(သို့မဟုတ်)
(မိုးမခ) ဧပြီ ၁၊ ၂၀၁၉
(၁)
ကိုယ်မကျူးလွန်သော ပြစ်မှုတစ်ခုအတွက် အပြစ်ပေးအရေးယူခံရသည်ဆိုပါက တရားပါမည်လားဟု အကျွန်ုပ်ကမေးလျှင် အသင် မည်ကဲ့သို့ဖြေပါမည်နည်း။ မတရားပါဟုသာ အသင်ဖြေမည်ထင်၏။ အကျွန်ုပ်ကလည်း ဤကဲ့သို့ပင် ဖြေချင်ပါသည်။ သို့သော် အောက်ပါအမှုများကို အသင် မည်ကဲ့သို့ယူဆပါသနည်း။
(၂)
များမကြာသေးမီက စင်ကာပူတွင် အိမ်အကူလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ပြီး မြန်မာပြည်ပြန်လာသည့် မြန်မာအမျိုးသမီးငယ် တစ်ဦးသည် ငွေစက္ကူအတုကိုင်စွဲမှုဖြင့် အရေးယူခံခဲ့ရ၏။
အမှုမှာ အလွန်ရိုးစင်းလှပါသည်။
သူဝပ်ပါမစ်သက်တမ်းကုန်ပြီး အိမ်ပြန်မည်ဆိုတော့ သူ့အိမ်ရှင်က မြန်မာပြည်ပြန်ရောက်လျှင် စင်ကာပူဒေါ်လာတွေနှင့် တိုင်ပတ် နေမှာစိုးသဖြင့် စေတနာပိုကာ စင်ကာပူဒေါ်လာများကို မြန်မာပိုက်ဆံနှင့်လဲပေးလိုက်၏။ ပိုက်ဆံတွေမှာ အတုတွေဖြစ် နေသည်။
အတုနှင့်အစစ်ကလည်း တော်ရုံတန်ရုံခွဲဘို့ခက်သည်ထင်ပါသည်။ အနှီ မယ်ကံဆိုးကလေးမှာ မြန်မာပြည်ပြန်ရောက်လို့ မိသားစုတွေနှင့် ပျော်မယ်မှ မကြံရသေး။ ငွေစက္ကူအတုကိုင်ဆောင်မှုဖြင့် အချုပ်နန်းစံရလေသတည်း။
သူ့သူဋ္ဌေးပေးလို့ သည်ငွေစက္ကူတွေယူလာတာ သူ့မှာ အပြစ်ရှိပါသလား။
သူ့သူဋ္ဌေးကလည်း တမင်သက်သက် ညစ်ပတ်တာမဟုတ်။ ငွေလဲသည့်နေရာမှ ပေးလိုက်တာကို ယူလာရတာသာ ဖြစ်လေသည်။
သို့ဆိုလေသော် သူ့မှာရော အပြစ်ရှိပါသလား။
သူလည်း ဘာတစ်ခုမှ အပြစ်မလုပ်ပါဘဲလျက် သည်ကဲ့သို့ အပြစ်ပေးအရေးယူခံရခြင်းကို တရားပါသည်ဟု အသင်တို့ထင်ပါ သလား။
သည်အမှုအတွက် တရားရုံးဆုံးဖြတ်ချက်မှန်ပါသည်ဟု စကြာဝဠာတစ်ခုလုံးက ယူဆကြပါစေ။
ကျွန်ုပ်အတွက်မူ မည်သည့်နည်းနှင့်မှ မတရားဟု ခံယူပါသည်။
နိုင်ငံသားတစ်ယောက်အနေနှင့် မိမိမလုပ်သည့် အမှုတစ်ခုအတွက် မတရားအပြစ်ပေးခံရတာကို ကာကွယ်ပိုင်ခွင့် မရှိလေသလော။ သည်ကဲ့သို့ မတရားအလုပ်ခံရတာကို အကာအကွယ်ပေးမည့် ဥပဒေရော အကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ မရှိလေသလော။ မိမိနိုင်ငံသားတစ်ယောက် မတရားအလုပ်ခံရတာကို အကာမကွယ်မပေးဟုဆိုလျှင် နိုင်ငံသားအခွင့်အရေး ဆို သည်မှာ ဘာပါနည်း။
ကျွန်ုပ်သည် ဥပဒေပညာရှင်မဟုတ်ပါ။ သို့သော် သည်အမှုကို သည်ကဲ့သို့ဆုံးဖြတ်သည့်အတွက်လည်း နည်းနည်းကလေးမှ မကျေနပ်ပါ။ အကယ်၍ အသင်တို့လက်ထဲသို့ ရောက်လာသည့်ငွေသည် အတုဖြစ်နေပြီး အသင်တို့ကို သည်ကဲ့သို့ ဖမ်းဆီးထောင်ချမည်ဆိုအံ့။ အသင်တို့သည် ငါ့ကိုက ကံဆိုးပါတယ်ဟု ကံကိုပုံချကာ သာသာကြည်ကြည် လိုက်သွားပါမည် လား။
(၃)
သိပ်မကြာသေးမီကပင် မြန်မာအိမ်အကူအမျိုးသမီးငယ်တစ်ဦးကို သူ့အိမ်ရှင်က မလေးရှားသို့ခေါ်သွားသည်။ စင်ကာပူနိုင်ငံ သား တွေအတွက် မလေးရှားသို့သွားဘို့ရာ ဗီဇာမလို။ သို့သော် မြန်မာတို့အဖို့တော့ ဗီဇာလိုသည်။ ဤသည်ကို သူ့အိမ်ရှင်က သူတို့လိုပင် ဗီဇာမလိုဟုထင်ကာ သည်အတိုင်း ခေါ်သွားသည်။
အသွားတုံးက ဘာပြဿနာမှမရှိ။ မလေးရှားကနေ စင်ကာပူဘက်ကို ပြန်လာတော့ မလေးရှားလ.ဝ.က က ဗီဇာမပါဟုဆိုကာ ကောင်မလေးကို ဖမ်းသည်။ အိမ်ရှင်က လက်လွတ်စပယ် သည်အတိုင်းထွက်လာသည်။
မလေးရှားလ.ဝ.ကသည် အဝင်တုံးက မဖမ်းပါဘဲလျက် ပြန်ထွက်လာသည့်အခါကျမှ အဘယ်ကြောင့် ပြဿနာရှာရဘိ သနည်း။
အိမ်အကူမိန်းကလေး အများစုမှာ ပညာအရည်အချင်း နည်းပါးသူများ ဖြစ်လေရာ မလေးရှားသွားဘို့ ဗီဇာလိုမလိုဆိုသည်ကို သိချင်မှ သိပါလိမ့်မည်။ သူ့အိမ်ရှင်ခေါ်လို့လိုက်သွားတာဆိုတော့ ဖြစ်သမျှကိစ္စအဝဝ အိမ်ရှင်က ရှင်းပေးလိမ့်မည်ဟု စိတ်ထဲတွင် စွဲထင်ကာ လိုက်သွားတာ ဖြစ်ပါလိမ့်မည်။ အိမ်အကူကို သူတို့ခေါ်သွားတာ ဖြစ်သည့်အတွက် အိမ်ရှင်သည် ဗီဇာယူဘို့ရော လ.ဝ.က နှင့် ပြဿနာဖြစ်သည့်ကိစ္စ အဝဝကိုပါ သူ တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်သည်။ အဘယ်ကြောင့် ကောင်မလေးကို သည်အတိုင်း ပစ်ထားခဲ့ရဘိသနည်း။
ဗီဇာမပါသည့်ကိစ္စတွင် မည်သူ့မှာ အပြစ်ရှိပါသနည်း။ ဘာမှမသိသည့် အိမ်အကူမိန်းကလေးမှာ အပြစ်မရှိတာ သေချာပါသည်။ သို့သော် ဗီဇာမပါတာက သူဖြစ်နေသဖြင့် ဘုမသိ၊ ဘမသိ အဖမ်းခံရသည်။ သည်ကိစ္စ တရားပါသလား။
စကားစပ်၍ ပြောရလျှင် ၂၀၀၄ ခုနှစ်လောက်ကလည်း ကျွန်ုပ်ကိုယ်တိုင် ဤကဲ့သို့ ကြုံခဲ့ရဖူး၏။ ရုံးကိစ္စဖြင့် မလေးရှားသွားရမည် ဆိုတော့ ငါ့ဖို့ ဗီဇာလိုတယ်။ ဗီဇာလျှောက်ပေးပါ ဆိုသည်ကို မလိုပါဘူးကွာဆိုကာ အတင်းခေါ်သွား၏။ ကျွန်ုပ်လည်း ဘာမှ မပြောဘဲ လိုက်သွားပါသည်။ သူခေါ်သည့်ကိစ္စ သူ့ဟာသူ ရှင်းပစေဆိုကာ လိုက်သွားခြင်းဖြစ်၏။ မလေးရှားအဝင် လ.ဝ.က ရောက်တော့ ကျွန်ုပ်မှာ ဗီဇာမပါ၍ မဝင်ရ။ သည်တော့မှ စပ်ဖြဲဖြဲနှင့် ငါက ရသလားလို့ ဆိုကာ ပြန်လှည့်လာရလေသည်။
လောကကြီးသည် အလွန် တဖက်စောင်းနင်းနိုင်လှချေ၏။
ဥပဒေက နိုင်ငံသားများကို အကာအကွယ်ပေးသည်ဆိုလျှင် ဤစကားရပ်သည် အလုံးစုံမမှန်။ အကာအကွယ်ပေးသည် ဟူသော စကားရပ်၌ ပညာမတတ်သော၊ မျက်နှာမရှိသော၊ ပိုက်ဆံမရှိသော၊ ဘာရာထူးရာခံမှမရှိသော၊ ဘာဥပဒေမှ နားမလည်သော တောသူတောင်သားများမပါ။
ယခင် ကျွန်ုပ်တို့ငယ်ငယ်က ကျောင်းတွင် ဟန်မူရာဘီ၏ ကိုဓဥပဒေသည် လူချမ်းသာများကိုသာ အကာအကွယ်ပေးပြီး မျက်နှာမွဲ လူတန်းစား၊ အလုပ်သမားတို့အတွက် မဟုတ်ဟု သင်ကြားပို့ချခဲ့၏။ ငယ်ငယ်တုံးက မသိသေးလို့ အဟုတ်ထင်ခဲ့သည်။ ယခုတော့ ကျွန်ုပ်က ဟဟ ဟု ရီလိုက်ချင်ပါသည်။ ယခု အသင်တို့ ဥပဒေကရော ဟု ကျွန်ုပ်မေးလျှင် အသင်တို့ မည်သို့ဖြေမည်နည်း။ (ကျွန်ုပ်ပြောသည့်အထဲတွင် အိမ်ထဲမှာမိသည့် သန်းပေါင်းများစွာတန်သည့် မူးယစ်ဆေးများက ပိုင်ရှင်မဲ့သွားပြီး မဖြစ်ညစ်ကျယ် ဆေးကလေးရှူမိသည့် ငမိုက်သား မိုးအောင်ရင် ထောင် ၁၇ နှစ်ကျတာ မပါပါ။)
တရားဥပဒေသည် မျက်နှာရှိသူများရော၊ မျက်နှာမရှိသူများဘက်ကပါ အညီအမျှ ရပ်တည်ပေးသည် ဟူသည့်စကားကို ယုံစားဘို့ရာ ကျွန်ုပ်အနေနှင့် အချိန်အတော်ယူရပါဦးမည်။ အဲလေ သည်ဘဝမှာတောင် မီချင်မှ မီပါလိမ့်မည်။ နောင်ဘဝ တောင် မသေချာ။
(၄)
လုပ်တတ်လျှင် ပိုက်ဆံရှာရတာလွယ်သည် ဟူသောခေါင်းစဉ်ဖြင့် ကျွန်ုပ်ရေးသည့်ပို့စ်၌ လူတို့၏ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ ခေါင်းပုံဖြတ် အမြတ်ထုတ်နေသူများကို အထင်းသား မြင်နိုင်ပါသည်။ ဤသူတို့သည် နိုင်ဂျံဂါးက လူဂျီးလူဂေါင်း ဆိုသူများနှင့်ပေါင်း၍ အထင်ကရ သင်ဒန်းကျောင်းဂျီး ထောင်ကာ တောကြိုအုံကြားမှ ငမွဲကလေးများအား ကျောက်ခဲကို ဆီညှစ်သကဲ့သို့ ညှစ်ထုတ်လျက် ပိုက်ဆံများ ထားစရာမရှိအောင် ချမ်းသာလျက် ရှိကြကုန်၏။
မိမိပင်လျှင် တစ်လနေလို့ တစ်ခါ အသားဟင်းမစားရသော အနှီ ငမွဲကလေးအပေါင်းမှာ အနှီလူကြီးလူကောင်းအပေါင်းတို့အား တစ်လုံးလျှင် ဒေါ်လာ ၅၀၀ လောက်ပေးရသည့် အကောင်းစား အရက်များကို ရေသောက်သလိုသောက်နိုင်ရေးအတွက် ဝိုင်းဝန်းကာ ထောက်ပံ့နေကြရကုန်၏။
ဦးရေအားဖြင့် ရာဂဏန်းအတော်များများရှိသော လွှတ်တော်အတွင်းမှ လူကြီးလူကောင်းများသည် တိုင်းပြည်အတွင်း ဤမျှ ပျက်ချင်တိုင်းပျက်နေသည်ကို မသိမမြင်ကြခြင်းအား ကျွန်ုပ်အဖို့ အလွန်အံ့သြမိသည်ဆိုလျှင် လွန်သည် မထင်မိပါ။
(ဟကောင်၊ မင်း မသိဘဲနဲ့ ရမ်းမပြောနဲ့။ လွှတ်တော်ဆိုတာ ဥပဒေပြုဘို့ပဲလကွ။ အဲသဟာက အစိုးရနဲ့ဆိုင်တာ။ ငါတို့က ဘာလုပ်လို့ရမှာတုံး။)
(ဟုတ်ကဲ့။ ပြောမိတာမှားပါတယ် ခညာ။ အဲသဟာဆို ဟို – အစိုးရ ဆိုတဲ့လူကြီးများရော ခည။)
(သူတို့က ငါတို့အထက်မှာရှိတာလကွ။ အဲဒါ ငါတို့ဘာမှ လုပ်လို့မရဘူး။)
(ဂိန်၊ သေပါလေရော့ တောက ငမိုက်သားအပေါင်းတို့။)
နိဂုံးချုပ်ရလျှင် ကျွန်ုပ်တို့၌ ခေါ်စရာအဖေ ယခုတိုင်မရှိသေးကြောင်း သပ္ပူရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ ခင်ဗျာ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၃၁ မတ်လ၊ ၂၀၁၉။ ည သန်းခေါင် ၁၂ နာရီတိတိ