မစပယ် ● ဘာလဲဟဲ့ … လူ့ငရဲကို လွမ်းတခြင်း
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၉

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် ဆွမ်းကျွေးအလှူဖိတ်စာလေးကို ကျန်ရစ်သူမိသားစုဆီက ကျွန်မ လက်ခံ ရရှိချိန်မှာ မရပ်မနားသွားနေတဲ့အချိန်ကာလကြီးကို အထိတ်တလန့် ရှိသွားမိပါတယ်။

ဘဘဦးဝင်းတင်နဲ့ ပတ်သက်ခဲ့ရတဲ့အကြောင်းလေးကို ရေးဖို့စဉ်းစားလိုက်တိုင်း ကိုယ့်လိုသာမန်လူတယောက်က ကြီးကျယ် မြင့်မြတ်တဲ့ နိုင်ငံတကာကလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတဦးအကြောင်းရေးရမှာ မဝံ့ရဲ ဖြစ်နေမိတာအမှန်ပါ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ  ဖိတ်စာရတဲ့နေ့က ဦးဝင်းတင်ရေးသားခဲ့တဲ့ “စာဟောင်းတွေရဲ့ ဘဝသစ်” ဆိုတဲ့ စာအုပ်ကလေးကို ဖတ်မိရက်သားဖြစ်နေပါတယ်။ အနှစ်သက်ဆုံးစာအုပ် ၁၆ ဆိုတဲ့ ဆောင်းပါးကောက်နုတ်ချက်လေးက ဒီလိုပါ။

“စာအုပ်ဆိုသည်မှာ ဖတ်ဖို့၊ မှတ်ဖို့၊ ဆင့်ကမ်းဖို့၊ လှမ်းဖြန့်ဖို့ဖြစ်သည်။ ‘ငါ’ စာအုပ်စင်တွင် ပင့်ကူမျှင် နှောင်ဖွဲ့လျက် အကျဉ်း ထည့်ဖို့မဟုတ်။ ဖုန်အထပ်ထပ်ကျံလျက် မြှုပ်နှံ သြင်္ဂိုဟ်ဖို့မဟုတ်။ စာအုပ်သည် ‘ငါ’ ဖတ်ဖို့သာမဟုတ်။ ‘သူတကာ’ ဖတ်ဖို့ဖြစ် သည်ဟူသောစိတ်ကိုမွေးနိုင်မှ စာအုပ်ကြိုက်သူဖြစ်မည်။”

ဒီစာကြောင်းလေးကိုဖတ်ရင်း ကျွန်မတို့ပြည်သူတွေအပေါ် ကျေးဇူးများလှတဲ့ အသိအမြင်သစ်တွေ ပြန့်ပွားတိုးတက်စေချင် လှတဲ့ ဘဘဦးဝင်းတင်ကို နည်းနည်းလေးပဲဖြစ်ပါစေ ကျေးဇူးတရား ဆပ်ချင်တဲ့ဆန္ဒနဲ့ ဒီစာလေးကိုရေးမိပါတယ်။
+ + +

ဟံသာဝတီဦးဝင်းတင်ဆိုတဲ့ အမည်ကို စပြီးကြားခဲ့ဘူးတာကတော့  ၈လေးလုံးအရေးတော်ပုံကြီးအပြီး ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွဲပြီးတော့ပါ။ ကျွန်မအဖေဟာလည်း ရှစ်လေးလုံးအရေးမှာ မထင်မှတ်ပဲ ပါဝင်လာခဲ့ပြီး နောက်ပိုင်း  ပေါင်းတည်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့တာမို့ ဖေဖေပြောပြခဲ့တဲ့ အမည်တွေက တဆင့် သိခဲ့တာပါ။ ဒါပေမယ့် ဘဘဦးဝင်းတင်ရေးခဲ့တဲ့ ‘ကွိ’ ဆိုတဲ့ စာအုပ်ကိုတော့ ၇ တန်းကျောင်းသူအရွယ်မှာ ဖေဖေ့စာ အုပ်စင်ကနေ ဖတ်ခဲ့ဘူးပါတယ်။ စာရေးသူအမည်ထက် စာအုပ်အမည် “ကွိ” ဆိုတာကို ပိုစိတ်ဝင်စားရင်း ကိုယ့်ခံယူချက်ကို နည်းနည်းလေးမှ အတိမ်းအစောင်းမခံတဲ့ သတင်းစာသမားတဦးရဲ့အကြောင်းကို ရေးတေးတေး မှတ်မိနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီခရီးကြမ်းကာလဟာ ရှည်လျားလွန်းပါတယ်။ ဒီခရီးကြမ်းမှာ ဟံသာဝတီ ဦးဝင်း တင်ဟာ အစောဆုံးဖမ်းခံရသူတွေထဲမှာပါဝင်ခဲ့ပြီး ၁၉ နှစ်ကြာတဲ့အထိ အင်းစိန်ထောင်တွင်းမှာ အကျဉ်းကျခံခဲ့ရသူပါ။ ဒီမို ကရေစီခရီးကြမ်းကာလကြီးမှာ ကျွန်မတို့တတွေဟာ နိုင်ငံခြားအသံလွှင့်ဌာနတွေကထုတ်လွှင့်တဲ့ မြန်မာသတင်းလေးတွေ ကို အသံမကြည်လှတဲ့ ရေဒီယိုလေးတွေ အားကိုးရင်း နိုင်ငံရေးသတင်းတွေကို နားစွင့်ခဲ့ရပါတယ်။ ကျွန်မတို့အဖေကိုယ်တိုင် လည်း စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ အချိန် .. တညတော့ ဘီဘီစီကထင်ပါရဲ့  ဟံသာဝတီဦးဝင်းတင်ရဲ့ “ကျား ရဲ” ဆိုတဲ့ ကဗျာလေးကို ကြားခဲ့ရပါတယ်။ ကြပ်တည်းလှတဲ့ အင်းစိန်အကျဉ်းထောင်ထဲကနေ ကမ္ဘာကိုလှမ်းပြောလိုက်တဲ့ ဦးဝင်းတင်ရဲ့ခံယူချက်ဟာ ခရီးကြမ်းကို အတူဖြတ်သန်းနေရသူတွေကို  စိတ်ခွန်အားတွေ အများကြီးပေးလိုက်သလိုပါပဲ။ ဖတ်ပြသူရဲ့ အသံကလည်း စိတ်ခံစားမှုအပြည့်ရှိလို့ထင်ပါရဲ့ နားထောင်ရင်း မျက်ရည်တွေ ဘယ်လိုကျလာမှန်းမသိပါဘူး။ အဲဒီအချိန်ကစလို့ ဟံသာဝတီဦးဝင်းတင်ဆိုတဲ့အမည်ကို စိတ်ထဲ စွဲစွဲထင်ထင်ဖြစ်ခဲ့တာပါ။

၂၀၀၈ အခြေခံဥပဒေရေးဆွဲအတည်ပြုပြီးတဲ့နောက် နိုင်ငံရေးရာသီဥတု တမျိုးပြောင်းတော့မယ့်အချိန် တညနေခင်းမှာတော့  VOA ကနေ ဟံသာဝတီဦးဝင်းတင် ထောင်ကလွတ်ပြီဆိုတဲ့ သတင်းကြားလိုက်ရပါတယ်။ အဆီကျိတ်ခွဲထားတဲ့ ညီမ “ယု” ဆီ ကျွန်မရောက်နေချိန်ပါ။  ညီအစ်မနှစ်ယောက်သား တယောက်နဲ့တယောက် စိတ်လှုပ်ရှားတဲ့ အကြည့်တွေနဲ့ ကြည့်ရင်း  အသံမကြည်လှတဲ့ ရေဒီယိုလေးကို ပြတင်းဝထုတ် လိုင်းချိန်ပြီး ဘဘလွတ်လာတဲ့သတင်းကို နားထောင်လို့ အားမရဖြစ်နေ မိကြတယ်။ ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရတဲ့ ကျားရဲကြီးလွတ်လာချိန်မှာ အသက် ၇၉ နှစ်ရှိနေပါပြီ။

ဘဘဦးဝင်းတင် လွတ်လာချိန်ဟာ NLD ပါတီအတွက် တကယ့်စိန်ခေါ်မှုကြီးနဲ့ ကြုံနေရချိန်ပါ။ စစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ အတူ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စတွေဟာ အင်မတန် ရှုပ်ထွေးနေချိန်ဖြစ်ပါတယ်။ ဒေါ်စုကလည်း အကျယ်ချုပ်ကမလွတ်သေးပါဘူး။  ဒီကြားထဲ ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုဝင်လာတဲ့ နိုင်ငံခြားသား ယက်တောအမှုကြောင့် ဒေါ်စု အင်းစိန်ထောင်မှာ တရားရင်ဆိုင်ခဲ့ရတော့ ဘဘဦးဝင်းတင် ဦးဆောင်ပြီး အင်းစိန်ထောင်ရှေ့မှာ ပြည်သူတွေနဲ့အတူထိုင်ပြီး အင်အားပြခဲ့ပါတယ်။ ကျွန်မလည်း ဒီအင်အားပြပွဲကို ရောက် သွားရင်း ထောင်အင်္ကျီပြာ ဝတ်ဆင်ထားတဲ့အဘိုးအိုကြီးကို လေးစားကြည်ညိုမိပြီး လိမ္မော်သီးတွေ သွားပေးခဲ့ဘူးပါတယ်။ ဘဘဦးဝင်းတင်နဲ့ တော့မရင်းနှီးသေးပါဘူး။  ဘဘကတော့ လူတိုင်းကို ဖေါ်ဖေါ်ရွေရွေပြောဆိုဆက်ဆံပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးတဲ့နောက် ပထမဆုံးစဖွင့်ခဲ့တဲ့ လှိုင်သာယာ အမေ့အိမ် ပညာဒါနကျောင်းမှာ ကျွန်မ ကိုယ်တိုင် ဝင်ရောက်လုပ်အားပေးတော့ ဦးဝင်းတင်၊ ဦးတင်ဦးတို့ရဲ့ဦးဆောင်မှု၊ လမ်းညွှန်မှုတွေကို မှတ်သားခဲ့ရတာ အဘိုး တန်လှပါတယ်။ ကျောင်းဖွင့်ဘို့ တိုင်ပင်ကြတဲ့ အစည်းအဝေးတခုမှာ ဘဘဦးဝင်းတင်ပြောခဲ့တာကို အမှတ်ရနေပါသေးတယ်။ ဘယ်ကိစ္စမဆို စတည်ထောင်ဘို့ သိပ်မခက်လှပေမယ့် ရေရှည်တည်တံ့ဘို့ကတော့ အများကြီးကြိုးစားကြရမယ်တဲ့။ ပညာ ဒါနကျောင်းဖွင့်ရတဲ့ရည်ရွယ်ချက်က တိုင်းပြည်မှာ ပညာရေးက လိုအပ်ချက်ရှိနေတယ်။ ပညာရေးဟာ အားလုံးနဲ့ပတ်သက် နေတာဖြစ်တယ်။ ပေါင်းစည်းဆက်စပ်ပြီးလုပ်ဆောင်စေချင်တယ်။ အလေးအနက်ထားပြီးလုပ်ပါ။ လူမှုရေးကို စိတ်ဝင်စားရင် နိုင်ငံရေးကိုလည်း စိတ်ဝင်စားရမှာဖြစ်တယ်။ လက်ရှိအာဏာပိုင်များနဲ့ ညှိပါ။ သဘောတူတာတွဲလုပ်၊ မတူတာ မတွဲနဲ့။ ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ်လုပ်သင့်တာဆက်လုပ်ဆိုပြီး ဘဘဦးဝင်းတင်က ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာနိုင်ငံရပ်ခြားမှာနေကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေက အဘဦးဝင်းတင် ဦးဆောင်လုပ်ကိုင်နေတဲ့ နိုင်ငံရေး အကျဉ်းသား ကူညီမှုလုပ်ငန်းတွေကို လှူဒါန်းအားပေးမှုတွေ လုပ်ချင်ပါတယ်လို့ ပြောဆိုကြတဲ့အတွက် ကျွန်မဟာ သူတို့ ဆန္ဒရှိနေတဲ့ကိစ္စလေးတွေကို ကူညီဆောင်ရွက်ပေးရင်း ဘဘဦးဝင်းတင်ဆီက လက်ခံရရှိကြောင်း စာတိုလေးတွေ၊ လက် မှတ်လေးတွေကို တဆင့် ရခဲ့၊ မြင်ဘူးခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်မ သွားပေးနေကျသူဟာ အိမ်ထောင်ရက်သားကျပြီး တမြို့တရွာပြောင်းသွားလေတော့ ကျွန်မကိုယ်တိုင် ဘဘ ဦးဝင်းတင်ဆီ လာခဲ့ရပါတယ်။ သူညွှန်တဲ့လိပ်စာအတိုင်း ကျောက်ကုန်းလမ်းက ပန်းဆိုင်တွေကို ဖြတ်လျှောက်ရင်း လမ်း ထိပ်မုန့်ဆိုင်လေးတခုနားမှာ ပက်လက်ကုလားထိုင်လေးနဲ့ အေးအေးဆေးဆေး ထိုင်နေတဲ့သူတယောက်တွေ့လို့ .. ဟံသာ ဝတီဦးဝင်းတင်နေတဲ့ အိမ်များသိပါသလားဆိုတော့ “ ဟာ… သိတာပေါ့၊ လာလာ ကျွန်တော်လိုက်ပို့မယ်” ဆိုပြီး ပြုံးပြုံး ရွှင်ရွှင်ပဲ ထလာပါတယ်။တံခါးဖွင့်ထားတဲ့ ခြံဝင်းကြီးရဲ့အထဲ ခြံရှေ့ဘက်နားက အိမ်လေးအထိ သေချာခေါ်သွားပြီး “အဘ ဒီမှာဧည့်သည်” ဆို ထားခဲ့ပါတယ်။ ဘဘက ဆက်တီကုလားထိုင်လေးမှာထိုင်နေရင်း “အေး.. လာပါ၊ ထိုင် ထိုင်” ဆိုပြီး လိုက်ပို့တဲ့သူကိုလဲ ပြုံးပြ နှုတ်ဆက်ပါတယ်။ လိုက်ပို့သူဟာ ဘဘရဲ့သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်ရတဲ့ ထောက် လှမ်းရေးပါ။ ငိုအားထက်ရီအားသန်ဆိုတဲ့စကားလိုပါပဲ ကျွန်မအဖြစ်က ထောက်လှမ်းရေးကို သွားမေးမိရက်သားပါ။ အင်း.. ဒါကြောင့်လည်း ဘဘ ထောင်ဝတ်စုံပြာကို ဝတ်ပြီးနေတာကိုး။

၂၀၁၀ ထဲမှာပဲ “ဘာလဲဟဲ့ .. လူ့ငရဲ” ဆိုတဲ့ အမည်နဲ့ ဟံသာဝတီဦးဝင်းတင်ရဲ့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အကျဉ်းထောင် အတွေ့အကြုံ ရေးသားချက်ထွက်ပေါ်လာပါတယ်။ စာအုပ်တအုပ်အနေနဲ့တော့ နောက်ပိုင်းမှ ပြန်ထုတ်ခဲ့ရတာပါ။ စထွက် တော့ အွန်လိုင်းကနေ လူထုဆီ ပျံ့နှံ့စေခဲ့တာပါ။ ဘဘရဲ့အရေးအသားဟာ ရဲရင့်လွန်းလို့ ဖတ်ရင်းနဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကို ဘွင်းဘွင်းကြီးမြင်နေရပါတယ်။ ဒါပေမယ့် ဘဘဟာ နာကျည်းစိတ်နဲ့ ရေးခဲ့တာမဟုတ်ပါဘူး။ အမှန်တရား တွေကို သိစေဘို့၊ ထောင်ထဲကလူတွေကို အပြင်က မမေ့မလျှော့ အားပေးဘို့ .. ဒါဆိုရင် ထောင်ထဲမှာ စိတ်မနာပဲ ဖြတ် သန်းနိုင်ပြီး သတ္တိရှိရှိ ရပ်တည်ဆောင်ရွက်နိုင်ဘို့ ရည်ရွယ်ရေးခဲ့တာလို့ ဆိုပါတယ်။

ဒီစာအုပ်နဲ့ပတ်သက်ပြီး ဘဘဦးဝင်းတင်နဲ့တင်မက ဘဘရဲ့သူငယ်ချင်းဖြစ်သူ ဘဘဦးအုန်းထွန်းတို့မိသားစုနဲ့ ကျွန်မပိုပြီး ရင်းနှီးခဲ့ရပါတယ်။ သူတို့မိသားစုဟာ ဘဘဦးဝင်းတင်ရဲ့ မိသားစုပါပဲ။

အကြောင်းရင်းက ဒီလိုပါ။ ၂၀၁၁ ဒီဇင်ဘာလရဲ့ ရက်တရက်မှာကျွန်မညီမဆီက Email တစောင် ရခဲ့ပါတယ်။  ဦးဝင်းတင် ရေးသားတဲ့ “ ဘာလဲဟဲ့ ..လူ့ငရဲ” စာအုပ်ကို သူ့မိတ်ဆွေတယောက်က ဘာသာပြန်ဆိုခွင့်တောင်းပေးဘို့၊ ကျွန်မကတဆင့် တောင်းပေးပါလို့ ဆိုလာပါတယ်။ ဘာသာပြန်ဆိုမယ့်သူကိုယ်တိုင်ကလည်း ဘဘဦးဝင်းတင်တို့နဲ့ ခေတ်ပြိုင် နံမည်တလုံးနဲ့ နေသူဖြစ်ပြီး ဆွေမျိုးအသိုင်းအဝိုင်းဟာလည်း NLD နဲ့ နီးစပ်သူတွေဖြစ်တာမို့ ကျွန်မ သိပ်အံ့သြသွားခဲ့ပါတယ်။ နောက်ပြီး ကျွန်မက NLD အဖွဲ့ဝင်လဲမဟုတ်၊ ဦးဝင်းတင်နဲ့လည်း ဒီလောက်ရင်းနှီးတာမဟုတ်ပဲနဲ့ ဘာကြောင့် ငါ့ကိုလာပြီးပြောတာ ပါလိမ့်ဆို ကိုယ့်ကိုယ်ကိုယ် အူကြောင်ကြောင်တောင်ဖြစ်သွားပါတယ်။ မဖြစ်နိုင်ဘူးထင်တယ် .. တခြားလမ်းကြောင်းက သွားပါလားဆိုပြီး စာပြန်လိုက်ပါတယ်။ ဒါပေမယ့် အကျဉ်းသားကူညီရေးတွေမှာ ကျွန်မကူညီခဲ့တာက  အဆင်ပြေလို့ပါလို့ ဆိုပါတယ်။ ကျွန်မ ညီမငယ်ကလဲ မမကြီးရယ် စာလေးသွားပေးယုံပဲဟာ လက်ခံ၊ မခံက ဘဘကိစ္စပဲဆိုတာနဲ့ ကျွန်မလည်း ကျောက်ကုန်းအိမ်ဆီ ချီတက်ခဲ့ပါတယ်။ ဘဘက အိမ်မှာမရှိပါဘူး။ ကျွန်မလဲ ဘဘမရှိတာ ဝမ်းသာသွားပါတယ်။ မေးခွန်း တွေ မေးမှာစိုးလို့ပါ။  အိမ်မကြီးထဲက ဘဘဦးအုန်းထွန်းရဲ့ သမီး (မမတူး) ကို တွေ့ပြီး ဒီစာလေးပေးခဲ့ချင်လို့ပါဆို ထားခဲ့ လိုက်ပါတယ်။ ကျွန်မတာဝန်ပြီးသွားပြီလေ။

နောက် ၂ ရက်အကြာမှာတော့ မမတူးဆီက ဖုန်းခေါ်လာပါတယ်။ ခနကိုင်ထားနော်ဆိုပြီး ဘဘဦးဝင်းတင် ကိုလွှဲပေးလိုက် ပါတယ်။
“ကျွန်တော့်စာအုပ်ကို ဘာသာပြန်ဘို့ သဘောတူပါတယ်။ ကျွန်တော်ဘာတွေလုပ်ပေးရမလဲ ဆက်သွယ်ပေးပါ” တဲ့။

ကျွန်မလည်း အံ့သြဝမ်းသာစွာနဲ့ ဟုတ်ကဲ့ပါလို့ပြောလိုက်ရင်း ချက်ချင်းပဲ ညီမကတဆင့် ဆက်သွယ်လိုက်ပါတယ်။ သူတို့လဲ ဝမ်းသာကြတာပေါ့။ မကြာခင် ရက်ပိုင်းမှာပဲ နမူနာဘာသာပြန်ဆိုထားတဲ့ စာရွက်ငါးရွက်နဲ့အတူ သဘောတူညီမှုအတွက် နှစ်ဦးနှစ်ဘက် ဘယ်လိုတွေ လုပ်ဆောင်မယ်ဆိုတဲ့အကြောင်း စာရွက်တွေပေးပို့လာပါတယ်။  ကျွန်မလည်း မာန်တက်နေမိပါ တယ်။ “ဘာလဲဟဲ့ ..လူ့ငရဲ” လို စာအုပ်မျိုးကို ဘာသာပြန်ဆိုနိုင်ဘို့ ချိတ်ဆက်ပေးတာ ငါပါလားဆိုပြီးတော့ပေါ့။ ကျွန်မနေတဲ့ အင်းစိန်နဲ့ ဘဘနေတဲ့ကျောက်ကုန်း ဘယ်လောက်ဝေးပါစေ ဒီကိစ္စအတွက် အင်မတန်ကို စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့ပါ တယ်။

ဘဘဘက်ကလည်း ဘယ်လောက်ထိ ယုံကြည်မှုထားသလဲဆိုရင် ကျေးဇူးတင်ကြောင်း စာတစောင်နဲ့အတူ လိုအပ်တဲ့ စာ တွေရေးနိုင်ဘို့ စာရွက်လွတ်တခုမှာ သူ့လက်မှတ်ထိုးပြီး ပေးလိုက်တာပါ။ ကျွန်မမှာသာ ဒီစာတွေကို စာအိတ်နဲ့ပို့ရင် လမ်းမှာ ပျောက်ပျက်သွားမှာစိုးလို့ Scan ဆွဲပြီး Email နဲ့ ပေးလိုက်ပါတယ်။ ဘဘရဲ့ မူရင်းစာလေးတွေကိုတော့ ကျွန်မဆီမှာ ခု ထက်ထိ သိမ်းထားဖြစ်ပါတယ်။ (စာရွက်လွတ်မှာ ဘဘလက်မှတ်ပါတဲ့ စာရွက်လေးကိုတော့ ဘဘဦးဝင်းတင် ဆုံးပြီးတဲ့ နောက်မှာ မမတူးဆီ ပြန်အပ်လိုက်ပါတယ်။)

ဒီလိုနဲ့ ကြားထဲမှာကျွန်မဆီရောက်လာတဲ့  Email တွေကို Print ထုတ်ပြီး ဘဘဦးဝင်းတင်ဆီပို့လိုက်၊ ဘဘဦးဝင်းတင်ရဲ့ သတင်းစကားတွေကို ပြန်ပို့လိုက်နဲ့ပေါ့။ ဘဘဦးဝင်းတင်က ဘာသာပြန်ဆိုမှုကို ပိုထိရောက်စေဘို့ သူနဲ့ နော်ဝေအသံလွှင့်ဌာန တို့ မေးမြန်းဖြေကြားတဲ့ “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်” အသံဖိုင်ကို ပို့ပေးခိုင်းပါတယ်။ ၄၄ ဖိုင်ရှိပြီး file size ကြီးနေတဲ့အတွက် မြန်မာပြည် Internet Line တွေကနေ ပို့လို့ အဆင်မပြေ လို့ စင်ကာပူမှာနေတဲ့ ကျွန်မတပည့်တယောက်က ကူညီပြီးပို့ပေးခဲ့ရပါသေးတယ်။ တနှစ်ကျော်ကြာလာတဲ့အချိန်မှာ ဘာသာပြန်ဆိုသူဘက်က ဘာမှထူးထူးခြားခြား ထပ်ပို့ မလာပါဘူး။

ဒီလိုနဲ့ ၂၀၁၃ ထဲရောက်လာပါတယ်။ ဘဘကလဲ သူ့စာအုပ်အခြေအနေလေးသိချင်ရှာပေမယ့် ဘာသာပြန်ဆိုသူကို ဖိအား ပေးသလိုဖြစ်မှာစိုးကြောင်း ပြောပါတယ်။ ကျွန်မလည်း ဘဘသိချင်နေတဲ့အကြောင်း၊ စာမူ ဘယ်အခြေအနေတွေ ရှိနေပြီလဲ ဆိုတာတွေကို လှမ်းမေးပါတယ်။ ပြန်ဆိုသူက ထုတ်ဝေသူရှာရတာ မလွယ်တဲ့အကြောင်းနဲ့ တခြားသော သူ့အခက် အခဲတွေကိုပဲပြောပြခဲ့ပြီး စာအုပ်ဘာသာပြန်ဆိုထားတဲ့ အနေအထားဘယ်လောက်ရောက်ပြီဆိုတာကို မပြောပြပါဘူး။

ဘဘ ဒီစာအုပ်အပေါ် အလေးထားမှုကို နားလည်မိလို့ တရက် ကြုံကြိုက်ချိန်မှာ ဘဘဦးဝင်းတင်ကို ကျွန်မပြောလိုက်မိတယ်..

“ဘဘစာအုပ်ကို တခြားဘာသာပြန်ချင်တဲ့သူတွေနဲ့ပြောင်းရင်ကောင်းမလား၊ သမီးလှမ်းပြောလိုက်မယ်” ဆိုတော့ ဘဘက ပြန်ဖြေပါတယ်။ ဘဘရေးထားတဲ့စတိုင်က စကားထပ်လေးတွေ ချိတ်ရေးထားတာမို့ မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ကောင်း ကောင်းကျွမ်းတဲ့ သူ့တို့လိုလူမျိုးက သင့်တော်ပါတယ်သမီးတဲ့။ သူလဲ ကြိုးစားနေမှာပါ။ ဘဘယုံပါတယ်တဲ့။

နောက်ပိုင်း ဘဘဦးဝင်းတင် ကျန်းမာရေးက တော်တော်လေး ယိုင်လာပါတယ်။ ဆေးရုံတက်လိုက်၊ ဆင်းလိုက်လုပ်ရတာ တွေရှိလာလို့ ကျွန်မစိတ်ထဲ ဘဘအတွက် သူ့စာအုပ်ကလေး ဘာသာပြန်ပြီးတာမြင်ရဖို့ ဘာသာပြန်သူဆီကို ကိုယ့်သ ဘောနဲ့ကိုယ် စာတစောင်ရေးခဲ့မိပါသေးတယ်။ ပြန်စာအရှည်ကြီးရပြီး စာထဲမှာ သူဘာဖြစ်ချင်၊ ဘာလုပ်ချင်မှန်းကို နား မလည်မိအောင်ဖြစ်ခဲ့ရတယ်။ သူ့မှာလည်း သူ့အခက်အခဲနဲ့သူရှိမယ်ဆိုတာသိပေမယ့် ဘဘဦးဝင်းတင် ဒီစာအုပ်ကို ရေးခဲ့ တာဟာ သူ့ကိုယ်ကျိုးစီးပွားအတွက် လုံးဝမဟုတ်ခဲ့တာ၊ ကမ္ဘာကြီးဆီကို ဘယ်လိုသတင်းစကားတွေပါးချင်တာဆိုတဲ့ အချက်တွေကို သိထားသူတွေအတွက်တော့  စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ရှုတ်ထွေးတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့အတူ ဘဘရဲ့ကျန်းမာရေးက ပိုဆိုးလာပါတယ်။ ၂၀၁၄ မတ်လမှာ ဘဘ Green Cross ဆေးရုံတက်တော့ ကျွန်မ ရောက်သွားပါတယ်။ ဆေးရုံကုတင်ပေါ်က အဘိုးအိုကြီးရဲ့လက်ကိုကိုင်ရင်း  အားပေးမိတဲ့ ကျွန်မ ဘဘပြောလိုက်တဲ့စကားကြောင့် ငိုချင်စိတ်တွေပေါက်လာပါတယ်။ ကျွန်မစိတ်ကို ဖတ်နိုင်နေလို့ပဲလားမသိ.. သမီး လဲ စာအုပ်ကိစ္စစိတ်မပူပါနဲ့။ တချိန်ချိန်တော့ ဘာသာပြန်ဖြစ်လိမ့်မှာပေါ့တဲ့။ မမတူးနဲ့အတူ အပြင်ဘက်ထွက်လာရင်း နှစ် ယောက်သား ငိုမိပါသေးတယ်။ ဘဘရဲ့နေဝင်ချိန် တော်တော်နီးလာပြီလေ။

၂၀၁၄ ဧပြီ ၂၁ ရက်မှာတော့ ဘဘဦးဝင်းတင် ခရီးတခုဆီထွက်သွားခဲ့ပါပြီ။ ရန်ကုန်ဆေးရုံကြီးရဲ့ ICU ခန်းထဲကနေ အပြင် ကလာကြည့်တဲ့ သူ့ရဲဘော်တွေကို လက်မထောင်ပြနေတဲ့ ကျားရဲကြီး သတ္တိရှိရှိ၊ သတိကောင်းကောင်းနဲ့ ခရီးသစ်ကို ရင် ဆိုင်ခဲ့ပါတယ်။

ဘဘရဲ့နောက်ဆုံးခရီးဟာ မယုံနိုင်စရာကောင်းအောင်ကို လူထုဂါရဝကို ရခဲ့ပါတယ်။ ရေဝေးတပြင်လုံးဟာ အပြာရောင်တွေ လွှမ်းမိုးလို့ပေါ့။ လူထုခေါင်းဆောင်ကတော့ ဒီလိုမှတ်ချက်ပြုခဲ့ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သိက္ခာ၊
နိုင်ငံရေးသိက္ခာ
နိုင်ငံရဲ့သိက္ခာ
လူသားများသိက္ခာ တို့ကို မြှင့်တင်ပေးခဲ့တဲ့ ဆရာဦးဝင်းတင်ကို ဦးညွှတ်ဂါရဝပြုပါတယ်။

 အောင်ဆန်းစုကြည်
(၂၁-၄-၂၀၁၄)


သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ ခေတ်ကပေးလာတဲ့တာဝန်ကြောင့် အတိုက်အခံ နိုင်ငံရေးသမားကြီးဖြစ် လာခဲ့ပြီး ပါတီအပေါ် တိုင်းပြည်အပေါ်၊ လူထုအပေါ်၊ တာဝန်ကျေခဲ့ယုံတင်မဟုတ် ကျေးဇူးတရားတွေလည်း များပြားခဲ့ပါ တယ်။

အခုဆို သူကွယ်လွန်ခဲ့တာ ငါးနှစ်တောင်ရှိခဲ့ပါပြီ။ ဘဘရဲ့စာတွေနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှကို ဟံသာဝတီဦးဝင်းတင်ဖောင် ဒေးရှင်းက လွှဲပြောင်းရယူထားပြီးဖြစ်ပါတယ်။ “ဘာလဲဟဲ့ .. လူ့ငရဲ” စာအုပ်ဘာသာပြန်ဆိုမှုအတွက် ဒီကနေ့ထိ ဘာသံမှ မကြားရတော့ပါဘူး။ ဒီဘာသာပြန်ဆိုမှုကိစ္စမှာ ပါဝင်ပတ်သက်ခဲ့သူတယောက်အနေနဲ့တွေးမိတိုင်း ဘဘအပေါ် အားနာမိပါ တယ်။

စာအုပ်ဆိုတာ စာအုပ်စင်မှာ ပင့်ကူမျှင်နှောင်ဖွဲ့လျက် အကျဉ်းထည့်ဖို့မဟုတ်။ ဖုန်အထပ်ထပ်ကျံလျက် မြှုပ်နှံ သြင်္ဂိုဟ်ဖို့မ ဟုတ် လို့ဆိုခဲ့သူတဦးရဲ့စာအုပ်လေးကို ကမ္ဘာ့စင်မြင့်ဆီ ဆင့်ကမ်းဖို့ စိတ်ဝင်စားသူများ ရှိစေချင်ပါတယ်။

“စာအုပ်ဆိုသည်မှာ ဖတ်ဖို့၊ မှတ်ဖို့၊ ဆင့်ကမ်းဖို့၊ လှမ်းဖြန့်ဖို့ဖြစ်သည်။” လို့ ကြွေးကြော်ခဲ့သူ သတင်းစာဆရာကြီး၊ ဖြောင့်မှန်တဲ့ နိုင်ငံရေးသမားကြီး ဘဘဦးဝင်းတင် သမိုင်းသက် ထောင်ကျော်ရှည်ပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site