ပန်းချီသရုပ်ဖော် – မောင်စွမ်းရည်

မောင်စွမ်းရည် – ပန်းချီဆရာ၊ ကာယဆရာ၊ လက်သမားဆရာ …

(မိုးမခ) မတ် ၁၃၊ ၂၀၁၉


ကျနော်တို့ အလယ်တန်း၊ အထက်တန်းကျောင်းသားအရွယ် ၁၉၅၀-၆၀ ခုနှစ်များအတွင်းက ကျောင်းတွေမှာ ကာယချိန်၊ ပန်းချီချိန် စတဲ့ အချိန်တွေပါဝင်သလို ကာယဆရာ၊ ပန်းချီဆရာဆိုတဲ့ အထူးဆရာတွေလဲ ရှိပါတယ်။ ပန်းချီချိန်၊ လက်သမားချိန် (လက်မှုအချိန်) စတဲ့ အချိန်တွေကို လက်တွေ့ဖွံ့ဖြိုးရေးချိန်လို့လဲ ခြုံငုံပြီး ခေါ်ပါသေးတယ်။ လက်တွေ့ဖွံ့ဖြိုးချိန်မှာ ကျောင်းစာကြည့်တိုက်ကို သွားရတာလဲ ရှိပါတယ်။ ကျောင်းသူလေးတွေက အိမ်တွင်းမှုသိပ္ပံခန်းကို သွားကြတယ်။ အဲဒီအခန်းမှာ အိုးခွက်ပန်းကန်တွေနဲ့ အပ်ချုပ်စက်ရှိတာ သတိထားမိခဲ့ပါတယ်။


ဗိုလ်နေ၀င်းတက်လာတော့ သူက ကျောင်းတွေကို လိုက်စစ်တယ်။ ဘာတွေကို ဘယ်လိုစစ်တယ် မသိတော့ပါဘူး၊ မန္တလေးဆရာအတတ်သင်မှာ အကသင်နေတာကိုတွေ့တော့ ‘ဘာပွဲရှိလို့ အကတိုက်နေတာလဲ’ တဲ့။ ဆရာတွေက အကတိုက်တာမဟုတ်ဘူး၊ ဒါက အကသင်တန်းအချိန်ပါလို့ ရှင်းပြကြသတဲ့။ ဒီတော့ ဗိုလ်နေ၀င်းက ကျောင်းဆင်းရင် ဒီဆရာမတွေက ကပြီး စားဖို့လားလို့ မေးသတဲ့။ ကလေးတွေ ဘက်စုံဖွံဖြိုးအောင် အနုပညာဘာသာရပ်တွေလဲ သင်ရတယ်ဆိုတာ သူမသိပါဘူး။ ပန်းချီသင်တာဟာ ပန်းချီဆွဲစားဖို့ မဟုတ်ဘူး။ အနုပညာဘာသာရပ်တခုကို သင်တာ။ ကလေးတွေ နံရံကို အိုးမဲနဲ့ ခြစ်တဲ့ အဖျက်စိတ်ဓာတ်တွေလည်း ပျောက်စေတယ်။ အနုပညာခန်းမှာ သီချင်းဆိုရ၊ တီးရ ခေါက်ရတော့ ဆူဆူပူပူ အော်ချင်ဟစ်ချင် တီးချင် ခေါက်ချင်တဲ့ ဆူဆူပူပူလုပ်ချင်တဲ့ စိတ်ဓာတ်ကိုလဲ လွှဲပြောင်းပေးရာရောက်တဲ့အပြင် အနုပညာလည်း ဖွံ့ဖြိုးစေပါတယ်။


ကမ္ဘာမှာ ဘယ်နိုင်ငံဘဲကြည့်ကြည့် ပညာရေးမှာ ဒါတွေပါရတာချည်းပါပဲ။ ဗိုလ်နေ၀င်းက မသိတော့ ခက်တယ်။ မေးမြန်းစုံစမ်းတာကိုလည်း အောက်တန်းကျတယ် ထင်ဟန်ရှိပါတယ်။ နိုင်ငံရေးခေါင်းဆောင်မဟုတ်ဘဲ စစ်ရေးခေါင်းဆောင်ဆိုတော့ ဒါတွေ ဘယ်သိမှာလဲ။ နိုင်ငံရေးသမားတွေကတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့ အရေးအရာတွေကို ကဏ္ဍအလိုက် ခွဲခြားလေ့လာ စူးစမ်းထားရပါတယ်။ ဒါမှ တိုင်းပြည်မှာ ဘယ်ကဏ္ဍတွေက ဘာတွေလိုအပ်နေတယ်ဆိုတာကို သိရှိပြီး ဒါတွေ သူဘယ်လိုဖြေရှင်းပါမယ်လို့ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထု မဲဆန္ဒရှင်တွေကို တင်ပြပြီး ကတိက၀တ်တွေ ပြုရပါတယ်။ ပြည်သူတွေဆီက အုပ်ချူပ်ရေးအာဏာကို သေနတ်နဲ့ သိမ်းယူခဲ့တဲ့ စစ်ဗိုလ်တွေက ဘာသိမှာလဲ။ ဗိုလ်မှူး ဗိုလ်ချုပ်တွေကို ဌာနတာဝန်ခံတွေအဖြစ် တာဝန်ပေးလိုက်တော့ အထက်စီးက အာဏာပေးဖို့ပဲ သိကြတဲ့လူတွေက အရပ်သားအရာရှိတွေဆီကို မေးမြန်းစုံစမ်းရမှာလဲ မလုပ်ချင်ကြဘူးလေ။ အောက်ကျခံရာရောက်မှာစိုးတာကိုး။ ပညာရေးဌာနကို စစ်ဗိုလ်လွှတ်လိုက်တော့ သင်ရိုးညွှန်းတန်းတို့ သင်ရိုးမာတိကာတို့ ဘာသာဆိုတွေ သူဘာသိမှာလဲ။


ပညာရေးမှာ အထက်တန်း(တက္ကသိုလ်) ပညာရေး ရှိတယ်။ အခြေခံပညာရေး ရှိတယ်။ အခြေခံပညာရေးမှာ ထက်လယ်မူ ဆိုတာ ရှိတယ်။ ပညာရေးတက္ကသိုလ် ဆရာအတတ်သင်သိပ္ပံ (ကောလိပ်) ဆိုတာတွေလဲ ရှိသေးတယ်။ ပညာရေးမှာ ရိုးရိုးဘီအေ၊ ဘီအက်စ်စီ၊ ၀ိဇ္ဇာ သိပ္ပံ ဘွဲ့တွေရှိရုံနဲ့ သင်ခွင့် မရှိဘူး။ ဆရာမရှိလို့ ယာယီပဲ ၀င်သင်ရပြီး နောက်တော့ ပညာရေးတက္ကသိုလ်တို့ ဆရာအတတ်သင်သိပ္ပံတို့ကို ပြန်တက်ရသေးတယ်။ ပညာရေးဘာသာရပ်တွေထဲမှာ ပညာရေးဒဿန၊ ပညာရေးစိတ်ပညာ၊ ပညာရေးသဘောတရား စသည်ဖြင့် ပညာရပ်ခွဲတွေ ရှိသေးတယ်။ ကလေးစိတ်ပညာ သိမှ ကလေးကိုင်တွယ်သင်ကြားရေးကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်တာ။ စစ်အစိုးရခေတ်မှာ စိတ်ပညာဌာနက ပါမောက္ခဆရာ တက္ကသိုလ်ဘုန်းနီုင်ကို ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်ခန့်လိုက်သေးတယ်။ တော်သေးတာပေါ့ ဆရာက နှိမ့်ချစိတ်ရှိပြီး ပညာဗဟုသုတကြွယ်ဝသူမို့ ကြိုးစားလေ့လာပြီး ဆောင်ရွက်ခဲ့တယ်။ စစ်ဗိုလ်ကို ခန့်လိုက်ရင် ဒုက္ခပေါ့။ ဆရာဟာ ၁၉၈၈ အရေးအခင်းမှာ မူလတန်းကလေးတွေကိုပါ ပြည်လမ်းပေါ်မှာ စစ်တပ်က ရိုက်နှက်နှိမ်နင်းတာကို တွေ့ရတော့ ကျောင်းဆရာပီပီ အရေးအခင်းထဲကို ပါဝင်လာခဲ့ရှာတယ်။ စစ်ဗိုလ်မဟုတ်ဘဲကိုး။


ကျောင်းသားတွေဟာ ပထ၀ီ သမိုင်း ဇီဝဗေဒ ရူပဗေဒ ဓါတုဗေဒ စသဖြင့် ၀ိဇ္ဇာရော သိပ္ပံပါ သင်ကြရပါတယ်။ ပထ၀ီ၊ သမိုင်း ဘာသာရပ်တွေမှာ မြေပုံတွေကို ဆွဲရပါတယ်။ ဇီဝ၊ ဓာတု၊ သိပ္ပံဘာသာရပ်တွေမှာလဲ ပုံတွေ ဆွဲရတာပါပဲ။ ဖားပုံ ယုန်ပုံတွေ ဆွဲရသလို ဓာတ်ခွဲပုံ၊ အလင်းပြန်ပုံ စသဖြင့်လဲ ဆွဲကြရပါတယ်။ ပန်းချီဆရာလို ကောင်းဖို့ တူဖို့ မလိုပေမဲ့ လှပသေသပ်ဖို့ အချိုးကျဖို့တော့ လိုပါတယ်။ ကျနော်တို့ အခြေခံပညာကျောင်းသားဘ၀မှာတော့ ပန်းချီဆွဲတဲ့ ရောင်စုံခဲတံတွေ ပန်းချီစက္ကူတောင်မှ ကမ္ဘာကျော်ဝါတာမင်စက္ကူတွေ၊ ဆေးဗူး၊ စုတ်တံ စတာတွေကို ပညာရေးဌာနက ပို့ပေးပါတယ်။ ပန်းချီဆရာနဲ့ သေချာဆွဲရတဲ့အပြင် အထူးဝါသနာပါတဲ့ ကျောင်းသားတွေကို ပန်းချီဆရာ ခေါင်းဆောင်တဲ့ ပန်းချီအသင်းဖွဲ့ပြီး ပါဝင်လှုပ်ရှားစေပါတယ်။ အောက်ဒိုးထွက်ပြီး ရှုမျော်ခင်းတွေ ဆွဲရတာလဲ ရှိပါတယ်။ ပန်းချီပြိုင်ပွဲ၊ ပြပွဲ၊ ကဗျာပြိုင်ပွဲ၊ ၀တ္ထုဆောင်းပါး ပြိုင်ပွဲတွေလဲ ရှိပါတယ်။ ကျောင်းမဂ္ဂဇင်းတွေလဲ ရှိကြလို့ ဓာတ်ပုံတွေနဲ့ ထုတ်ဝေခဲ့ကြတော့ တချို့မဂ္ဂဇင်းတွေက သမိုင်းဝင်တွေ ဖြစ်ခဲ့ပါတယ်။ ကျောင်းသား စာရေးဆရာလောင်းတွေ ပန်းချီဆရာလောင်းတွေလဲ ထွက်ပေါ်ခဲ့ပါတယ်။


ကျနော်က မြင်းခြံအထက(၁)နဲ့ မန္တလေးအထက(၁) တို့မှာ ကျောင်းနေခဲ့စဉ် ပန်းချီပြိုင်ပွဲတွေ စာပေပြိုင်ပွဲတွေမှာ ကလောင်သွေးခဲ့ရပါတယ်။ ဒေါက်တာမောင်မောင်ညို၊ ပွင့်လန်း(သတ္တုတွင်း)၊ မောင်စွမ်းရည်၊ ချစ်ဦးညိုတို့ဟာ မန္တလေး အထက(၁) ထွက် ကလောင်ရှင်တွေပါ။ ၀င်းဖေနဲ့ ပေါ်ဦးသက်ဆိုတဲ့ ပန်းချီကျော်တွေဟာလဲ မန္တလေးအထက(၁) ပန်းချီကျော်တွေပါ။ ရုရှားကို ပညာတော်သင်ပါသွားရတဲ့ ၀င်းခင်(မြင်းခြံ) နဲ့ မောင်မောင်ညို မောင်စွမ်းရည်တို့ဟာ မန္တလေးအခြေခံပညာဌာန ကျောင်းတွေက စာပေပြိုင်ပွဲတွေလုပ်ရင် ၀င်ပြိုင်ကြပါတယ်။ နိုင်ငံကျော် စာရေးဆရာ အမျိုးသားစာပေဆုရတွေနဲ့ ကမ္ဘာကျော်ပန်းချီဆရာတွေကို မွေးထုတ်ပေးခဲ့တာဟာ အခြေခံပညာကျောင်း လက်တွေ့ဖွံ့ဖြိုးရေးခန်းတွေကပဲ မွေးထုတ်ခဲ့တာလို့ မဆိုနိုင်ပေဘူးလား။


မကြာခင်ကပဲ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းတွေကို သွားပြီး လေ့လာခဲ့သတဲ့။ ကလေးတယောက်က ရောင်စုံခဲတံ လိုချင်တယ်၊ ကလေးတယောက်က ကစားစရာ ကားလေးတွေ လိုချင်တယ် တဲ့။ သနားစရာပါ။ ကျနော်တို့ ငယ်စဉ်က ဆိုရင် ဒါတွေကို အိမ်က ၀ယ်ပေးတာ မဟုတ်ဘဲ ကျောင်းမှာ သုံးစွဲခဲ့ရတာ။ ရေဆေးသုံးစွဲနည်းတွေကို ဆရာတွေနဲ့ လက်ထပ်သင်ယူခဲ့ရတယ်။ ပါစပက်တတစ်ဆိုတဲ့ စကားလုံးကို ဆရာတွေဆီက ကြားဖူးခဲ့တာပါ။ အဲဒါ ပါလီမန်ဒီမိုကရေစီစနစ်ခေတ်ကပါ။ အင်္ဂလိပ်အစိုးရလက်အောက်က ပညာရေးစနစ်ရဲ့ အရှိန်လည်း ရှိပါသေးတယ်။ စစ်အစိုးရလက်ထက်ဟာ ဖက်ဆစ်ဂျပန်ခေတ်လိုပဲ ပညာရေးအခြေအနေ ပျက်စီးခဲ့ပါတယ်။ ခုထက်ထိ အဖတ်မဆယ်နိုင်သေးပါဘူး။ ပန်းချီဆရာ လက်သမားဆရာ ကာယဆရာ။ ကာယချိန်၊ ပန်းချီချိန်ဆိုတာတွေ မရှိသေးဘူး။ ဒါတွေ ပြန်မကြားရသေးပါဘူး။ ကလေးတယောက်က ဒေါ်အောင်ဆန်းစုကြည်ကို ရောင်စုံခဲတံတောင်းမှ လူကြီးတွေ ကျနော်တို့လို ဆရာဟောင်း ကျောင်းသားဟောင်းတွေက ပြန်လည်သတိရကြတာပါ။ ၀င်းဖေ ပေါ်ဦးသက်တို့လို ပန်းချီကျော်တွေကို ကျောင်းတွေကပဲ မွေးထုတ်နိုင်ကြပါစေသတည်း။


မောင်စွမ်းရည်
၂၀၁၉ ဇန်န၀ါရီ ၂၆

ကာတွန်း မောင်စွမ်းရည်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ