(မိုးမခ) မတ်လ ၁၁၊ ၂၀၁၉
ငါးရှဥ့်ဟင်းက ချဉ်စပ်စပ်၊ ဦးတင်ဦးက ထိုင်မရ ထမရ
(၁)
ကျနော်တို့ မြန်မာ့အသံသို့ ဖြုတ်-ထုတ်-ချုပ်ကြီးရောက်လာပြီး Beginning of Fall of BBS ဟုခပ်တိုးတိုးခေါ်စဉ်ကာလ။ ဘောလုံးပွဲများ အောင်ဆန်းကွင်းကနေ တိုက်ရိုက်အသံလွှင့်ခြင်းကို ဒု-ညွှန်မှူး ဖြစ်သွားသူ ဦးကျော်ညိန်းအစား လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဦးက တာဝန်ယူကြီးကြပ်လာ၏။ စည်းကမ်းမတင်းလွန်းတော့ပြီမို့ ကျနော်တို့လည်း စတင်ပျော်လာကြပြီ။
ကျနော်တို့ဆိုသည်မှာ ၀င်းဝင်းရုံ ပြဇာတ်ခုံပေါ်တက်ဖူးသူ ဦးမောင်မောင်ယဉ်၊ ကျေးလက်တောရွာ ဇာတ်လမ်းများမှ အသံမင်းသား ကိုဝင်းမြင့်၊ ဂီတစာဆို မောင်မောင်သီနှင့် ကျနော်။ ဘောလုံးပွဲမှ တိုက်ရိုက်အသံလွှင့်သည့် အကြိမ်များလာပြီမို့ ၄ ယောက်စလုံး အသားကျနေကြပြီ။
(၂)
ပြဿနာ စတက်သည်က ဦးတင်ဦးနှင့် ဦးမောင်မောင်ယဉ်။
မြန်မာ့အသံ တည်ထောင်စဉ်ကပင် ပါဝင်ခဲ့ပြီး ဆရာဦးခင်ဇော် (K) မှတပါး မည်သူ့ကိုမှဦပင်မတပ်ဘဲ ကိုကျော်ညိန်း၊ကိုကြီးတင် စသဖြင့်ခေါ်နေကျ တို့ဗမာအစည်းအရုံးကလာသူ ဦးတင်ဦးက Director, DD,AD ဟူသော ဦးမောင်မောင်ယဉ်၏ အသုံးအနှုန်းကို သာယာဖို့ဝေးစွ နားထောင်လို့ပင်မရ။ ဟေ့ ဦးမောင်မောင်ယဉ် လူလိုစကားပြောစမ်းကွာဟု အော်၏။
(၃)
ထိုနေ့က ကျနော်တို့ ၃ ယောက် ရုံးကားနှင့်စုပြီးသွားချိန်ထိ မစောင့်ပဲ ပြည်လမ်းပေါ်တွင် သုံးဘီးကား စောင့်နေစဉ် ကျနော့်မိတ်ဆွေဦးစိုးပိုင် သူ၏တိုယိုတာကိုလိုရာ ကားသစ်လေးထိုးရပ်ပြီး ကျနော်ကရှေ့ခန်း သူ့ဘေးကိုထိုင် ကိုသီတို့နှစ်ယောက် နောက်ခန်း၎င်းထိုင်ကာ လိုက်ပါလာကြရင်း–
ကိုဝင်းမြင့်အသံက ကရင်လင်မယားချက်တဲ့ ငါးရှဥ့်ချဉ်စပ်ကဗျာ– ရမ်နဲ့ဆို ဘယ်လိုကောင်း မှန်းမသိဘူး၊ကျနော့တသက် စားဖူးတဲ့အမြည်းတွေထဲ တကယ်တော့ လိပ်သားလည်းမြည်းဖူးပါရဲ့၊ ငါးရှဥ့်ချဉ်စပ်ကို မမီဘူး၊ ဟိုသီချင်းထဲကလို နတ်စည်းစိမ်ဆယ်သက် တကယ်မမက်ပါတယ်–
ကိုသီ့အသံက ညွှန်းလှချေလားဗျာ–
စားဖူးစေချင်တယ်ဗျာ– ဘီယာနဲ့လည်းလိုက်ပါတယ် ဟူဆိုလိုက်သောအခါ ရုံးမှာသာမက သူတို့ဂီတလောကမှာပါ ဘီယာသီဟု ချစ်စနိုးခေါ်ကြသူကြီး၏ ပြုံးဖြဲဖြဲမျက်နှာ မြင်ယောင်ဆဲ ကိုဝင်းမြင့်က ခေါင်းလေးရှေ့ညွှတ်ကာ ဒီမယ် နောင်ကြီးခင်ဗျာ ကျနော်တို့ကို Port Commisioner ရုံးဘက်ပို့ပေးပါလား ခင်ဗျာ–ဟုအပြော ဦးစိုးပိုင်က ရပါတယ်၊ အမှန်က ကျနော်က အဲဒီဘက်သွားမှာဟုအဖြေနှင့် ကျနော်တို့ ငါးရှဥ့်ဟင်းချဉ်စပ်စပ်ရှိရာသို့ ရောက်သွားကြပြီ။
(၄)
ရုံးကြီး၏လှေခါးရင်းမှာပါဆိုင်က။
ဖောက်သည်ကိုဝင်းမြင့်အား ၀မ်းသာစွာကြိုဆိုကြသည်။ သုံးပွဲဗျို့– အဲဘီယာအကြီးတလုံး– ကျနော့အတွက်က ရမ်– ထိုအခါ ကျနော်က ခပ်မြန်မြန်ဝင်တားရပြီ၊ ရမ်တော့မလုပ်နဲ့ဗျာ–တခုခုဖြစ်ရင်–သိတဲ့အတိုင်းကျနော်က အများဆုံးခံရမှာ– သူ (ဖြုတ်-ထုတ်-ချုပ်ကြီးကိုဆုလို) ကြည့်မရဆုံး ၂ ယောက်နဲ့ ကျနော်ကတွဲနေကျ–ပြီးတော့ ဒီကိုရောက်လာကြတာကလည်း ကျနော့မိတ်ဆွေကားနဲ့လေ-ဟုဆိုရ၏။ စိုးရိမ်ရန်ကော– ရမ်းတူးပက်ဆိုတာ အာတောင်မနှံ့ဘူးဟု ကိုဝင်းမြင့်ကဈေးဆစ်ချိန် ကိုသီက ဘီယာလောက် ဆိုတော်ရောပေါ့ဟုဝင်ဖြန်သည်။ အေးဗျာ– ကျနော့အတွက်လည်း ဘီယာတလုံး–ဟောဒီက ဘုရားဒါယိကာ–အတွက်က ကရင်ဆိုဒါနဲ့မလိုက်–လိမ္မောရည်ဆိုလည်း– ထိုအခါ ဆိုင်ရှင်က ဗင်တိုရှိတယ်-။
သည်လိုနှင့် ငါးရှဥ့်ဟင်း ၃ ပွဲ၊ ဆိုင်ရှင်မက လာချပေးနေစဉ် ပုလင်း ၃ လုံး ဖန်ခွက် ၃ ခွက်ရောက်လာ–နှင့်စတင်ကြလေပြီ။ ငါးရှဥ့်ဖတ်အထိ ကျနော့လျှာတွန့်လိပ်သွား၏။ ဗင်တိုမော့လိုက်ရာ ပြန်လျှောပြေသွားပြီး ငါးရှဥ့်ဟင်းကအစပ်နှင့်ချိုမွှေးမွှေးရှတတက ဗင်တိုကတွဲမိသကိုး။ နောက်တဖတ်နှင့် နောက်တမော့–နံနံပင်အနံ့မွှေးပုံလည်း သတိထားမိပုံပြောရာ တောင်ကြီးသား ဘီယာသီက ရှမ်းနံနံလေဟု ၀င်ဂုဏ်ယူသည်။ ဟင်းအနှစ်ထဲ အစိမ်းဖတ်လေးတွေ မြင်နေရ၏။
ကျေနပ်နေကြသူနှစ်ယောက်အား ကိုဝင်းမြင့်က လမ်းဘေးပလက်ဖေါင်းပေါ် တိုက်ရသည့်အတွက် တောင်းပန်စကားဆိုရာ ဟာဗျရောင်းရင်းကြီးကလည်း ထိုင်ခုံကိုသောက်တာမှ မဟုတ်တာ ဟုဆိုရင်း ကုန်လုလု၌ ကိုဝင်းမြင့်က နောက်ထပ်သုံးပွဲ သုံးပုလင်း –ဟုဆိုပြီး အလျဉ်မပြတ်ထပ်ရောက်လာ၏။
ငွေရှင်းနေသော ကိုဝင်းမြင့်အား ညွှန်းလောက်ပါရဲ့ဟု ကျနော်တို့က ကျေးဇူးစကားဆို၏။ သုံးဘီးကား–ပထမတစီးက အောင်ဆန်းကွင်းဆို၍ ရပ်မပေးဘဲ ဆက်မောင်းသွားသည်။ နောက်တစီးကမူ ရပ်ပေးပြီး ၀င်လို့ရမှာမဟုတ်ဘူး– ဒီနေ့ပွဲကလူသိပ်များမှာဟု ရှင်းပြကာဆက်မောင်းသွားပြန်သည်။
နောက်တစီးက ထိုးရပ်လာသောအခါ ကိုသီက ဘူတာကြီးကို ငါ့ညီရာဟုအပြော ကိုဝင်းမြင်းက ရထားမီဖို့ပါ ကူညီပါဟုပြောရာ ခပ်မြန်မြန်တက်ကြ–ပြောပြောဆိုဆို ခပ်မြန်မြန်ပင် မောင်းလာရင်း ကျနော်လည်း အမီအိမ်ပြန်ပြီး ရေဒီယိုနားထောင်ရမှာ–ဒီနေ့ပွဲက သိပ်ကောင်းမှာ ဒီနှစ်သင်း ကွာတားမှာ လာတွေ့တာမို့ အသေအလဲကန်ကြမှာ– စသဖြင့်ပြောလာရာ သူမမြင်အောင် ၃ ယောက်သားခိုးပြုံးကြရသည်။
ဟုတ်ပါသည်၊ ဘူတာကြီးဘက်လမ်း ရဲစောင့်နေသည့်ကြား တောင်ဘက်ပွဲကြည့်စင်ဝင်ရန် လူအုပ်ကြီးက လျှံကျနေ၏။ ကွေ့အ၀င်မှာပင် သုံးဘီးကာရပ်ခိုင်းကာ ငွေရှင်းကျေးဇူးတင်စကားကိုပင် ဆုံးအောင်နားမထောင်–ခပ်မြန်မြန်လှည့်ပြန်မောင်းသွားပြီ။
သြော် သူ့ခမျာအိမ်ပြန် ရေဒီယိုနားထောင်ရမည်ကိုး။ အင်း– ကျနော်တို့အသံမှတ်မိရင်တော့–။
(၅)
အထူးတန်းရှေ့တွင်လည်း လက်မှတ်ဝယ်ထားသူများ ၀င်ပေါက်အသီးသီး၌ တန်းစီဝင်နေကြသည့် ပရိသတ်ကိုမြင်ရ၏။ အလယ်ဂိတ်ဝသို့ ကျနော်တို့ ၃ ယောက်လျှောက်လာရာ သံတခါးပေါက်တွင် ခပ်ခန့်ခန့်နှင့် သော့ကိုင်ကာရပ်နေသော အား/ကာ မှလုံခြုံရေးတာဝန်ခံ ဦးဘသီအားမြင်ရ၏။ အရပ်မြင့်မြင့် ယူနီဖောင်းကခန့်ခန့် မျက်နှာကတင်းတင်း ကသံကိုလည်း လိုသည်ထက်ပိုမာထားရ၏။
သော့အဖွင့် ရောမ၀င်လာကြရေးအတွက် လိုအပ်သကိုး။
ရဲများရှိသည့်တိုင် အင်မတန်သတိထားနေရသူနှင့် ခပ်လှမ်းလှမ်းအရောက် ဦးဘသီက လမ်းရှင်းပေးကြပါ၊ ဖယ်ပေးကြပါ- VIP တွေလာနေပြီဟု အော်လိုက်ပြီး တံခါးဖွင့်ပေးရင်း ကြွပါခင်ဗျာဟု ဆက်ပြောရာ မပြုံးမိရန်ထိန်းကာ ၀င်လိုက်ကြ၏။ ကွင်းထဲရောက်ပြီ။ ထုံးစံအတိုင်း ကိုဝင်းမြင့်က အစောကြီးရှိသေးတာပဲတဲ့-။
အသံလွှင့်ခန်းရှိရာ အပေါ်ထပ်သို့မတက်သေး အားကစားပညာပေးရေးမှူး ဦးစိုးဝင်းရုံးခန်းထဲသို့စာအုပ်တအုပ်ဖတ်နေရာကနေ ပြုံးကာနှုတ်ဆက်၍ ကျနော်တို့လည်းထိုင်ကြလေပြီ။ စားမြုံ့ပြန်သည်ဟုဆိုလျှင် နွားများနှင့် တူနေမည်မို့ ဇရက်မင်းသုံးပါး စည်းစိမ်ယစ်နေကြဟူ၍သာ ရေးပါရစေ။ ထုတ်တိုင်ပင်ခြင်း မရှိသော်ငြားလည်း ဦးတင်ဦးနှင့် ဦးမောင်မောင်ယဉ်တို့ ဖြစ်နေကြမည့် ပဋိပက္ခကို တွေးကြည့်မိနေကြ၏။
အချိန်နီးနေပြီဟု ဦးစိုးဝင်းက သတိပေးရာ ကိုဝင်းမြင့်က ပူတတ်ရန်ကော စိုးကြီးရာ၊ အပေါ်ရောက်ဖို့ လှေခါးဘယ်နှစ်ထစ်တက်ရမှာမို့တုံး ဆိုကာဆက်ထိုင်နေကြ၏။ ဘောလုံးသမားများ ကွင်းထဲရောက်နေပြီကို ကြည့်ရင်း ဟေ့လူတွေထွက်ကြ အခန်းတံခါးပိတ်မယ်ဆိုကာ ထရင်းကျနော်တို့ကိုလည်း နှင်ထုတ်လိုက်၏။
(၆)
ဤနေရာတွင် ဘောလုံးပွဲအသံလွှင့်ပုံ ရေးပြပါရစေ။
ဥပမာ ဘောလုံးပွဲ ၄း၃၀ စမည်ဆိုပါစို့၊ ရေကူးအသံလွှင့်စက်ရုံမှ လှိုင်းတို (SW Transmitter) ၂လုံး လှိုင်းလတ် (MW Transmitter)တို့ကို ၄ နာရီကတည်း On ထားရ၏။ ပြည်လမ်း BBS Studio ကအဖွင့်တီးလုံး စလိုက်သည်နှင့် ရေဒီယိုထဲတန်းရောက်သွားပြီ။ ထိုအသံကို အောင်ဆန်းကွင်း ယာယီ Studio ကလည်း နားထောင်နေရပြီး Announcer က သောတရှင်များ ကျန်းမာတော်မူကြပါရဲ့လားရှင်– မြန်မာ့အသံမှ—- စသဖြင့် Station call လုပ်ပြီးနောက် ယခုချိန်ကစ၍ ———–ယှဉ်ပြိုင်ကစားကြပုံများ မြန်မာ့အသံ ကိုယ်စားလှယ်များက အောင်ဆန်းကွင်းမှ တိုက်ရိုက်အသံလွှင့် အစီရင်ခံကြပါတော့မယ်ရှင်။
ထိုအခါကျတော့မှ အောင်ဆန်းကွင်းကစလွှင့်ရ၏။
ကျနော်တို့ ၄ ယောက်အနက် ကိုသီက သူကြည့်ချင်သော ပွဲကျမှသာ အဖွင့် ၅ မိနစ်ပြော၏။ ကိုသီမပါလျှင် ကျနော်က ၅ မိနစ်ပြော။ ပွဲစတော့ ကိုဝင်းမြင့်၊ ကျနော်၊ ကိုမောင်မောင်ယဉ် ၁၅ မိနစ်စီ၊ Interval သုံးသပ်ချက် ၁၅ မိနစ်ကိုကျနော်ပြောပြီး ဒုတိယပိုင်း ကိုလည်း ယခင်အတိုင်း၊ပွဲပြီးတော့ သုံးသပ်ချက် နိဂုံးကိုကျနော်ပြောအပြီး မြန်မာ့သံအစီအစဉ်များကို ဆက်လက်နားဆင်ကြပါခင်ဗျာ ဟု ပြည်လမ်း BBS Studio သို့ပြန်လွှဲပေးရ၏။
ဘောလုံးပွဲအသံလွှင့်ချိန် မိနစ်(၁၁၅)မိနစ်၌ ကျနော်ပြောရချိန်သည် မိနစ် (၅၀) သို့မဟုတ် (၅၅)။
ကဲ ငါးရှင့်ဇာတ်လမ်းဘက် ပြန်လှည့်ကြပါစို့။
(၇)
ပြည်လမ်း BBS Studio ကအဖွင့်တီးလုံး စလိုက်သည်နှင့် ကျနော်တို့ လှေခါးကတက်သွားကြ၏။ Announcer က Station call လုပ်တော့မှ တံခါးတွန်းကာ ၀င်သွားကြရာ၊ ဦးတင်ဦးသည် စိတ်သက်သာ၊ ဒေါသထွက်ရောယှက်လျက် ဘယ်ရောက် ဘယ်ပျောက် ဘယ်လိုရောက်လာသနည်း အထူးသိချင်နေ၏။ ပါးစပ်ဟခါရှိသေး သူသင်ပေးထားသည့်အတိုင်း ကျနော်နှုတ်ခမ်းစေ့ပြီးအပေါ် လက်ညှိုးထောင်ကာ မိုက်ကရိုဖုန်းကို ညွှန်ပြလိုက်သည်။
အသံမထွက်ရ သင်္ကေတလေ။
မောင်မောင်သီ ၅ မိနစ်၊ ပြောပြီး ထုံးစံအတိုင်း အပြင်ဘက်ထွက်ကာ အေးအေးဆေးဆေးသွားကြည့်၊ ကျနော်ပြောပြီး သတင်းထောက်များရှိရာသို့ သွားရောက်မြဲ၊ ဦးတင်ဦး လိုက်လာသော်လည်း ခပ်သုတ်သုတ်မို့ သူပြန်လှည့်သွား၏။ အဆင်ပြေနေပြီဖြစ်သော်လည်း မေးကိုမေးရမည်၊ အရေးလည်းယူရမည်။ ဘောလုံးပွဲပြီး၍ ကျနော်အပိတ်ပြောနေချိန် အောင်ဆန်းကွင်းစားသောက်ဆိုင်က ညစာလာပို့၏။ ကိုသီလည်း ဇာတ်လမ်းဆုံးဖို့ ပြန်ဝင်လာ၏။
ကျနော်က– မြန်မာ့သံအစီအစဉ်များကို ဆက်လက်နားဆင်ကြပါခင်ဗျာ ဟု ပြည်လမ်း BBS Studio သို့ပြန်လွှဲပေးလိုက်သည်နှင့် ဦးတင်ဦး၏ အသံကြီးက ပြောကြစမ်းပါဦး မင်းတို့အချိုးကဟုမေး၏။ ကိုဝင်းမြင့်က ဇာတ်လမ်းအစကိုပြောနေသည်။ ကိုစိုးဝင်းဝယ်ပို့နေကျ ကြက်လျှာစွန်း ဒံပေါက်ထုပ်ဖွင့်က ကျော်ခိုင်းစားနေသူ ကျနော့်အား ဒီလူကြီးအကြောင်းသိသားနဲ့ မင်းမို့လုပ်ရဲတယ်ကွာဟု ဆို၍၊ အစောကြီးကတည်း ရောက်နေကြပုံ ရှင်းပြပြီး ဦးတင်ဦးနဲ့ဦးမောင်မောင်ယဉ်တို့ နှစ်ယောက်သားပြောနေကြတာ နားထောင်ရင်း ကိုသီကတောင် စုံတွဲသီချင်း စပ်ချင်လာတယ်တဲ့။
ငါးရှဥ့်ချဉ်စပ်စပ်နဲ့ဘီယာရဲ့ အရသာကြောင့်ပါ ဆရာသမားရယ် ဟု ကိုသီပြော၏။
ဟေ့ ၀င်းအောင်၊ ဒီဘက်ခဏကြွပါ- ဟုဆို၍ ကျနော်လည်း ပြုံးဖြဲဖြဲမျက်နှာ ဦးတင်ဦး မမြင်အောင် ခေါင်းအောက်ငုံ့ထားကာ ပေးလာမည့်ပြစ်ဒဏ်ကိုစောင့်နေ၏။ အသံလွှင့်ချိန်နီးပြီ၊ ကျနော်တို့ ၃ ယောက် ပျောက်နေကြောင်း သတင်းပို့လျှင် ဘာအကူအညီမှမရ၊ သူသာပြစ်တင်ခံရမည်။ ယခုလိုရောက်လာကာ ပုံမှန်အတိုင်း အသံလွှင့်ပြီးသွားသည့်တိုင် ဖြုတ်-ထုတ်-ချုပ်ကြီး အကုန်လုံးကိုဆော်မည်။
အဲ— ဦးတင်ဦးပေးသည့် ပြစ်ဒဏ်ကြိမ်းဝါးသံကား သေသည့်တိုင်အရိုးစွဲသွားပါမည်။ နားထောင်ကြည့်၊ မအေပေး ၃ ယောက် နောက်တခါသွားလို့ ငါ့ကိုခေါ်မသွားရင် အသိပဲ တဲ့။
ကျနော်တို့ ၃ ယောက်က အကျီစားသန်၊ ဦးတင်ဦးတို့ ၂ ယောက် အကြီးအကျယ်သောကရောက်၊ အင်ဂျင်နီယာ ၂ ယောက်ကလည်း ဘာလုပ်မှန်းမသိဖြစ်ကြရသည့် ငါးရှည့်ဟင်းချဉ်စပ်စပ် ဇာတ်လမ်း ဤ(၇)ယောက်မှတပါး မည်သူတဦးတယောက်ကိုမှ မပြောကြခြင်းသည် ထိုစဉ်ကရှိသော အချင်းချင်းခင်မှု သို့တည်းမဟုတ် ဟိုလူကြီးကိုကြောက်၍လားဟု တွေးမိကြောင်းပါ။
(မှတ်ချက်။ ။ ဘယ်သူမှမရှိကြတော့ ကျွန်တော်သာလျှင် ယခုခေတ်လူငယ်များအား ရေးပြရန် ကျန်နေ၏)
၂၀၁၉ ခု၊ မတ်လ(၅) ရက်နေ့။