မှုများကို ရင်ဖွင့်ခဲ့သည်။

၈ကြိမ်မြောက် ပါတီကွန်ကရက်တွင် ပြုပြင်ပြောင်းလဲမှု၏ ရလဒ်ဆိုးများကို ပွင့်လင်းစွာ ဝေဖန်ပြောကြားခဲ့သည်။ လွတ်လပ်နေပြီဖြစ်သော ဗီယက်နမ်၊ မီဒီယာ၊ သတင်းစာများတွင် ဆောင်းပါးများ စိတ်ဓါတ်မြင့်မြတ်မှုလိုအပ်ကြောင်း အဆက်မပြတ်ရေးသားခဲ့သည်။ ရေဒီယို၊တီဗွီ၊စာစောင်များတွင် ခုတ်ရာတခြား၊ လျှရာတစ်ခြား၊ မိမိတို့ရေးခဲ့သည့် ပေါ်လစီများကို လက်တွေ့မအေင်မြင်ဟု ပြောခဲ့သည်။ ပြည်တွင်းမှ၊ နိုင်ငံရေးခေါင်းဆောင်ခြစာသူများ၊ ပြည်ပရင်းနှီးမြှတ်နှံသူ ငွေရှင်များ ပူးပေါင်း လုပ်စားမှုများကို “Things That Must Be Done Immediately” ဟု အခန်းကဏ္ဍတစ်ခုဖွင့်က တစ်နှစ်လုံး သေသည့်တိုင်အောင် ဆောင်းပါးများရေးသားသွားခဲ့သည်။

တရုပ် ပြုပြင်ပြောင်းလဲမှုခေါင်းဆောင် ..တိန့်ရှောင်ဖိန့်မှာ အောင်မြင်ခဲ့သည်။ ချက်ကိုစလိုဗက် ဗားကလပ်ဟာဗဲ လည်း အောင်မြင်ခဲ့သည်။ ကိုးရီးယားသမ္မတ ပတ်ချုံဟီးလည်း လုပ်ကြံခံခဲ့ရသော်လည်း ပြုပြင်ပြောင်းလဲမှုများ အောင်မြင်ခဲ့သည်။


၁၁ဘီလျှံအတွက်နိဂုံး

အစိုးရသစ်သည် အခြေအနေကောင်းသည်ဟု ဆိုနိုင်သည်။ မြန်မာပြုပြင်ပြောင်းလဲမှုတွင် တရုပ်ဓါတ်ငွေ့ရင်းနှီးမြှတ်နှံမှုများမှ ခြစားမှုများကို တရုပ်အစိုးရသစ် (တရုပ်သမ္မတသစ်)က လေ့လာနေသည်မှာ ကောင်းသောအလားအလာဖြစ်သည်။ တရုပ်ပြည်ကဲ့သို့ အမျိုးသားစိတ် ကြီးမားသော၊ တတ်သိပညာရှင်များအများစုဖြင့် တရုပ်နိုင်ငံကို ကမ္ဘာ့အဆင့်သို့ ချီတက်နေသည်။ မြန်မာပြည်တွင် ခြစားသောခေါင်းဆောင်များ၏ ပစ္စည်းဥစ္စာများကို သိမ်းဆည်း၊ ထောင်ချ၊ သေဒဏ်ပေးမှုများ မလုပ်ပဲ ပြုပြင်ပြောင်းလဲမှုလုပ်နေသည်။

မြန်မာပြုပြင်ပြောင်းလဲမှုများသည် မြန်မာ့ယဉ်ကျေးမှုနှင့် နောက်ကြောင်းပြန်ဆွဲလိုသူ၊ အာဏာ၊နေရာ ရလိုသူများ၊ ငွေရလိုသူများ အကြီးအကျယ်၊ ပြိုင်ဆိုင်နေသောကာလဖြစ်သည်။ သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲမှုများ တရုပ်၊ကိုးရီးယား၊ချက်နိုင်ငံများကဲ့သို့ အောင်မြင်ရန် ကျွန်ုပ်ကိုယ်တိုင် နားထောင်ပြီး၊ လက်တွေ့လိုက်နာပြရန်လိုသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် နောက်ကြောင်းပြန်ဆွဲလိုမှုတို့ကြောင့် မြန်မာပြုပြင်ပြောင်းလဲမှုသည် ဗီယက်နမ်အဆင့်ဖြင့် နောက်၎နှစ်အကြာတွင် တံ့သွားနိုင်သလို၊ ဖိလစ်ပိုင်နိုင်ငံကဲ့သို့ ကမ္ဘာ့အလုပ်သမားနိုင်ငံကြီး Export Domestic Workers to Engineers… အိမ်ဖေါ်မှ အင်ဂျင်နီယာအထိ အလုပ်သမားဆပ်ပလိုင်း (လုပ်သားကုန်ကူးသည့်) နိုင်ငံကြီးအဆင့် ရောက်သွားနိုင်သည်။ သို့မဟုတ် ဗီယက်နမ်လိုဖြစ်လာမလား၊ တောင်ကိုးရီးယားကဲ့သို့ ဖြစ်လာမည်လော၊ တရုပ်ပုံစံဝင်မည်လော၊ အိမ်နီးချင်း ထိုင်းပုံစံ ရောက်သွားဖို့လမ်းများပါသည်။

မည်သို့ဖြစ်စေ…

မြန်မာလူမျိုးများ နှင့် နိုင်ငံခေါင်းဆောင်များ စိတ်နေသဘောထား အတိုင်း မြန်မာပြည်သည် ပြုပြင်ပြောင်းလဲနေမည်မှာ အသေအချာပင်ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts