ရသဆောင်းပါးစုံ

အေးငြိမ်း ● ချစ်စရာကောင်းသော စင်ကာပူမှ ထောက်ပံ့ကြေးများအကြောင်း (Government Subsidies)

အေးငြိမ်း ● ချစ်စရာကောင်းသော စင်ကာပူမှ ထောက်ပံ့ကြေးများအကြောင်း (Government Subsidies)
(မိုးမခ) ဧပြီ ၄၊ ၂၀၁၉


စင်ကာပူတွင် အစိုးရမှပေးသော ထောက်ပံ့ကြေးများ နေရာအတော်များများ၌ ရှိ၏။

ဆိုကြပါစို့။

မြန်မာပြည်မှ စင်ကာပူသို့ ပိုလီကျောင်းလာတက်သော သာမန်ကျောင်းသားတစ်ယောက်အဖို့ အစိုးရထောက်ပံ့ကြေးသာ မရပါက ကျောင်းတက်ဖို့ရာ မလွယ်လှပါ။

One semester ( ၆ လတန်း တစ်တန်း) ကို ကျောင်းလခ ဘာကြေး၊ ညာကြေး စင်းဒေါ်လာ တစ်သောင်းကျော် ပေးရသည်။ ဆိုတော့ တစ်နှစ်လျှင် စင်းဒေါ်လာ နှစ်သောင်းကျော် (မြန်မာငွေ သိန်း ၂၂၀ ကျော်) ကျသည်။ သည်မျှဈေးကြီးလှသော ကျောင်းကို သာမန်မိသားစုတစ်ခုမှ ပေါက်ဖွားလာသော ကျောင်းသားများအဖို့ မည်ကဲ့သို့တက်နိုင်ပါမည်နည်း။

သို့သော် အစိုးရထောက်ပံ့ကြေးက တစ်ဝက်မက ရသည်။ ဥပမာအားဖြင့် ၆ လ တစ်တန်းအတွက် ကျောင်းလခ စင်းဒေါ်လာ ၁၀၂၇၂ ဆိုပါစို့။ အစိုးရက ၅၄၂၅ ထောက်ပံ့သည်။ ထိုထောက်ပံ့ကြေးအတွက် GST (အခွန်) ၃၇၉ ကိုလျှော်ပေးသည်။ ကျန်သည့် ကျောင်းလခပေါ်မှ GST – ၂၉၂ ကိုလည်း လျှော်ပေးသည်။ Half load tuition waiver ဆိုကာ နောက်ထပ် ၂၀၈၇ ထပ်လျှော့သည်။

အားလုံးနှုတ်လိုက်တော့ ၂၀၈၇ သာ ကျန်သည်။
ထို့ပြင် ဘဏ်မှလည်း ကျောင်းတက်ဖို့အတွက် ချေးငွေ ချေးလို့ရပါသည်။ ဘဏ်ချေးငွေ ၁၅၆၅ ကိုနှုတ်လိုက်ပါက ကျောင်း သားအနေနှင့် စင်းဒေါ်လာ ၆၄၉ မျှသာ သွင်းရန်လိုတော့၏။

ဆိုလိုသည်မှာ နီအန်းပိုလီတွင် ကျောင်းတက်ပါက ၆ လတန်းတစ်တန်းလျှင် ကျောင်းလခ တစ်သောင်းကျော်မျှ ကျသင့်သော် လည်း တကယ်ကျောင်းသားက ပေးရန်လိုသည်မှာ ၆၄၉ မျှသာ ဖြစ်ပါသည်။ ဤပိုက်ဆံလောက်ကိုတော့ မပေးနိုင်စရာမရှိ။

သယံဇာတဟူ၍ ရေမျှပင်မရှိသော စင်ကာပူတွင် လူအရင်းအမြစ်ကိုသာ အဓိက ဦးစားပေးပျိုးထောင်ယူရသည်။ ထို့ကြောင့် လူများကို လူတော်လူကောင်းများဖြစ်လာအောင် အစဉ်ပြုစုပျိုးထောင်ပေးနေသည်။ Knowledge is power ဆိုသည့်စကား အတိုင်း သင်တန်းများကို အဆက်မပြတ်ပေးသည်။ ကျွန်တော်သည်လည်း အသက် ၆၀ နားကပ်နေသည့်တိုင် သင်တန်းများ ကို ဆက်တိုက်တက်နေရဆဲဖြစ်၏။ ကိုယ်ကိုယ်နှိုက်ကလည်း လေ့လာသင်ယူရမှာ ဝါသနာပါသကိုး။

သင်တန်းများကလည်း ဈေးကြီးသည်။ တချို့သင်တန်းများကို တစ်ရက်လျှင် ၄၀၀ လောက်ပေးရသည်။ ကျွန်တော် Internal Audit for Integrated Management System သင်တန်းသွားတက်တာ မြန်မာငွေနှင့် ၁၀ သိန်းလောက် ပေးရသည်။

သို့ဆိုလျှင် ပိုက်ဆံမတတ်နိုင်သူများမှာ သည်မျှဈေးကြီးလှသော သင်တန်းများကို မည်ကဲ့သို့ တက်ပါမည်နည်း။
မပူပါနှင့်။
အစိုးရထောက်ပံ့ကြေး ရှိပါသည်။
ထောက်ပံ့ကြေးဆိုရာတွင်လည်း ပုံသေမထားပါ။
သင်တန်းအလိုက်၊ အသက်အရွယ်အလိုက်၊ ပညာအရည်အချင်းအလိုက် ထောက်ပံ့ကြေးပေးသည်။
သိပ်ပညာမတတ်သော စင်ကာပူနိုင်ငံသား အဖိုးကြီးများ သင်တန်းတက်ပါက သင်တန်းကြေးကို ပီဘိ မဖြစ်စလောက်ကလေး သာ ပေးရသည်။ သင်တန်းကြေးအားလုံးလိုလိုကို အစိုးရကပေးသည်။

သူတို့က စနစ်ကောင်းလေတော့ ဘယ်သူသည် ဘာသင်တန်းတွေ ဘယ်တုံးက ဘယ်မှာတက်ထားသည်။ အောင်သည်။ ကျသည် စသည်ကို အင်တာနက်မှာ အကုန်ကြည့်လို့ရသည်။ အဲလေ skill future singapore အောက်က မဟုတ်သည့် သင်တန်း တွေတော့မပါ။

သို့အတွက် သူတို့ဆီမှာ မည်သူက သင်တန်းဘယ်နှစ်ခုတက်ပြီးပြီဆိုတာ စာရင်းအတိအကျရှိသည်။ Skill Connect အောက်က သင်တန်းတွေဆို သင်တန်းဆင်းလက်မှတ်ကို အင်တာနက်ကနေ ကိုယ့်ဘာသာ ပရင့်ထုတ်ယူလို့ရသည်။

အလုပ်မရှိလျှင် သင်တန်းတွေလျှောက်တက်ပါ။ သင်တန်းဘယ်နှစ်ခု တက်ပြီးပြီဆို ကိုယ့်ဘဏ်အကောင့်ထဲသို့ ပိုက်ဆံ ၂၀၀ စသဖြင့် ထည့်ပေးသည်။

Safety Officer သင်တန်း (WSH level C) သင်တန်းဆို အလွန်ဈေးကြီးသည်။ ကျွန်တော်တက်ခဲ့သော စင်ကာပူပိုလီတွင် တက်ပါက စင်းဒေါ်လာ ၅၆၈၃.၈၄ (မြန်မာငွေနှင့် ၆၅ သိန်းနီးပါး) ရှိ၏။ သို့သော် မကြောက်ပါနှင့်။

SSG Funding အောက်ကဆိုလျှင် အစိုးရက 50% ပေးလိမ့်မည်။
Mid-Career Enhanced Subsidy (MCES) အောက်ကဆိုလျှင် 90% ထိပေးသည်။
Workfare Training Support (WTS) Funding ဆိုလျှင် 95% ထိပေး၏။
Small Medium Enterprise (SME) Funding ဆိုလျှင် 50% ပေး၏။

ကျွန်တော်တက်တုံးက ၁၀၀၀ လားပဲပေးရသည်။ ၂၀၀၈ က တက်ခဲ့တာဆိုတော့ ကောင်းကောင်းမမှတ်မိတော့။

သို့သော်လည်းပေါ့လေ။ စင်ကာပူနိုင်ငံသားဖြစ်ရမည်။ PR ဖြစ်ရမည်။ ကျောင်းတက်ချိန် ၇၅% ပြည့်ရမည်။ စာမေးပွဲအောင် ရမည်။ အသက်ဘယ်လောက်ရှိရမည်ဆိုသည့် ကန့်သတ်ချက်လေးများတော့ ရှိသပေါ့။

ဆေးရုံတက်သည့်အခါ ဆရာဝန်ပြသည့်အခါများတွင်လည်း အနည်းနှင့်အများ ထောက်ပံ့ကြေးရပါသည်။
ယခုမှ လုပ်ငန်းစတင်မည့်သူများအားလည်း ကိစ္စဝိစ္စများဆောင်ရွက်သည့်အခါ အထူးလျှော့ဈေးပေးသေးသည်။

မြန်မာပြည်မှ မိတ်ဆွေများ သွားရေကျအောင် ပြောခြင်းမျှဖြစ်ပါသည်။ စင်ကာပူကို မလေးရှားစားအုန်းဆီနှင့် ကြော်လိုသူများ အတွက် မဟုတ်ပါ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃ ဧပြီလ၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts