International News

Attacks on American broaden inside and outside of USA

အမေရိကန်တွေအပေါ် လက်နက်နဲ့အကြမ်းဖက်ခံရမှု ဆက်တိုက်ဖြစ်လာ

မိုးမခသတင်းကောက်နုတ်ချက်၊ စက်တင်ဘာ ၂၃၊ ၂၀၁၃

စက်တင်ဘာ ၁၇၊ ၀ါရှင်တန်ဒီစီ ရေတပ်စခန်း သေနတ်ပစ်ခတ်မှု ဖြစ်တယ်။ လူ ၁၂ ဦး သေဆုံး၊ လူအတော်များများ ဒဏ်ရာရတယ်။ သေနတ်ပစ်ခတ်သူကတော့ စိတ္တဇဝေဒနာခံစားနေရတဲ့ အရန်စစ်မှုထမ်းဟောင်း၊ ကန်ထရိုက်အလုပ်သမား တဦး ဖြစ်ပါတယ်။ စိတ်ဝေဒနာဖြစ်နေတဲ့ လူတဦးက လုံခြုံရေးအဆင့်မြင့် ရေတပ်စခန်းမှာ အလုပ်လုပ်ခွင့်ရနေခဲ့တာ၊ လက်နက်ကိုင်ဆောင်ခွင့် ရှိနေတာ၊ အတိတ်က အကြမ်းဖက်မှုတွေနဲ့ လက်ရှိစိတ်ဝေဒနာတွေအပေါ် သက်ဆိုင်ရာက အရေးယူဖို့ ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်။

စက်တင်ဘာ ၂၁၊ ကင်ညာနိုင်ငံ၊ နီရိုဘီမြို့တော်၊ အဆင့်မြင့်ကုန်တိုက်ကြီးမှာ အကြမ်းဖက်ပစ်ခတ်မှု ဖြစ်တယ်။ လူ ၆၀ ကျော် သေဆုံး၊ လူ ၃၀၀ ကျော် ဒဏ်ရာရတယ်။ အကြမ်းဖက်သူတွေကတော့ အစ္စလာန်အစွန်းရောက် အယ်ကိုင်ဒါအဖွဲ့ရဲ့ လက်ခွဲ၊ အယ်ရှာဘတ်အဖွဲ့ (ဆိုမာလီယာနိုင်ငံ) က ဖြစ်တယ်။ အဲသည်က အကြမ်းဖက်သမားတွေက အမေရိကန်နဲ့ အနောက်နိုင်ငံသားတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်လို့ ဆိုတယ်။ အကြမ်းဖက်သမားတွေထဲမှာလည်း အမေရိကန်နိုင်ငံသား ၃ ဦး ပါရှိနေတယ်လို့ သိရတယ်။ အမေရိကန်ဆန့်ကျင်ရေး၊ မုန်းတီးရေးကို ဘာသာရေးအစွန်းရောက်တွေက ၀ါဒဖြန့်ကြပြီး ပြည်ပမှာသာမက ပြည်တွင်းက အစွန်းရောက်သမားတွေကိုပါ စည်းရုံးနိုင်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။

အဲသည်အတွက် အမေရိကန်ပြည်တွင်းမှာ လွတ်လပ်စွာ လက်နက်ကိုင်ဆောင်ခွင့်နဲ့အတူ အကြမ်းဖက်သမားတွေ၊ အစွန်းရောက်တွေ၊ စိတ္တဇဝေဒနာသည်တွေ လက်ထဲ မရောက်စေဖို့ ကာကွယ်နိုင်ဖို့ ဥပဒေ စည်းမျဉ်းတွေ ထုတ်ဖို့ ဆွေးနွေးကြဖို့ လိုတယ်လို့ ပြောဆိုလာကြပါတယ်။ သမ္မတ အိုဘားမားကိုယ်တိုင်ကလည်း လက်နက်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေစည်းမျဉ်းတွေ ပြန်လည် သုံးသပ်ကြဖို့ တိုက်တွန်းသွားပါတယ်။

အမေရိကန်ပြည်တွင်းက အစွန်းရောက်တွေ ဆိုတဲ့နေရာမှာ အစွန်းရောက်မျိုးချစ် အစွန်းကတဖက်၊ အစွန်းရောက်ဘာသာရေး အစွန်းက တဖက်လို့ ရှိနေပါတယ်။ အစွန်းရောက်မျိုးချစ်တွေကလည်း သူတို့နဲ့ အယူအဆ၊ အတွေးအခေါ်၊ မူဝါဒချင်း မတူသူတွေကို ချေမှုန်း နှိမ်နင်းဖို့ အင်အားသုံးဖို့ ၀ါဒဖြန့်ကြသလို၊ အစွန်းရောက်ဘာသာရေးတွေကလည်း ဘာသာခြားတွေကို တိုက်ခိုက်ဖို့ အမုန်းတိုက်ပွဲ ဆင်ကြပါတယ်။

ခုချိန်မှာတော့ အမေရိကန်တွေအပေါ်မှာ လက်နက်နဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကို ကာကွယ်နိုင်ဖို့၊ တွန်းလှန်နိုင်ဖို့အပြင် လူတွေအချင်းချင်းကြားမှာ အကြမ်းဖက်တာ တိုက်ခိုက်တာတွေ၊  လက်နက်မဲ့တွေကို လက်နက်နဲ့ အနိုင်ကျင့်သတ်ဖြတ်တာတွေကို တားဆီးနိုင်ဖို့၊ နိုင်ငံတကာအဆင့် ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့ လိုတယ်လို့ သုံးသပ်ကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts