News Features

Zaw Aung (Monywa) – What Suu told to Burmese in Singapore


Photo: Emerald Thwin Facebook.

ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက်မြန်မာများတွေ့ဆုံပွဲ မြင်ကွင်း

ဇော်အောင် (မုံရွာ)၊ စက်တင်ဘာ ၂၃၊ ၂၀၁၃
၂၂-စက်တင်ဘာ-၂၀၁၃
လက်မှတ်တစ်စောင် ဒေါ်လာ၃၀ဖြင့် လူ၅၀၀၀ကျော်အား စနစ်တကျနေရာယူ၊အခမ်းအနားအတွက်ပြင်ဆင်သည်။ သင်တန်းပေးပြီး လုပ်အားပေး ၂၀၀ခန့်ဖြင့် မနက်၆နာရီကတည်းက ရောက်ရှိလာစဉ် ညကတည်းက ရှေ့ဆုံးထိုင်ခုံရရန်စောင့်နေသော လူအုပ်ကြီးရှိသည်။ ခမ်းမတခါး မနက် ၇နာရီဖွင့်ပေးသည်နှင့် စီစဉ်ထားသည့်အတိုင်း လက်မှတ်၊ မှတ်ပုံတင်၊ ရေ၊ ကင်မရာ မသယ်ရန်အတွက် စစ်ဆေးသည်။ လူထောင်နှင့်ချီအြီး မလိုလားအပ်ပဲ လုံခြုံရေးစစ်ဆေးမှုများကြောင့် နှောင့်နှေးကြံကြာမှုများစွာကိုတွေ့ရှိရပြီးနောက် မှတ်ပုံတင်ကပ်ပြားစစ်ဆေးခြင်းကို ရပ်တံ့လိုက်သည်။ တံခါးပေါက် West, East, Central များကို သတ်မှတ်ထားခြင်းလည်း စစ်ဆေးမနေတော့ပဲ အထဲကို လက်မှတ်ပြနိုင်သူတိုင်းအား ဝင်ခွင့်ပြုလိုက်သည်။ လက်မှတ်အတုဖြင့် မလာရန်စက်ဖြင့် စစ်ဆေးမှုကိုတော့ လုပ်သည်။ ရထား Harbor Front MRT ဘူတာမှ စင်တိုစားကျွန်း RWS ခမ်းမသို့ ၅မိနစ် ခရီးကိုဘတ်စကားကြီးများဖြင့် အခမဲ့ပို့ပေးသည်။ မနက်၈နာရီထိုးသည့်တိုင်အောင် လူပေါင်းထောင်နှင့်ချီပြီး ဘတ်စကားတန်းစီနေဆဲဖြစ်သည်။ ခမ်းမတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်သောသီချင်းဗီဒီယိုများကို ဖွင့်ပြထားပြီး၊ မနက်၈း၄၀ခန့် နိုင်ငံတော်သီချင်း စုပေါင်းသီဆိုကာ အခမ်းအနားစတင်သည်။ လူငယ်၎ဦးက အခမ်းအနား ဖွင့်လှစ်ပေးပြီး၊ မွန်၊ကရင်၊ချင်း၊မြန်မာ အကများဖြင့်ဖြေဖျော်က ဒေါ်အောင်ဆန်းစုကြည်ဘဝဖြစ်စဉ်ကို ဗွီဒီယိုဆလိုက်ထိုးပြသည်။ ၉း၃၀ ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်သူများ စင်မြင့်ပေါ်နေရာယူပြီးသည်နှင့် မြန်မာကလပ်နာယက ဆရာဒင်နီရယ်တင့်လွင်မှ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ခေါ်သည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း
ဦးစွာ စင်ကာပူလေဆိပ်တွင် လာရောက်ကြိုဆိုသူမြန်မာများအား ကားရပ်မနှုတ်ဆက်နိုင်သည့်အတွက် တောင်းပန်သည်။ ကားမှလက်ထုတ်ပြနှုတ်ဆက်ခဲ့သည်ဟု ကျေးဇူးတင်စကားဆိုသည်။ ယနေ့မနက်တွင်လည်း အလုပ်သမားဝတ်စုံများဖြင့် လမ်းမဘေးတွင် စောင့်ဆိုင်းနှုတ်ဆက်နေသူများကိုလည်း ကျေးဇူးတင်ကြောင်းပြောသည်။ နိုင်ငံတကာခရီးစဉ်များတွင် ချမ်းသာ၊အေးချမ်းလှသောနိုင်ငံကြီးများစွာသို့ ရောက်ခဲ့ရာတွင် အမေရိကန်နိုင်ငံ၊ ဟာဝိုင်ရီကျွန်းကို အနှစ်ခြိုက်ဆုံးဖြစ်သည်။ လူများ၊ သဘာဝရှုခင်းများ၊ အစစအရာရာ အလွန်သာယာဘွယ်ကောင်းပြီး၊ ချမ်းသာသူများစွာရှိသည်။ ပင်လယ်ကမ်းစပ်တွင် စဉ်းစားမိသည်မှာ ဤနေရာတွင် အမြဲတမ်းနေနိုင်ပါသလားမေးခွန်းကို မိမိမနေနိုင်ကြောင်း၊ မြန်မာပြည်သားများနှင့်အတူတကွ ဆင်းရဲခြင်းမှလွတ်ကင်းဖို့ အတူကြိုးစားချင်စိတ်ပဲရှိမိသည်။

လူ့အသိုင်းအဝိုင်းကို ကြည့်ပါက ပေးဆပ်သူများမှာနည်းပါသည်။ အပေးအယူမျှတသူများစွာရှိရန်လိုသည်။ မိမိရသည့်အတိုင်း ပြန်လည်ပေးဆပ်နိုင်ပါက ကောင်းသည်။ ရသည်ထက် ပိုမိုပေးဆပ်နိုင်ပါက ပိုကောင်းသည်။ ကိုယ်ကချည်း ယူနေသူများလည်းရှိသည်။ မိမိအနေဖြင့် အပေးအယူမျှတသော လူများများရှိစေလိုပါသည်။
လူနာများကို ဆေးရုံတွင်ကုသပါက ဆေးပညာ၊ဆေးဝါးများဖြင့်ကုသခြင်းနှင့် စေတနာစိတ်ဖြင့် ဆက်ဆံကုသဖြင်း ၂မျိုးရှိပါသည်။ ကျွမ်းကျင်မှုရှိရုံဖြင့် လူနာကုသမှု မလုံလောက်ကြောင်း၊ စေတနာ၊မေတ္တာထားပြီး ကုသပါက ပိုမိုအောင်မြင်ပါသည်။

အနိစ္စသဘောအရ၊ ကျမတို့လည်း တနေ့တော့ သေဆုံးသွားမည်ဖြစ်သည်။ ဆုတောင်း၊ မေတ္တာပို့နေရုံဖြင့် မလုံလောက်ပါ။ အလုပ်လုပ်ရမည်ဖြစ်သည်။ အရှေ့ ဥရောပ၃နိုင်ငံခရီးစဉ်တွင် ဘုန်းတော်ကြီးဒလိုင်းလာမားနှင့် တွေ့ဆုံစကားပြောစဉ် ဘုန်းတော်ကြီးက အလုပ်လုပ်ရန်လဲ လိုအပ်ကြောင်း ပြောပါသည်။ မြန်မာပြည်လည်းအာရှတွင်ယခင်က ထိပ်တန်းနိုင်ငံဖြစ်ခဲ့သော်လည်း အနိစ္စသဘောအရ ယခုဆင်းရဲသွားရသည်။ နောက်မကြာခင် အနိစ္စသဘောအရ တိုးတက်လာနိုင်ပါသည်။ အလုပ်လုပ်ကြရန်ဖြစ်သည်။

လောဘ၊ လိုချင်မှု ဆိုသည်မှာ လူ့သဘာဝအရ ရှိရမည်ဖြစ်သည်။ သို့သော် ဘဝတွင် စွန့်လွှတ်မှုများရှိရန်လိုသည်။ မိမိဘဝတိုးတက်ရေး လျှောက်လှမ်းရာတွင် မိမိတန်ဖိုးထားသည့်အရာများမှ စွန့်လွှတ်စရာရှိသည်များကို စွန့်လွှတ်ပစ်ရန်လိုသည်။ ဒီမိုကရေးစီခရီးစဉ်တွင် မိမိ၏စွန့်လွှတ် အနစ်နာခံ လုပ်ဆောင်ခဲ့ပါတယ် ..ဟုပြောဆိုလာသူများကို ကြောက်မိပါသည် (ခပ်ကြောက်ကြောက်ပဲ ဟုပြောသည်)။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် တစ်နေ့တွင် အဖိုးအခပြန်တောင်းလာမှာကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ကျမလုပ်ဆောင်ခဲ့မှုများသည် အနစ်နာခံ၊စွန့်လွှတ်လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါ.. ကျမ လုပ်ချင်သောကြောင့် လုပ်ဆောင်ခဲ့ခြင်းများဖြစ်သည်။ လုပ်လိုက်ခြင်းဖြင့် ရရှိလာသော ဒုက္ခ၊ဆင်းရဲမှုများမှာ ရင်ဆိုင်လိုက်ရန်ဖြစ်သည်။

မြန်မာပြည်တွင် အခြားနိုင်ငံများ၌ မရှိသောအရာများ ရှိပါသည်။ ဥပမာ နွေးထွေးစွာကြိုဆိုခြင်း၊ ဆုတောင်းခြင်း၊ ကျန်းမာပါစေ၊ အသက်ရှည်ပါစေ ဆုတောင်းပေးခြင်းများ စသည်တို့ဖြစ်သည်။ မြန်မာပြည်ကို ကြီးပွားတိုးတက်မှု ရစေလိုသည်။ ကြီးပွားတိုးတက်မှုများလုပ်ဆောင်ခြင်းဖြင့် ဂုဏ်ယူရမှာဖြစ်သည်။

မြန်မာပြည်မှ ကျောင်းလာတတ်သူ NTU ကျောင်းသားများနှင့် ခုနက တွေ့ဆုံစကားပြောဆိုရာတွင် ကျောင်းသားကလေးများ၏ အမြင်ကိုမေးမြန်းကြည့်သည်။ မြန်မာပြည်နှင့်စင်ကာပူ ကျောင်းတက်ရသည်တွင် စင်ကာပူမှာလွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်ဟု ဆိုသည်။ မြန်မာပြည်ပြန်သွားလုပ်ကိုင်ဖို့ အခြေအနေပေးလျှင်ပြန်မည်ဟုဆိုသည်။ လူကြီးအရွယ်များ ပြည်ပတွင်နေထိုင်၊ အခြေကျနေသည်ကို မပြောလိုပါ။ မြန်မာနိုင်ငံသား မဟုတ်တော့လျှင်လဲ..မြန်မာပြည်ပေါက်ဖွားလာသူများအဖြစ် အတူတူပဲမြင်ပါသည်။

မြန်မာပြည်တွင်ကြည့်ပါက လူငယ်အများစုသည် ငွေချမ်းသာမှုအတွက် ကြိုးစားနေကြသည်ကို ဝမ်းနည်းစွာတွေ့ရသည်။ ရုပ်ပိုင်းဆိုင်ရာများသည် တခဏတာပင်ဖြစ်သည်။ ဥစ္စာဆိုသည်မှာ မျက်လှည့်မျိုး၊ အနိစ္စသဘောအတိုင်း မြန်မာနိုင်ငံလည်း ဆင်းရဲသွားရသည်။ ပြန်လည် တိုးတက်ကောင်းမွန်လာနိုင်မည်ဖြစ်သည်။  ပညာတော်တတ်မှုကိုလည်း တခါတလေ ထိုပညာရပ်များ အသုံးမချနိုင်သည့် အခြေအနေများကို တွေ့ကြုံနိုင်ပါသည်။ ထို့ကြောင့် လူ့ဘဝတွင် ငွေကြေး၊ ပညာရပ်ကျွမ်းကျင်မှုများထက် မှန်ကန်စွာလုပ်ခဲ့ခြင်းများသည် ဘဝကျေနပ်စရာအကောင်းဆုံးဖြစ်သည်။ လုပ်စရာရှိတာလုပ်ရင်း အမှားမရှိသူမရှိပါ။ ယခုလာရောက်သူများတွင် ရဟန္တာမပါဟု ဆိုနိုင်ပါသည်။ ကျမလည်း အမှားများလုပ်ခဲ့သူဖြစ်သည်။ လူဖြစ်လျှင် အမှားရှိရမည်သာဖြစ်သည်။ အမှားရှိသော်လည်း မေတ္တာတရားဖြင့် လုပ်ဆောင်ပြီး၊ ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေပါဟု ပြောလိုသည်။ မြန်မာနိုင်ငံသို့ ပြန်မလာနိုင်သော်လည်း ရောက်သည့်နေရာ၊ ပတ်ဝန်းကျင်ဒေသတွင် မြန်မာကို လေးစားကြရန်အတွက်  တတ်နိုင်သရွေ့လုပ်ဆောင်စေလိုပါသည်။

ပြည်ပတွင်အခြေကျနေသူအများစုဖြစ်သော ထိုလူကြီးများကို ပြန်လာဖို့ အထူး မတိုက်တွန်းလိုလှသော်လည်း လူငယ်များကိုတော့ မြန်မာပြည်ပြန်လာစေချင်ပါသည်။ လူငယ်အင်အားများစွာ လိုအပ်ပါသည်။ လူငယ်များကိုတော့ အထူးသဖြင့် မြန်မာပြည်ပြန်လာကြရန် အကူညီတောင်းလိုပါသည်။ အခြေအနေကောင်းမှပြန်လာမည် ဆိုသည်မှာ ကောင်းပါသည်။ သို့သော် လူအများကိုလုပ်ကိုင်ပေးရန် မစောင့်စေလိုပါ။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူပါ။ ကမ္ဘာသိ ကျော်ကြားသောနိုင်ငံအဖြစ် ရောက်ဖို့၊ ပြုပြင်ပြောင်းလဲလိုကြသည်။ ကောင်းသည့်နေရာများတွင် ကျော်ကြားသော နိုင်ငံနှင့် လူမျိုးဖြစ်စေလိုသည်ကြောင်း  အန်တီစု၊ အမေစု ဟု မြန်မာများက အသိမှတ်ပြုထားသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ စင်ကာပူရောက် မြန်မာ ၅ထောင်ကျော်အား မိခင်မေတ္တာစိတ်ဖြင့် အားပေး၊တိုက်တွန်းပြောကြားသွားခဲ့ပါသည်။

 
*************************************

အမေးအဖြေကဏ္ဍ
ထို့နောက် အမေးအဖြေကဏ္ဍတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အခန်းကဏ္ဍ(၃)ခုခွဲပြီး ဝေငှပေးထားသော မေးမြန်းချက်များကို ဆယ်ဝင်ပုန်းခန့်ရှိအရွယ်ရှိ ပလပ်စတစ်ပုံး၃ခုဖြင့် ယူဆောင်လာပါသည်။ အချိန်ရနိုင်သရွေ့ မဲနှိုက်သလို ပုံးထဲမှ စာရွက်ငယ်များကို ရွေးချယ်ဖတ်ပေးပြီး၊ ဖြေကြားသွားပါသည်။

၁။ ပထမဆုံးစာရွက်မှာ လာဘ်ပေး၊ လာဘ်ယူမှုဖြစ်သည်။ ၄င်းကိစ္စနှင့်ပတ်သတ်ပြီး မိမိမြန်မာပြည်ပြန်လာစဉ် ပတ်စပို့ (နိုင်ငံကူးလက်မှတ်) အသစ်လဲလှယ်ရန် ရန်ကုန်မြို့တွင် အဒေါ်ဖြစ်သူနှင့် အစိုးရဘဏ် ချလံငွေသွင်းရန် သွားစဉ်က၊ မိမိခဏစောင့်ရန်ပြောပြီး အဒေါ်က ပျောက်သွားသည်။ နောက်ပြန်ပေါ်လာသောအခါ ဘယ်သွားသလဲမေးကြည့်သည်။ ဘဏ်ချလံငွေသွင်းရာတွင် မြန်မြန်ပြီးသွားရန်အတွက် ပိုက်ဆံသွားပေးသည်ဟု ပြောသောအခါ ကျမတော်တော် ဒေါသဖြစ်သွားပြီး၊ ဘာလို့ဒါမျိုးလုပ်ရသလဲ၊ မပေးဘူး၊ တနေကုန်တန်းစီရလဲ တန်းစီမယ် (စိတ်မာန်၊မကျေနပ်ဟန်အပြည့်ဖြင့်)၊ တစ်ပြားမှမပေးဘူး ..ဟု ပြောပြပါသည်။ 

လာဘ်ပေးခြင်းသည် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအဖြစ် ရောက်မသွားသေးသည်မှာ အခြေအနေမဆိုးလှပါ။ လူတိုင်း လာဘ်ပေး၊လာဘ်ယူခြင်းကို မနှစ်သက်သည့် စိတ်ထားရှိနေသေးသောကြောင့် ပြုပြင်နိုင်သည်..ဟုပြောပါသည်။ (စာရေးသူ။ ကျွန်ုပ်နှင့်မိသားစု မြန်မာပြည် အခေါက်ပေါင်းများစွာ ပြန်ရာတွင် ပတ်စပို့ကြားတွင် ဒေါ်လာတစ်ဆယ်ညှပ် မပေးမိခြင်းအတွက် ဤအခန်းရေးရာတွင် စိတ်ကျေနပ်မှုရပါသည်။ မိမိမနှစ်သက်၊ဘုရားမကြိုက်သည့် အခြားသောအလုပ်များကို လုပ်နေရ၊ လုပ်ခဲ့ရသည့် ကျနော့်အတွက်လည်း ပြုပြင်ရန်အချိန်များစွာ ရှိနေပါသေးသည်)။

လာဘ်ပေး၊လာဘ်ယူခြင်းအတွက် အလေးပေးပြောဆိုလိုချက်များမှာ
– စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရန်ဖြစ်သည်။ တစ်ဦး၊တစ်ယောက်၊တစ်စုဖြင့်မရပါ။
– တစ်ဦးချင်း “လာဘ်မပေးကြရန်” လိုပါသည်။
– မြန်မာပြည်မှာမပေးပဲ မနေနိုင်သည့်အခြေအနေရောက်နေသည်။ တောင့်ခံပြီး မပေးပဲနေကြပါရန် …တိုက်တွန်းသွားပါသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရန်၎င်းကိစ္စနှင့်ပတ်သတ်ပြီး ကျမပြောရဲပါသည်။ လွှတ်တော်သို့ အင်အယ်ဒီပါတီ စတင်ဝင်ရောက်ကတည်းက ပြောခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်နေသော
– တရားဥပဒေစိုးမိုးရေး
– တိုင်းရင်းသား၊ လက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေး ..
ထိုအလုပ်များကို ညှိနှိုင်းလုပ်ဆောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နိုင်မှသာ အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

စင်ကာပူဆန်းမစ် Singapore Summit တွင် မေးမြန်းသည့်အချက်တစ်ခုရှိသည်။ ကျမ ယခု စင်ကာပူမလာခင်လေးတွင် အရှေ့ဥရောပ ပိုလန်၊ချက်ရီပါဗလစ်တို့တွင် သွားရောက်သည့်သောကြောင့်၊ ထိုနိုင်ငံများပြုပြင်ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှု ဘာများမတူညီတာရှိသလဲ မေးခွန်းတွင် အဓိက၊အရေးကြီးဆုံးတစ်ချက် မပြောလိုက်မိဖြစ်သွားသည်။ ထိုအချက်မှာ ထိုအရှေ့ဥရောပနိုင်ငံများ (ဥပမာ စံနမူနာပြု ချက်နိုင်ငံ) သည် အစိုးရနှင့်အတိုက်အခံများ ညှိနှိုင်းလုပ်ဆောင်ပြီးမှ စီမံကိန်းများရေးဆွဲက ပြုပြင်ပြောင်းလဲခြင်းဖြစ်သည်။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးသည် အတိုက်ခံများနှင့်ညှိနှိုင်းမှုမရှိပဲ တစ်ဖက်သတ်လုပ်ဆောင်ခြင်းဖြစ်သည်။၃။ စီးပွားရေးနှင့်ပတ်သတ်သောမေးခွန်းများ
စီမံကိန်းဖြင့်လုပ်ဆောင်ရန်လိုပါသည်။ မြန်မာပြည်သို့ လာရောက်ရင်းနှီးမြှတ်နှုံ့လိုသူ များပြားလှသည် ဟုယူဆပြီး နိုင်ငံခြားရင်းနှီးမှုဥပဒေ FDI (Foreign Direct Investment Law) ပြဌာန်းလိုက်ပြီဖြစ်သည်။ သို့သော် ထင်သလောက် မလာကြပါ။ အခြေခံအဆောက်အဦများ မရှိသေးသောကြောင့်ဖြစ်သည်။ နိုင်ငံခြားသားများပြောဆိုသော အချက်၂ခုရှိသည်။

၁။ သူတို့ရင်းနှီးလုပ်ငန်းများအတွက် အာမခံခက်မရှိသေးခြင်း
၂။ အခြေခံအဆောက်အဦး Infra Structure မရှိသေးခြင်း တို့ဖြစ်သည်။

ရင်းနှီးမြှတ်နှံမှုဥပဒေ FDI Law ရှိနေပြီဖြစ်သော်လည်း၊ ဥပဒေအတိုင်း တကယ်လုပ်မည်လော ဆိုသည်မှာ သံသယရှိနေဆဲပင်ဖြစ်သည်။ သူတို့ပစ္စည်း၊ငွေအရင်းနှီးများအတွက် အာမခံချက်ပေးနိုင်ရမည်။ အစိုးရကို ပြောသည့်အတိုင်းလုပ်မည်လော ယုံကြည်ချက်ဖြစ်သည်။ အခြေခံအဆောက်အဦးအတွက် ဥပမာ စက်ရုံလာဆောက်မည်ဆိုပါက ..လမ်းမကြီလည်းဆောက်ပေးရမည် ..ဟုပြောလာသောအခါ စက်ရုံလာဆောက်မည့်သူများ စဉ်းစားစရာဖြစ်လာသည်။ နိုင်ငံတော်အတွက် နှစ်တို၊နှစ်ရှည် စီမံကိန်းများရေးဆွဲလုပ်ဖို့လိုသည်။

မြစ်ဆုံစီမံကိန်းဆက်လုပ်ဖြစ်မလား မေးခွန်းကို Contract စာချုပ်ချုပ်ဆိုစဉ်က ပါဝင်သောအချက်အလက်များမှာ ပွင့်လင်းမြင်သာမှုမရှိ၊ မိမိလည်းမသိရ။ ထိုမေးခွန်းအတွက် ဖြေကြားသင့်သူမှာ စာချုပ်ချုပ်စဉ်က လက်မှတ်ထိုးသောသူများသာ ဖြစ်သည်ဟု ဖြေကြားသွားပါသည်။

၎။ ပညာရေးနှင့်ပတ်သတ်သောမေးခွန်း
ပညာရေးတွင် ကျမပါဝင်လုပ်ဆောင်ရသော အဆင့်မြင့်ပညာရေးဥပဒေပြောင်းလဲမှုအဖွဲ့တွင် ဆွေးနွေးခဲ့သည်။ သို့ရာတွင် အခြေခံပညာရေးသည်လည်း အလွန်အရေးကြီးသည်။ စာရိတ္တပိုင်းဆိုင်ရာ ပညာရေးကို အခြေခံပညာရေး ကလေးငယ်များမှစတင်ပြီး စီမံကိန်းနှင့်သင်ကြားပေးရမည်။ အခြေခံနှင့်အဆင့်မြင့်ပညာရေး ၂ခုကို တစ်ပြိုင်တည်းလုပ်ဆောင်ရမည်ဖြစ်သည်။ ဥပမာ ဘွဲ့လွန်သင်တန်းတက်လိုသူအတွက် ဘွဲ့တစ်ခုရဖို့လိုပါသည်။ ထိုအတိုင်း အခြေခံပညာရေးသည် ရေရှည်အတွက် အရေးကြီးသည်။ အဆင့်မြင့်ပညာရေး ကျွမ်းကျင်မှုများကို သင်ကြားပေးရုံမက အခြေခံအဆင့်တွင် လူ့တန်ဖိုးအကြောင်း သင်ကြားပေးရန်လိုသည်။ ကျမတို့ ငယ်ငယ်က ပညာရေးသည် ကောင်းသည်။ ဂုဏ်သိက္ခာသည် ပိုက်ဆံမဟုတ်ကြောင်း ..သင်ကြားခဲ့ရသည်။

ကိုယ်ကျိုးစွန့်လုပ်ကိုင်သူများနှင့် ပတ်သက်ပြီး ပြောပြလိုသည့်အချက်မှာ.. ပညာတတ်များကိုယ်ကျိုးစွန့်ပြန်လာသူများလည်းရှိသည်။ အချို့က နိုင်ငံခြားမှပြန်လာသောအခါ ကြွားချင်သည့်စိတ်မျိုးရှိသည်။ ကျမအနေနှင့် တော်သည်/ညံ့သည် မခွဲခြားပါ။ ကောင်းသည်/ဆိုးသည်လည်းမခွဲခြားပါ။ ကျမ ဂရုစိုက်သည်မှာ သင်လို့ရမလား/ မရတော့ဘူးလား ဆိုသည့်အချက်ပင်ဖြစ်သည်။ (Editor : Obedience ကိုဆိုလိုပုံရသည်။ လူပုဂ္ဂိုလ်၊ဆရာပြောသလို ဟုတ်/မဟုတ် လိုက်လုပ်တာမျိုး ဆိုလိုပုံမရပါ)။

သင်လို့ရသောသူများ၏ နေ့စဉ်ဘဝသည် ကောင်းသည်။ ထိုသူသည် အတော်ဆုံးလူဖြစ်သည်။
လောကကြီးကို ဘာကြောင့် ကျမတို့ရောက်လာကြပါသလဲ။ အနိစ္စ၊ကိစ္စ သဘောအတိုင်း တစ်နေ့တော့ ကျမလည်း သွားမှာပါ။ နောင်ဘဝမှာ ဝဋ်ကြွေးတွေပါမသွားချင်ပါဘူး..။ စွန့်လွှတ်ပါဟုလည်းမပြောချင်ပါ။ တတ်နိုင်သမျှလုပ်ပေးရန်ဖြစ်ကြောင်း၊ လက်တွေမလုပ်ပေးနိုင်ပါကလည်း မေတ္တာပို့ခြင်း၊ စေတနာထားအားပေးကြပါ ..ဟုပြောဆိုသွားပါသည်။

ရှေ့နေ၊ တရားရေးကိစ္စများကို တရားဥပဒေစိုးမိုးမှုကော်မတီတွင် ပြောဆိုဆွေးနွေးကြသော အချက်တစ်ခုမှာ အမှိုက်ပစ်ခြင်း ကိစ္စဖြစ်သည်။ ရန်ကုန်မြို့သည် အမှိုက်ခြင်းတောင်းကဲ့သို့ ရုပ်ဆိုးအကျည်းတန်နေခြင်းဖြစ်သည်။ အမှိုက်ပစ်မှုစည်းကမ်းဥပဒေရှိရန် ဥပဒေဖြင့်ကိုင်တွယ်ဖို့ ဆွေးနွေးရာတွင် ဥပဒေဖြင့်မဟုတ်ပဲ အကျင့်စာရိတ္တအားဖြင့် ထိန်းသိမ်းရန်ဖြစ်သည်။ အမှိုက်ပစ်သည့် အကြောင်း စည်းကမ်းလိုက်နာမှုကို ဆွေးနွေးစဉ်၊ မိမိငယ်စဉ်က အခြေအနေကိုသတိရသည်။ ထိုစဉ်က မြန်မာပြည်တွင် အာရှတွင် အတိုးတက်ဆုံးအခြေအနေတွင်ရှိသည်။ အခြေခံပညာသင်ကြားစဉ် အမှိုက်ပစ်ပါက ၅ပြား ဒါဏ်ငွေဆောင်ရသည်။ ထိုစဉ်က ငါးပြားဆိုသည်မှာ မုန့်ဖိုးဖြစ်သည်။ အမှိုက်ပစ်ခြင်း စည်းကမ်းမလိုက်နာပါက ၅ပြားဒဏ်ငွေ အရိုက်ခံရလျှင့် မုန့်မဝယ်စားနိုင်တော့ပါ။

ယခုခေတ် မိဘများသည် သားသမီးများကို ပိုက်ဆံရအောင်ရှာဖို့ ပြောနေကြသည်ကို ဝမ်းနည်းစွာကြားနေရသည်။ ငွေမဟုတ်ပါ။ ပညာ၊ဘွဲ့ရရေးလည်း အကန့်အသတ်ရှိသည်။ စာရိတ္တပညာသည် အရေးကြီးဆုံးဖြစ်သည်။

အချိန်စေ့ပြီဖြစ်သောကြောင့် မေးခွန်း၁၀ခုမျှသာ ဖြေကြားနိုင်ခဲ့သည်။ မေးမြန်းလိုပါက မြန်မာပြည်သို့ပြန်လာပြီး မေးမြန်းနိုင်ပါကြောင်းပြောဆိုခဲ့သည်။ အခန်းအနားမှုးက ဆုတစ်ခုတောင်းပေးရန် ပြောဆိုရာ.. တစ်ခုတည်းဆုအဖြစ် တစ်ဦးချင်းမှန်ကန်စွာဆုံးဖြတ်ချက် ချနိုင်ကြပါစေဟု ဆုတောင်းပေးသွားပါသည်။ လာရောက်သော ပရိတ်သတ်ကြီးမှလည်း အမေစု – ကျန်းမာပါစေ ဟု ၃ကြိမ်တစ်ခဲနက်ဆုတောင်းပေးကာ ဒေါ်အောင်ဆန်းစုကြည်နှင့်စင်ကာပူရောက်မြန်မာ၅ထောင်ကျော် တွေ့ဆုံပွဲကို နံနက်၁၀း၅၀ ခန့်တွင် အဆုံးသတ်ကာ စင်ကာပူအစိုးရအစီအစဉ်တစ်ခုသို့ ထွက်ခွာသွားခဲ့ပါသည်။ မြန်မာကလပ်မှ ဆက်လက်ပြီး တိုင်းရင်းသားပေါင်းစုံအက၊ ဓါတ်ပုံရိုက်ခြင်းများဖြင့် အခမ်းအနားကိုရပ်နားလိုက်ပါသည်။

 ဇော်အောင်။ ၂၃-စက်တင်ဘာ-၂၀၁၃

Note:
Audio, Video files are available in website.  Name of Individual & Societies are not mentioned in this article for “fair judgement”. Many comments will be appear in facebook & web media.  Pro&Con must learn and look forward for individual improvement.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts