စာစုတို

စိုးခိုင်ညိန်း ● အောက်ကို ငုံ့ကြည့်မိခြင်း

စိုးခိုင်ညိန်း ● အောက်ကို ငုံ့ကြည့်မိခြင်း
(မိုးမခ) ဧပြီ ၆၊ ၂ဝ၁၉

ကျွန်တော် ဟက်ဟက်ပက်ပက် မရယ်မောဖြစ်တာ ကြာပါပြီ။ ကျွန်တော် မရယ်မောဖြစ်ပေမဲ့လည်း မပျော်မရွင် ဖြစ်နေတာ တော့လည်း မဟုတ်ပါဘူး။ ဒါဖြင့် ကျွန်တော်ပျော်ရွှင်ခြင်းနဲ့ သာယာနေသလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ကျွန်တော့်ရဲ့ ပုံစံအတိုင်းပဲ အေးအေးစက်စက်နဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေထိုင်နေတယ်လို့ ပြောလိုတာပါ။ သူငယ်ချင်းအချို့နဲ့ တွေ့ဖြစ် တဲ့အခါ ပျော်ရွှင်စရာကို ရွှေလိုကျင်ယူနေရတာပဲကွာလို့ ငြီးပြောပြောပြီး ခပ်ဟဟ ပြုံးမိတတ်ပါတယ်။ ဘဝက တိုတိုလေးပဲ၊ ရယ်စရာမရှိပေမဲ့လည်း ပျော်ပျော်ပဲ နေရမယ်လို့ စိတ်ကူးရှိပါတယ်။

ကမ္ဘာကျော်ဟာသ သရုပ်ဆောင် ချာလီချက်ပလင်က စကားတခွန်း ပြောဘူးပါတယ်။ ဘဝဆိုတာ အနီးကပ်ကြည့်ရင် ဝမ်း နည်းစရာကောင်းပေမဲ့ အဝေးကကြည့်ရင်တော့ ရယ်စရာပါပဲတဲ့။ ကျွန်တော် ကိုယ့်ဟာကိုယ် ပြန်ငဲ့ကြည့်မိတယ်။ ကျွန်တော့် မှာ ပျော်စရာမရှိပါဘူး။ ဒါပေမဲ့ အဝေးက ကျွန်တော့်သူငယ်ချင်းတွေကတော့ ကျွန်တော့်ဘဝကို အားကျတယ်လို့ ပြောဘူး တာကို သတိရမိတယ်။ ကျွန်တော်ကလည်း သူတို့ကို ပြန်အားကျနေမိတာပါပဲ။

ဒီမြို့လေးမှာက ကျွန်တော့်မှာ ပေါင်းရသင်းရမဲ့ သူငယ်ချင်းမိတ်ဆွေ မရှိသေးပါဘူး။ ကျွန်တော့်ရဲ့အားနည်းချက်က စကား နည်းတယ်၊ တိတ်ဆိတ်တယ်၊ ပေါင်းသင်းဆက်ဆံရေးညံ့တယ်။ အဲဒါကြောင့်ပဲ ကျွန်တော်ဟာ အမြဲတမ်းလိုလို တယောက် တည်းပဲ ဖြစ်နေတတ်တယ်။ အဲဒီလို တယောက်တည်းနေရတာကိုပဲ မသိစိတ်က သဘောကျနေမိတယ်ထင်တယ်။ အဲဒီလိုနဲ့ ပဲ စာအုပ်တွေဟာ အမြဲတမ်းလိုလို ကျွန်တော့်ရဲ့ အပေါင်းအသင်းမိတ်ဆွေတွေ ဖြစ်လာတော့တာပါပဲ။ ပြောချင်တာက အမြဲတမ်းလိုလို စာအုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေမိတာကြောင့် အပြောအဆို အရယ်အပြုံးနည်းသွားပြီး တိတ်တိတ်ဆိတ်ဆိတ် နေမိသွားတဲ့အဖြစ်ကိုပါ။

သိပ်မကြာသေးခင်လောက်ကပဲ နယ်လှည့်ပြီး စာအုပ်ဈေးရောင်းပွဲ လုပ်နေတဲ့သူတွေက ဒီကျွန်တော်တို့ မြို့လေးကို စာအုပ် ဈေးရောင်းပွဲ ငါးရက်လာလုပ်ပါတယ်။ ကျွန်တော်လည်း အတော်ဝမ်းသာသွားမိတယ်။ ဒီမြို့မှာက စာအုပ်ဆိုင်တဆိုင်မှ မရှိ သလို စာကြည့်တိုက်လည်း ကောင်းကောင်းမရှိဘူးလေ။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနမှာ စာကြည့်တိုက် လုပ် ထားတယ်ဆိုပေမဲ့လည်း အဖြစ်သဘောလောက်ပါပဲ။ စာဖတ်တဲ့သူမရှိသလို စာအုပ်ကလည်း စုံစုံလင်လင် မရှိဘူး ထင်ပါ တယ်။

စာအုပ်လာရောင်းကြတဲ့အထဲမှာ ကျွန်တော်နဲ့သိတဲ့ မိတ်ဆွေအချို့လည်းပါတော့ ကျွန်တော်က ဈေးရောင်းပွဲမှာ ဝိုင်းဝန်းကာ ရောင်းပေး၊ လိုအပ်တာ ကူညီပေးဖြစ်ပါတယ်။ သူတို့အဖွဲ့က တမြို့ပြီး တမြို့ စာအုပ်ဈေးရောင်းပွဲ လိုက်ရောင်းနေတဲ့ သူ တွေပါ။ မြိုင်မြို့ကနေ ဒီမြို့ကို ကူးလာကြတာပါ။ မြိုင်မှာတော့ အတော်လေး ရောင်းရတယ်လို့ပြောပါတယ်။ ဒီမြို့မှာတော့ ရောင်းရဖို့ အရမ်းကြီး မျှော်လင့်မထားဖို့ ကျွန်တော်က ကြိုပြောထားရပါတယ်။ ဒီမြို့မှာက စာဖတ်တဲ့ သူက သိပ်မရှိသလို ငွေကိုလည်း သိပ်ပြီး မသုံး နိုင်ကြပါဘူး။ စာအုပ်တအုပ်ကို ကောက်ကိုင်ကြည့် မြည်းကြည့်ပြီးလို့ ကြိုက်လို့ ဝယ်မယ်လည်း လုပ်ရော ဈေးက သုံးထောင့်ငါးရာ၊ လေးထောင်လောက်ဆိုရင် တွန့်ခနဲ့ဖြစ်သွားတာ တွေ့ရပါတယ်။ ဈေးထဲက ကျွန်တော့် မိန်းမဆိုင်မှာလည်း အခုလိုမျိုး ကြုံဘူးပါတယ်။ သူတို့ ဝယ်နေကြ ပစ္စည်းလေးတခု ငါးဆယ်၊ တစ်ရာ ဈေးတက်သွားတယ် ဆိုရင် မဝယ်ချင်ကြတော့ဘူး၊ တခါတလေ မြတ်တာမှ ငါးဆယ်၊ တစ်ရာ အဲဒီမြတ်တဲ့ ငါးဆယ်၊ တစ်ရာကိုပဲ အတင်းလျှော့ ခိုင်းတာမျိုးလည်း ကြုံဘူးတာပဲ။ ဒါကြောင့် စာအုပ်လာရောင်းကြတဲ့သူတွေကို သိပ်ပြီး မမျှော်လင့်ထားဖို့ ပြောမိတာပါ။ တ ကယ်လည်း စာအုပ်ဈေးရောင်းပွဲမှာက ကလေးတွေနဲ့ပဲ ပြည့်နေတာပါ။ တထောင်ဖိုး သုံးအုပ်၊ ကြိုက်တာယူ ငါးရာဆိုပြီး ပုံ ရောင်းတဲ့ ပုံပြင်၊ ကာတွန်းစာအုပ်တွေပဲ ရောင်းရတာပါပဲ။ ကျွန်တော်လည်း ငါးရက်လုံးလုံး စာအုပ်ကို ဝိုင်းရောင်းလိုက်၊ ကိုယ်ဖတ်ချင်တဲ့ စာအုပ်လေးဖတ်လိုက်နဲ့ အချိန်ကုန်သွားတာပဲ။ ငါးရက်ပြည့်လို့ ချုပ်ကြည့်လိုက်တော့ ကျွန်တော်ထင်ထား တာထက်တော့ ပိုရောင်းရပါတယ်။

ငါးရက်ပြည့်လို့ သိမ်းမယ်လုပ်တော့ မြို့နဲ့သိပ်မဝေးလှတဲ့ ရွာလေးတရွာက သူတို့ရွာမှာ စာသင်ကျောင်းက ကျောင်းသားစုံ ညီပွဲလုပ်မှာမို့ လာရောင်းပေးဖို့ အကူအညီတောင်းတာနဲ့ အဲဒီရွာလေးကိုလည်း သွားရောင်းပေးရသေးတယ်။ ကျွန်တော်တို့ အခုလို လာရောင်းပေးတာကို တရွာလုံးက ပျော်နေကြတယ်။ ဘေးနားက ရွာတွေက ကျောင်းသား၊ ကျောင်းသူတွေလည်း လာကြတော့ ထိုက်သင့်သလောက် စည်းပါတယ်။ လာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို စာအုပ်တွေကို မဲပေါက်ပေးတာတို့ ၊ ကာတွန်းဆရာက မဲဖောက်ပြီး ရုပ်ပြောင်ပန်းချီ ဆွဲပေးတာတို့ လုပ်ပေးကြတယ်။ ကျွန်တော့်ကိုလည်း လာတဲ့ ကျောင်းသားတွေကို ပညာရေးနဲ့ ပတ်သက်တာလေး ဟောပြောပေးဖို့ အတင်းတိုက်တွန်းတာနဲ့ မနက်တကြိမ်၊ နေ့လည်တကြိမ် မပြောတတ်မဆိုတတ်နဲ့ ဖြစ်ညှစ်ပြီး ဟောပြောပေးလိုက်ရပါသေးတယ်။

သူတို့ရွာမှာ ဒီနှစ်ကုန်လောက်မှာ စာကြည့်တိုက်ဖွင့်ပွဲနဲ့ စာပေဟောပြောပွဲလည်း လုပ်ဖို့ စီစဉ်နေ တယ်လို့လည်း ပြောပါတယ်။ ရွာက အိမ်ခြေ တရာလောက်ပဲ ရှိတာပါ။ အိမ်တွေကတော့ အိမ်ကြီး အိမ်ကောင်းတွေ များပါတယ်။ ရွာဘေးမှာက ကုန်းတွေများတော့ ကျယ်ကျယ်ပြန့်ပြန့် ယာကွက်ရယ်လို့ ကောင်းကောင်း မရှိပါဘူး။ အဓိက သူတို့စိုက်ကြတာက ယောချောင်းပြင်မှာ ကြက်သွန်၊ အာလူးစိုက်ကြတာ ပါ။ ဒါလည်းပဲ တနှစ်နဲ့ တနှစ် သူတို့ စိုက်ရပျိုးရတာ အဆင်မပြေကြဘူးလို့ ဆိုပါတယ်။ ကြက်သွန်ဈေး၊ အာလူးဈေးက မကောင်းတော့ အရင်းလောက် ပြန်ရအောင်ကို မနည်းလုပ်နေတယ်လို့ ရွာလူကြီး တယောက်က ပြောပါတယ်။ ကျွန်တော်က ဒါနဲ့ ခင်ဗျားတို့ရွာကို ကြည့်ရတာ စီးပွားရေး အဆင်ပြေနေတဲ့ ပုံစံပါလားလို့ ဆိုတော့ ဒီရွာက လူငယ်တွေ အကုန်လုံးက ဖားကန့်မှာကွ၊ ဟို တရုတ်ပြည် ရွှေလီဘက် သွားလုပ်ကြတာလည်း ရှိတယ်၊ ဖားကန့်လောက်တော့ မများဘူး၊ အဲဒါကြောင့် ဒီရွာက အသက်ရှူချောင်နေ တာဟု ဆိုပါတယ်။

ဖားကန့်က အရင်လို အဆင်ပြေသေးရဲ့လားဗျ လို့ ဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ လုပ်စားရတာထက်စာရင်တော့ အများကြီး အဆင်ပြေပါတယ်တဲ့။ မြေစာပုံပိလို့ သေတဲ့လူလည်း သေရဲ့။ ဒါပေမဲ့ ဟိုမှာက ဒီရွာက အခံတွေလည်း ပေါနေတာဆိုတော့ ဒီရွာကလူတွေကတော့ သွားနေကြတာပါပဲ။ ဒီရွာကနေ ဖားကန့်ကို တိုက်ရိုက်ဆွဲတဲ့ ကားလည်း ရှိတယ်။ တယောက်ကို ကားခ နှစ်သောင်းခွဲ၊ လေးငါးဆယ်ယောက်လောက်ရရင် ကားက ထွက်တာပဲ။ ဒီရွာကနေ ဖားကန့်ကို ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် တက်ကြတဲ့သူတွေလည်း ရှိတယ်။ ရွာက အရေးအကြောင်း ရှိတယ်ဆိုရင် ဖားကန့်ကနေ ဆိုင်ကယ်တွေနဲ့ ရောက်ချလာကြတာပဲ။ တလောကတော့ ဒီရွာက ရေမဆေး ရှာတဲ့သူတယောက်က ကျောက်ပွင့်တာ သိန်းသုံးရာလောက် ရလာတယ်။ ရွာမှာ အလှူကြီးအတန်းကြီးပေးတာပဲ တရွာလုံး မီးခိုး တိတ်ပဲတဲ့။ ကျွန်တော်က ရွာလူကြီး ပြောတဲ့စကားကို နားထောင်ပြီး ခေါင်းညိမ့်ကာ ဟုတ်ကဲ့လိုက်နေရတယ်။ ဒါကြောင့်လည်း သူတို့ ရွာက အိမ်ကောင်းကောင်းတွေနဲ့ ဖြစ်နေကြတာကိုးလို့ သဘောပေါက်လိုက်မိတယ်။

နောက်ရက်မှာတော့ စာအုပ်ရောင်းတဲ့ အဖွဲ့က စလင်းကို ကူးသွားကြတယ်။ အဲဒီမှာလည်း စာအုပ် ဈေးရောင်းပွဲပဲတဲ့။ ကျွန်တော်လည်း သူတို့အဖွဲ့ပြန်သွားကြတော့ ကျွန်တော်တယောက်တည်း စာအုပ်တွေ နဲ့ပဲ နဂိုအတိုင်း ကျန်နေခဲ့ရတာပဲ။ သူတို့ဆီကနေ ကျွန်တော်ဖတ်ချင်တဲ့ စာအုပ်တွေလည်း ဝယ်ထားလိုက် သေးတယ်။ စာဖတ်တာကိုပဲ အလုပ်ကြီးအကိုင်ကြီး တခုလို လုပ်နေရတာပဲ။ ဒါကိုမှ မလုပ်ရင်လည်း ကျွန်တော့်မှာ ဘာမှ ထွေထွေထူးထူး လုပ်စရာလည်း မရှိဘူးလေ။ ဘာမှ မလုပ်ပဲ အခုလို အေးဆေး စာဖတ်နေနိုင် တာကတော့ ကျွန်တော့်မိန်းမရဲ့ ကျေးဇူးပါပဲ။ မိန်းမက ကျွန်တော် စာဖတ်၊ စာရေးလုပ်တာကို အားပေးပါတယ်။ ကျွန်တော်ကလည်း မနက်ပိုင်းမှာတော့ သူ့ရဲ့ ဆိုင်ကို ဝိုင်းကူရောင်းပေးပါတယ်။ သူလည်း အားတဲ့ အခါ စာဖတ်တဲ့ သူ တယောက်ပါပဲ။

စာဖတ်တာဟာ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ပြီး ဖျော်ဖြေတဲ့ သဘောပါပဲ။ စာဖတ်နေတဲ့အခါ ကိုယ့်ဟာကိုယ် တယောက်တည်းပါလားလို့လည်း မတွေးမိဘူး။ အထီးကျန်တယ်လို့လည်း မစဉ်းစား မိပါဘူး။ ဘယ်သူတွေ ကောင်းစားပြီး ကြီးပွားချမ်းသာနေတယ်ရယ်လို့လည်း မသိတော့ဘူး။ တခါတလေ ဘာကိုမှန်းမသိ မကျေမနပ် ဖြစ်မိတဲ့ စိတ်တွေလည်း စာဖတ်လိုက်တဲ့အခါ ပြေပျောက်သွားတာပဲ။ စာဖတ်နေရင် ကိုယ့်အထက်က လူတွေကိုလည်း ငေးမောအားကျရကောင်းမှန်း မသိသလို ကိုယ့်အောက် က လူတွေကိုလည်း အထင်သေးမိတဲ့စိတ်လည်း မရှိတော့ဘူး။

စာဖတ်တဲ့အခါ ထုံထိုင်းသလို ဖြစ်နေတဲ့ ကိုယ့်ဥနှောက်ကိုလည်း သန်စွမ်းစေတယ်လို့ ထင်မိသေး တယ်။ စာဖတ်လိုက်လို့ စာထဲ နစ်ဝင်သွားရင် မဖတ်ခင်က ပျင်းရိငြီးငွေ့တဲ့ စိတ်တွေ ပျောက်သွားတာပဲ။ စာဖတ်မိတဲ့အခါ အရင်ကလို တခုခုဆို ပေါ့ပေါ့တန်တန် မတွေးဖြစ်တော့ဘူး။ ဘာကိုပဲ ဖြစ်ဖြစ် အကြောင်း အကျိုးနဲ့ မှန်သလား၊ မှားသလားလို့ သေသေချာချာပဲ စဉ်းစားဖြစ်တယ်။ တခါတလေ ကိုယ်လုပ်နေတာကို မတရားအလုပ်ပဲလို့ တွေးပြီး ကိုယ့်ဟာကိုယ် ပြန်ပြန်ပြင်ယူရတယ်။ ဆရာကြီးမြသန်းတင့်က “ချောင်ကလေး တချောင်ထဲမှာ လူ့လောက ယဉ်ကျေးမှုနဲ့ ကင်းကွာနေတဲ့ လူတယောက်ကို ကမ္ဘာကြီးနဲ့ ထိတွေ့အောင်၊ လူတွေနဲ့ ထိတွေ့အောင် သက်သက်သာသာ လွယ်လွယ်ကူကူ လုပ်ပေးတဲ့ နေရာမှာ ဘယ်ရုပ်မြင်သံကြားစက်၊ ဘယ်ရုပ်ရှင်၊ ဘယ်ရေဒီယိုမှ စာအုပ်ကို လိုက်လို့ မမှီနိုင်ဘူး” လို့ စာတပုဒ်မှာ ရေးခဲ့ဘူးတာကို ဖတ်ခဲ့ဘူးတယ်။ တကယ်မှန်ပါတယ်။

ကျွန်တော်လည်း တယောက်တည်း စိတ်ညစ်မိရင်၊ စိတ်ဖိစီးမှု ရှိလာရင် စာတပုဒ် ကောက်ဖတ်လိုက်တာပဲ။ စာဖတ်တာဟာ ကိုယ့်ရဲ့ ထွက်ပေါက်လို့လည်း ပြောလို့ရတယ်။ ဖြေဆေးလို့လည်း ပြောလို့ရတယ်။ ကိုယ့်ကိုယ်ကို ပြန်ပြီး သတိထားမိတာက လူတွေကို အရင်ကထက် ပိုပြီး နားလည်လာတာပဲ။ အရင်ကဆို လူတွေရဲ့ ပုံစံကို ကြည့်ပြီး ဘာမှ မဆိုင် နေရင်းထိုင်ရင်းကို ကြည့်မရ ဖြစ်ချင်ဖြစ်နေတတ်တာ၊ အခုတော့ လူတွေကို မေတ္တာစိတ်နဲ့ပဲ ကြည့်ဖို့ ကြိုးစားမိတော့တယ်။ အထူးသဖြင့် ဆင်းရဲသား လူတန်းစားတွေကို ပိုပြီးတော့ မေတ္တာထားမိတယ်။

တချို့ကတော့ စာဖတ်ရင် အိပ်ပျော်တယ်လို့ ပြောတယ်။ ဖတ်ရင်းနဲ့ကို အိပ်ငိုက်လို့ စာအုပ်တောင် ပြုတ်ကျတဲ့သူ ရှိတယ်။ ကျွန်တော်ကတော့ အဲလို မဟုတ်ဘူး၊ စာဖတ်ရင် မအိပ်ချင်တဲ့ အပြင် မျက်လုံးတောင် ပိုကျယ်သွားတယ် ထင်တယ်။ ဒါကြောင့် ည အိပ်ရာဝင်ခါနီးဆို စာမဖတ်ရဲဘူး။ အိပ်ခါနီး စာဖတ်လိုက်လို့ ရှိရင် ဖတ်ထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို တဝဲလည်လည် စဉ်းစား မိရင်း အိပ်လို့ မရတော့ဘူး။ အဲဒါမျိုး သုံးလေးခါလောက် ဖြစ်ပြီးတော့ ည အိပ်ခါနီးမှာ စာမဖတ်ရဲတော့ဘူး။

ဒါက ကျွန်တော့်ရဲ့ နေထိုင်မှု ဖြစ်စဉ်ကို ပြောပြတာပါ။ စဉ်းစားကြည့်ရင် ကျွန်တော့်ဘဝဖြစ်စဉ်ဟာ ပျော်စရာတွေ ၊ အဆင်ပြေမှုတွေနဲ့ သာယာ နေတဲ့ ပုံစံနဲ့ အများအားကျရမဲ့ အခြေအနေ မဟုတ်ပါဘူး။ ရရှိလာတဲ့ ကိုယ့်ဘဝအနေအထားကိုပဲ ဖြေတွေးတွေးပြီး နေနေတယ်လို့ ပြောရင်လည်း ရပါတယ်။

ညအခါ ကျွန်တော်ဟာ ကောင်းကင်ကြီးကို မော့ကြည့်မိတဲ့ အခါတိုင်း လင်းလက်နေတဲ့ ကြယ်တွေ ကို ငေးမောကြည့်မိတတ်ပါတယ်။ ကိုယ်မော့ကြည့်နေရတဲ့ လင်းလက်နေတဲ့ ကြယ်တွေဟာ ရေတွက်လို့ မရအောင်ကို များပြားလှပါတယ်။ ကိုယ်က မော့ကြည့်လိုက်ပြီ ဆိုမှတော့ ကိုယ့်အထက်မှာ ရှိတဲ့ အရာတွေ ဟာ ကိုယ်လက်လှမ်းမမှီသေးတဲ့ တောက်ပနေတဲ့ ကြယ်တွေချည်း မြင်ရမှာပါပဲ။ ကိုယ်က မော့ကြည့်မိတာကိုး မော့ကြည့်မှတော့ ကိုယ့်အထက်က အရာတွေပဲ မြင်ရတော့မပေါ့။ အဲဒီလိုမျိုးလည်း ကျွန်တော် မကြာခဏ တွေးမိပြီး ကိုယ့်ဟာကိုယ် တခါတရံ မကျေမနပ် ဖြစ်နေမိသေးတယ်။

ကျွန်တော့်ငယ်သူချင်းတွေထဲက သုံးလေးယောက်ဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး တနိုင်ငံမှာ ရောက်နေပြီး အဆင်ပြေ ကြီးပွားနေတာကို မြင်ရပြီး ကျွန်တော့်မှာ အားကျစိတ် ဖြစ်မိပါတယ်။ သူတို့တင်တဲ့ပုံတွေ၊ သူတို့ ပြောတဲ့ စကားတွေကို ဖေစ်ဘုတ်ကနေ တဆင့် ကျွန်တော်က သိရတာပါ။ ဖေ့စ်ဘုတ်သုံးမိတဲ့အခါမှာလည်း မြင်ရသမျှ တွေ့ရသမျှတွေကလည်း ကိုယ်အားကျငေးမောစရာတွေချည်း ပါပဲ။ သူတို့တင်တဲ့ အစားအစာတွေကလည်း ကိုယ်တခါမှ မစားဘူးတဲ့ အစားအစာတွေ၊ သူတို့ လည်ပတ်နေတဲ့ အရပ်ဒေသတွေကလည်း ကိုယ် တခါမှ မရောက်ဘူးတဲ့ အရပ်ဒေသတွေ၊ ငေးမော အားကျစရာတွေချည်းပါပဲ။ မိတ်ဆွေ တယောက် ကတော့ ပြောဘူးပါတယ်။ ဖေ့စ်ဘုတ်ပေါ် တွေ့တိုင်းလည်း အထင်ကြီးမနေနဲ့ တခါတလေမှ ရောက်ရတဲ့ အရပ်ကို ရောက်တုန်းလေး ရိုက်တင်ပြီး တခါတလေလေး ကောင်းကောင်းကန်းကန်း စားရသောက်ရတဲ့ အခါလေးပဲ ရိုက်တင်ရတာ၊ အမြဲတမ်း ဒီလိုချည်း ဘယ်ဟုတ် ပါ့မလဲတဲ့။

ကဗျာဆရာတယောက်ကလည်း ကျွန်တော့်ကို ပြောဘူးပါတယ်။ လူတိုင်းဟာ သူ့ဒုက္ခနဲ့ သူတော့ ရှိကြတာပဲကွ၊ ဒါပေမဲ့ ရုတ်တရက် သူတို့ကို ကြည့်လိုက်မယ်ဆိုရင်တော့ အားလုံး အဆင်ပြေနေတယ်လို့ ထင်ချင်စရာပဲ၊ အခု ငါတို့ ငေးကြည့်နေရတဲ့ ဟိုကားပေါ်က လူမှာလည်း သူ့ဒုက္ခနဲ့ သူတော့ ရှိနေမှာပဲတဲ့။ အဲဒီအချိန်မှာ ကျွန်တော်တွေးလိုက်မိတာက သူ့တို့လိုမျိုး ဒုက္ခတော့ ယူလိုက်ချင်းစမ်းပါရဲ့လို့ပေါ့၊ နောက်ဆုံးတော့ ဘယ်လိုပဲ ဖြစ်ဖြစ် မော့ကြည့်နေမိသမျှတော့ ကိုယ့်အထက်က အရာတွေကိုပဲ မြင်နေရမှာ ပါပဲ။

တရက် မနက်စောစောမှာတော့ လက်ဖက်ရည်ဆိုင်ကို သွားနေရင်းက ရုတ်တရက် ကျွန်တော့် ဖိနပ်ပြတ်သွားပါတယ်။ အဲဒီအချိန်ကျမှပဲ ကျွန်တော့်အောက်ကို ငုံ့ကြည့်မိပါတော့တယ်။ ကိုယ်ငုံ့ကြည့်မိတဲ့ ကိုယ့်အောက်မှာကလည်း မရေမတွက်နိုင်တဲ့ ဖှုန်မှုံ့တွေ အပြည့်ပါပဲလား။ အဲဒီလို တွေးမိရင်းက လက်ဖက်ရည်ဆိုင်ရောက်တော့ စားပွဲထိုး ကောင်လေးက အကို အခါတိုင်းလို ပုံမှန်ပဲ မဟုတ်လားလို့ လာမေးတယ်။ အေး ပုံမှန်ပါပဲကွာလို့ ပြောရင်း သူ့ကို သေချာကြည့်လိုက်မိတယ်။ အဝတ်အစား နွမ်းနွမ်းပါးပါးနဲ့ ပိန်ပိန်ပါးပါးလေး၊ ဒီအရွယ်ဟာ ကျောင်းနေရမယ့် အရွယ်ပဲ။ ကျောင်းနေမယ်ဆိုရင် ခုနှစ်တန်း ရှစ်တန်းပဲ ရှိဦးမယ့် အရွယ်ပေါ့။ ဘဝပေး အခြေအနေအရ ကျောင်းမနေရပဲ စားပွဲထိုးအလုပ် လုပ်နေရရှာတာပဲ။ ကိုယ်စီးထားတဲ့ ဖိနပ်ပြတ်လို့ အောက်ကို ငုံ့ကြည့်မိလိုက်ရာကနေ သူ့လိုမျိုးဘဝတွေ၊ သူ့ထက်တောင် နိမ့်ကျနေတဲ့ ဘဝတွေ အများ ကြီးပါလားလို့ တွေးလိုက်မိတယ်။

စိုးခိုင်ညိန်း
၁၀၊ ၂၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts