ကိုသန်းလွင် ● သစ်ပင်စိုက်သူ

March 11, 2019

 

ကိုသန်းလွင် ● သစ်ပင်စိုက်သူ
(မိုးမခ) မတ်လ ၁၁၊ ၂ဝ၁၉


(၁)
၁၉၇၂ ခုနှစ်က ကျွန်တော်သည် တစ်ပြည်လုံးစာမတတ်သူပပျောက်ရေး “အ” သုံးလုံးစီမံကိန်းအရ လုပ်အားပေးဖို့ “ကုန်း ကြီး” ဆိုသောရွာကလေးကိုရောက်သွားစဉ်ကဖြစ်ပါသည်။ ရွာသားတွေမှာ ရိုးသားကြသည်။ ကျောင်းဆရာ ဆိုသည်ကို သူတို့ရွာမှာ မပျော်လျင် ပျော်အောင် မြတ်မြတ်နိုးပြုစုကြသည်။ သူတို့ခင်မင်ယုံကြည်မှုကိုရရန် ဘာမှမကြာလိုက်ပါ။ ရက် အနည်းငယ်ကြာသည်နှင့် ငယ်ပေါင်းတွေလိုဖြစ်သွားကြသည်။

ထိုနှစ်က သင်္ကြန်ရက်မှာ ကျွန်တော်အိမ်သို့ မပြန်တော့ပါ။ ရွာမှာဘဲနေမည် ရွာနီးချုပ်စပ်ရှောက်သွားမည်ဟု ပြောမိသည်။ ထိုအခါမှ ဦးကျော်လွင်ဆိုသူ တောထဲမှာရှိကြောင်း၊ တစ်ယောက်ထဲနေခြင်းဖြစ်ကြောင်း ကြားလာရသည်။ သူနေသည့်နေရာကိုရောက်ဘူးသလားဆိုတော့ ဘယ်သူမှတိတိကျကျမသိ။ အရှေ့ဘက် ဧရာဝတီ မြစ်ကမ်းဘေးမှာလိုလို၊ မြောက်ဘက်က ဧရာဝတီမြစ်ထဲကို စီးဝင်သည့် ချောင်းအနီးမှာရှိသလိုလိုပြောကြသည်။

အမှန်က ထိုလူ၏အမည်သည် ပုံပြင်သဖွယ်ဖြစ်နေသည်။ ဦးကျော်လွင်အကြောင်းကို သေချာသိသူမရှိသော်လည်း တဖြည်း ဖြည်းနှင့် ကျွန်တော်စိတ်ဝင်စားလာပါသည်။ ထိုဦးကျော်လွင်ကို တွေ့အောင်ရှာရမည်။ တောထဲမှာ တစ်ယောက်ထဲနေ သူဆိုတော့ အခက်အခဲတွေ ဘယ်လိုဖြေရှင်းတယ်ဆိုတာကို မေးလိုသည်။

ချိန်းထားသောရက်မှာ ကျွန်တော်တို့ စခန်းချရာ သမဝါယမအရောင်းဆိုင်သို့ ကျောင်းသားတွေရောက်လာသည်မှာ တော် တော်စောပါသည်။ သူငယ်ချင်းတွေ အိပ်ရာက မထကြသေး။ ကျွန်တော်က နိုးနေပါပြီ။ သင်္ကြန် တွင်း ကျွန်တော့်ခရီးစဉ်စရမည်။ ကျွန်တော့်ကို ကိုမြူးဆိုသူက လိုက်ပို့မည်။ ထားပါတော့။ ကျွန်တော့်မှာ ခရီးသွားဖို့ အစီအစဉ်မရှိပါဘဲလျက်သွားဖို့ ဖြစ်လာတော့ ရမိရရာပစ္စည်းတွေကို စုရသည်။ ရေဗူးပါသည်။ ဦးထုပ် ပါသည်။ မုန့်ကြွပ်ထုတ်၊ အာလူးကြော်တွေပါသည်။  ကျန်တဲ့ပြဿနာတွေတော့ ဦးကျော်လွင်နှင့်တွေ့မှ ကြည့်လုပ်တာပေါ့။

ကုန်းကြီးရွာကထွက်တော့ နေရောင်ပင် ကောင်းကောင်းမလာသေးပါ။ ခဏကြာလျှင်နေပူတော့မှာမို့ စောစော ထွက်ဖို့လို သည်ဟု ကိုမြူးကပြောသည်။ ရွာအပြင်ရောက်သည်နှင့် လူသွားလမ်းကို မတွေ့ရတော့။ အနီးဆုံးရွာက “ရွာစဉ်ရွာ” ဟုခေါ် ပြီး ကျွန်တော်ရှိနေရာမှ အနောက်ဘက်ကျသည်။ ကျွန်တော်သွားမည့်နေရာသည်လူတွေ တစ်ခါမှမသွားဘူးသောနေရာဖြစ် သည်။

ကိုမြူးမှာ ကျေးရွာက သမဝါယမစာရေးဖြစ်သည်။ ကျွန်တော်က သွားချင်သည်ဆို၍သာ လိုက်လာရသည်။ သူကလည်း သွားရမည့်လမ်းကိုမသိ။ နံနက် ဆယ်နာရီလောက်မှာ နေပူရှိန်က တတ်လာသည်။ သူပြန်တော့မည်။ “ဆရာတစ်ယောက်ထဲ ဖြစ်ပါ့မလား” ဟုမေးတော့ ဤခရီးကိုသွားချင်၍ လာခဲ့ခြင်းမှန်သည် “ကျွန်တော် သုံးရက်လောက်ကြာမယ်” ဟုရွာကိုပြော လိုက်ဖို့ မှာသည်။

ခဏနေတော့ လမ်းကပိုဆိုးလာသည်။ တောင်တက်လမ်းက စလာပြီ။ နေပူလာသည်နှင့် ရေကလိုလာသည်။ ခရီးက အ ဘယ်မျှဝေးဦးမည်မသိသေး။ တချိန်ကတော့ ဒီနေရာတွေမှာ ရေစီးခဲ့ဟန်တူသည်။ သဲဖြင့်ပြည့်နေသော သဲချောင်း အချောက်တွေကို တွေ့ရသည်။ ရေကမရှိ။ တစ်နာရီ၊ နှစ်နာရီလျှောက်မိသည်နှင့် လူသူမရောက်ဖူးသောနေရာ၊ လူတို့ပြုပြင်ခြင်းမခံရသောနေရာတွေ့၏  အလယ်ကိုရောက်ရှိနေကြောင်း သတိပြုမိရသည်။ ညနေ ၅ နာရီပင်ထိုးတော့မည်။ ကိုမြူးပြန်သွားသည်မှာပင်ကြာလှပြီ။ ပထမတော့တိုင်လိုလို ခပ်မြင့်မြင့်တိုင်ကို အရိပ်သဖွယ်သာမြင်ရသည်။ အိမ်လိုလိုအဆောက်အဦးကိုဝိုးတဝါးအရိပ်ကိုသာမြင်လာရသည်။ ဘာဘဲ ပြောပြော ထိုနေရာသို့ ဦးတည်၍သာ သွားလိုက်ပါသည်။ တကယ်ကတော့ သိုးအကောင် ၃ဝ ရှိရာအရပ် ဖြစ်သည်။ ဦးကျော်လွင်ကို အားကစားဘောင်းဘီနှင့် အမှိုက်လှဲနေတာကိုတွေ့ရသည်။

သူက ကျွန်တော်ကို ရေတိုက်ပါသည်။ သူ့တွင် ရေတွင်းရှိသည်။ အလွန်နက်ပြီး တွင်းပေါ်မှာ နော်နီနော်နဲ့လုပ်ထားသော ရေငင်ပုံးရှိသည်။ ရေကကြည်ပြီး အေးနေလေသည်။ ရေဗူးကို အပြည့်ဖြည့်ရသည်။ ကျွန်တော်က “ဦးကျော်လွင်ရှိသည်ကိုသိကြောင်း” ကုန်းကြီးရွာ တရွာလုံးက ပြောနေကြကြောင်း ပြောပြသည်။

ကုန်းကြီးတွင် သူကြီးဆီကို ခဏဝင်တွေ့ခဲ့ပုံပြောပြသည်။ “နှစ်နှစ်လောက်တော့ ရှိပြီ” ဟု ပြောပါသည်။ “ကျွန်တော်ဒီမှာ နေတယ်ဆိုတာကို အသိပေးရုံဘဲ” ဟုဆိုသည်။ စကားပြောချင်ပုံမရ။ တခွန်းမေးမှ တခွန်းပြောသည်။ စကားကိုပြောတတ် သော်လည်း တစ်ဦးတစ်ယောက်နှင့်စကားမပြောရသည်မှာ ကြာလှပြီဟုထင်သည်။ ကျွန်တော်တို့သည် ဘာစကားမှ မပြော နိုင်ဘဲငိုင်နေမိသည်။ ကျွန်တော်ကတွေ့လိုသည့်အာသီသကြောင့် အရောက်လာရခြင်းဖြစ်ကြောင်းကို ရှင်းပြသည်။

“ကျွန်တော်က ထန်းပင် တစ်သိန်းလောက်စိုက်ချင်တယ်” သူ၏ရည်ရွယ်ချက်ကို ပြောပြသည်။ သူ့ခြံပတ်ဝန်းကျင် ကိုကြည့်မိ သည်။ ဝန်းထရံသေချာခပ်မထားသောစည်းရိုးတလျှောက်မှာ ထန်းပင်ပျိုးများကိုမြင်သည်။ အစီအရီစိုက်ပျိုးထားသည်မှာ စိုက်ပျိုးရေးအရာရှိကြပ်မတ်၍ စိုက်ထားသလားထင်ရသည်။ ခြံထဲမှာခွဲထားသော ထန်းသီးများကိုလည်း ပုံလျက်တွေ့ရသည်။

“အခုတော့ အခွင့်ရတိုင်းစိုက်နေတာဘဲ၊ ရွာအနီးနားဆိုတော့ လယ်ကန်သင်းတွေမှာ စိုက်ရမှာပေါ့၊ အခုရှိနေရာမှာတော့ နေရာလပ်တွေ့တိုင်း စိုက်နေတာဘဲ”

ထန်းပင်စိုက်ရန် ထန်းသီးကိုအရင်အပင်ပျိုးရသည်။ ထန်းသီးတလုံးမှာ အစေ့နှစ်စေ့၊ တစ်ခါတရံ လေးစေ့ပါ တာ တွေရှိသည်။ ထန်းဖို၊ ထန်းမဆိုပြီး နှစ်မျိုးရှိတယ်၊ ထန်းသီးမျိုးခွဲပုံတွေကိုပြောသည်။

“ထန်းပင်တစ်ပင်ကြီးလာအောင် အတော်စောင့်ရမှာဘဲနော်” ကျွန်တော်က စောတကတက်လိုသည်။ သို့သော် ဘာမှ မ ပြောလိုက်ပါ။ ထိုထန်းပင်တွေကြီးလာပါကသူ့အတွက်အကျိုးတစ်စုံတစ်ရာမပါ။ ထိုထန်းပင်များအရွယ် ရောက်ချိန်ဆို လော ကကြီးမှာ သူမရှိနိုင်ပြီ။

အခုထိကတော့ တစ်သောင်းနှစ်သောင်းစိုက်ပြီးပါပြီ။ တချိန်မှာ တစ်သိန်းပြည့်ရမယ်၊ သူကပြောမှ ပုန်းညက်ပင်၊ မဲဥာဏ်ပင်၊ ကျွန်းပင် တွေကို တွေ့သည်။ မန်းကျည်းပင်၊ တမာပင် စသည်ဖြင့် နောက်ထပ် ကျွန်တော်အမည် မဖော်တတ်သောအပင်တွေကို တွေ့သည်။ ကြည့်လေရာ မျက်စိတဆုံး စိုက်ထားသော အပင်များကိုတွေ့သည်။

ကျွန်တော်မှာ သည်ညဥ့်အိပ်ဖို့ကို မစီစဉ်ရသေး။ ယခင်ထွက်လာတုံးက သုံးရက်ခန့် တောထဲမှာသွား ဖြစ်သလိုစား၍ ဖြစ် သလိုအိပ်မည်ဟုသာ တွေးခဲ့သည်။ အခု ဦးကျော်လွင်ကို တွေ့ပြီ။

“ဒီတညတော့ဒီမှာဘဲကျွန်တော်အိပ်ရမယ်ထင်တယ်” အားနာနာနှင့်ပြောရသည်။ အိမ်ထဲကိုကြည့်တော့ အိပ်ရာက တစ်ခု ဘဲရှိသည်။ ဒါက အရေးမကြီး အမိုးအကာတွေအောက်မှာအိပ်ရလျင်တော်ပြီ။ သူက လှိုက်လှိုက်လှဲလှဲ အိပ်ဖို့ကိုဖိတ်ခေါ်ပါ သည်။ ဦးကျော်လွင်ကိုကြည့်ရသည်မှာရောက်စကတော့ မသင်ကာသောမျက်လုံးတွေနှင့် ကြည့်သည်။ တဖြည်းဖြည်းနှင့် ဗဟုသုတရှာဖွေသူတစ်ယောက်ဟု သဘောပေါက်သွားပုံရသည်။

ကျွန်တော်က ကျွန်တော်ဖတ်ဖူးသော အမေရိကားမှာ ဟင်နရီ သိုးရူး (Henry David Thoreau) အကြောင်းကို ပြောပြရ ပါသည်။ ရေကန်ဘေး တောထဲမှာကေဘင်တလုံးနှင့် နှစ်နှစ်ကြာအောင် တစ်ဦးထဲနေခဲ့သူတဦးဖြစ်သည်။ “သူက တစ် ယောက်ထဲနေရတာ စဉ်းစားကြည့်လေလေ ပျော်စရာကောင်းလေပါဘဲ၊ ကိုယ်ခန္ဓာမှာရှိတဲ့ အပေါက်ကလေးတွေကအစ ပျော်ရွှင်မှုဟာ စီးထွက်နေတယ်” ဟုပြောဘူးသည်။

အခု သိုးရူးနှင့်တူသူတစ်ယောက်နှင့်တွေ့နေရပြီ။ “သူ့လိုဘဲဘေးမှာအကူအညီမပါဘဲ တစ်ယောက်ထဲနေခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရှိလို့လဲ” ဟုမေးမိပါသည်။

“ကျွန်တော် တစ်ယောက်ထဲနေတာမဟုတ်ပါဘူး။ ဟိုဘက် ၅ မိုင်လောက်မှာ အိမ်ခြေလေး ငါးလုံးရှိတယ်။ ဒီလိုဘဲ သူတို့က တော့ ပြောင်းတွေစိုက်လယ်တွေစိုက်နေကြတာဘဲ။ သူတို့က မြို့နဲ့ အဆက်အသွယ်ရှိကြတယ်။ အဓိက မီးသွေးဖုတ်ကြ တာပေါ့။ မီးသွေးကိုပို့ရင် မြို့ကိုရောက်တာဘဲ သူတို့နဲ့လိုတဲ့ ပစ္စည်းတွေမှာရတယ်”

အပြင်ကလူတွေက မနှောင့်ယှက်ကြကြောင်းပြောသည်။ စားဖို့ကို သူတို့ဆီကရတယ်၊ သိုးတွေအတွက် စားဖို့ကလည်း လို သေးတာကိုး၊ သူက သူ့ဂိုဒေါင်ကိုပြသည်။ စားစရာအလုံအလောက်တွေ့ရသည်။

အပြင်ကိုထွက်သွားပြီး ခဏကြာမှ ပြန်၍လာသည်။ အိပ်တစ်အိပ်ပါလာသည်။ အိပ်ကိုသွန်ချလိုက်သောအခါ (Acorns) စေ့များပါလာသည်။ အရွယ်စား အကြီးအသေး အမျိုးမျိုးတွေ့ရသည်။ ထိုအထဲမှ ကောင်းသော အစေ့ကို ရွေးချယ်ရသည်။ ကျွန်တော်ကူလုပ်ပေးရမလား မေးသောအခါ “ဒါလုပ်နေကျအလုပ်တွေပါ” ဟုပြောသည်။

နောက်တနေ့ နံနက်စောစော သစ်ပင်စိုက်ဖို့ ကျွန်တော်တို့ထွက်ခဲ့ကြသည်။ သံတူရွင်းတခုပါသည်။ ခွေး လည်း ပါလာသည်။ တောင်စောင်းပေါ်ရောက်သောအခါ တောင်စောင်းတစ်လျှောက် သံတူရွင်းဖြင့် တူးသည်။ ပြီးမှ မနေ့ကရွေးထားသော သူ့ အစေ့တွေကို စိုက်သည်။ ဝက်သစ်ချပင် ဒီအရပ်မှာ စိုက်လို့ရမလားလို့စမ်းကြည့်တာပါဟု ဆိုသည်။ အပင်တွေပေါက်လာ ရင်တော့ အရိပ်ရမှာဘဲဟု ပြောသည်။

“ဒီမြေကြီးက ဦးကျော်လွင်ပိုင်တာလား” ဆိုတော့ “မပိုင်ပါဘူး” ဟုပြောသည်။ “ပိုင်ရှင်ရှိမှာကိုရော၊ နှောင့်ယှက်မှာကိုရော မစိုးရိမ်ဘူးလား” ဆိုတော့ သူ့အကြည့်မှာ မမေးသင့် မမေးထိုက်သော မေးခွန်းကို မေးလိုက်သလို အကြည့်နှင့် ကြည့်သည်။ ကျွန်တော် ငြိမ်နေလိုက်ရပါသည်။

နေ့လည်စာကတော့ ထမင်းနှင့် ကန်ဇွန်းရွက်ကြော်ဖြစ်သည်။ နေ့လည်စာ စားပြီးသောအခါ သစ်ပင်စိုက်ခြင်းအလုပ်ကို ဆက်လုပ်ပါသည်။ သူသည်လွန်ခဲ့သော ၃ နှစ်ခန့်ကစ၍ သစ်ပင်တွေစိုက်ခဲ့ကြောင်း ထန်းပင်ကတော့ အစွဲပေါ့လေ။ တခြား အပင်တွေလည်းအများကြီးဘဲ စုစုပေါင်းတစ်သိန်းလောက်ရှိမယ်။ ဒီအထဲမှ တစ်သောင်း နှစ်သောင်းတော့ ပေါက်ရမှာ ပေါ့ဟုပြောသည်။

စိုက်သောအစေ့တိုင်းအပင်ဖြစ်မလာ။ ကြွက်နှင့် အခြားသတ္တဝါတွေကလည်း စားကြသည်။ သို့သော် အခြား ဘာပင်မှမစိုက်ပျိုး ခဲ့တဲ့နေရာမှာ စိုက်ရတဲ့အတွက် ပေါက်လာရင်တော့ အမြတ်ဘဲဟုပြောသည်။

ထိုအချိန်မှာသူ့အသက်ကို ဘယ်လောက်ရှိမလဲဟု ချိန်ဆကြည့်ပါသည်။ သူသည် အသက် ၅ဝ ကျော် ၆ဝ အနီးရှိတော့မည်။ သူ့တွင် ဇနီးရှိသည်။ သားကလေးတစ်ယောက်မွေးဖွားပြီး သားမှာကွယ်လွန်သွားခဲ့သည်။ ဇနီးကလည်းမရှိတော့ပြီ။ ကျောင်း ဆရာလုပ်ခဲ့ဖူးသည်။ အထက်တန်းပြဆရာ အသက်အရွယ်ရလာသည်နှင့်အမျှ တစ်ယောက်ထဲနေချင်လာသောကြောင့် ပြင်ပလောကကြီးကို စွန့်ခွာခဲ့သည်။ သူက “အသက် ၇၅ နှစ်လောက်ဘဲနေချင်တာ” ဟုပြောသည်။ အခုအထိ တစ် ယောက်ထဲနေဘို့ ဘာမှအခက်အခဲမရှိပါဘူးဟု ပြောသည်။ သူကကြံ့ခိုင်တုန်း၊ ဖြတ်ဖြတ်လတ်လတ် တက်တက်ကြွကြွ ရှိတုန်းဖြစ်ပါသည်။

နောက်တစ်နေ့တွင် ကျွန်တော်ပြန်လာခဲ့ပါသည်။

(၂)
နောက်ရန်ကုန်ပြန်ရောက်၊ စက်မှုတက္ကသိုလ်တွင်ကျောင်းတက်၊ နောက်ထပ် ၅ နှစ်လောက်မအားခဲ့ပါ။ ကျွန်တော် အခွင့် အရေးရရင်တော့ ပြန်သွားချင်သည်။ “အ” သုံးလုံးတုန်းကတပည့်တွေနှင့်လည်းတွေ့ချင်သည်။  ဦးကျော်လွင် ကိုတွေ့ဖို့ လည်းပါသည်။ သစ်ပင်စိုက်ခြင်းကို သူ့ဘဝတစ်သတ်တာလုံး၏ ရည်ရွယ်ချက်အဖြစ် ထားခဲ့သူ။ ကျောင်းမှာ စဉ်းစားကြည့် တော့လည်း သစ်ပင်စိုက်ခြင်းမှာ ဘာမှအရေးမကြီးသလို ခံစားရပါသည်။ ကျွန်တော်သည် တခြားဝါသနာများကို လိုက်စား ရင်း သစ်ပင်စိုက်ခြင်းကို မေ့လျော့ထားခဲ့မိပါသည်။

အခွင့်အရေးရသည်နှင့်ဦးကျော်လွင်ရှိရာနေရာသို့ ကျွန်တော်အရောက်လာရပါသည်။ မြေနှင့်နေရာသည်ပြောင်း လဲမှုမရှိပါ။ ဟိုအဝေးမှ မျှော်ကြည့်တော့မဲပြာရောင်ကောင်းကင်ကြီးကတောင်တွေကိုကော်ဇောတစ်ချပ်သဘွယ် ရံအုပ်ထားသလိုမြင်ရ သည်။ ဦးကျော်လွင်မှာသိုးအုပ်လည်းမရှိတော့ပြီ။ သုံးလေးကောင်သာကျန်သည်။ သိုးများမှာ သူ့သစ်ပင်များကို နှောင့်ယှက်ဟန်တူသည်။ ထိုငါးနှစ်တာကာလအတွင်းကမ္ဘာကြီးကသူ့ကိုအနှောင့်အယှက် ပေးဟန်မတူ။ သူကလည်း သူ့ဘဝကိုသူ ထိန်းကျောင်း၍နေရသည်။

ဝက်သစ်ချပင် ငါးနှစ်သားအရွယ်လေးတွေပေါက်နေတာကို တွေ့ရသည်။ ကျွန်တော်တို့သည် တစ်နေကုန် သူစိုက်ထားသော သစ်ပင်များအကြားတွင် ရှောက်ကြည့်ကြသည်။ ဤသစ်ပင်များသည် လူတစ်ယောက်ထဲ၏ လက်ကပေါက်ဖွားလာ ကြခြင်းဖြစ်သည်။ စက်မှုပညာ၏ စွမ်းအားမပါ။ သူ၏စွမ်းဆောင်ရည်နှင့်လုပ်အား၏အသီး အပွင့် ကိုပေါက်နေသော သစ်ပင် များတွင် မြင်ရသည်။

ထူးခြားသည်မှာ စမ်းချောင်းတွေထဲတွင် ရေစီးနေခြင်းပင် သစ်ပင်၏အရိပ်များကြောင့် ရေများပေါ်လာခြင်းဖြစ်ပါ သည်။ ဤသည်မှာ သစ်ပင်များကြောင့်မြေစီမြေသွေးပြောင်းလဲသွားရခြင်းဖြစ်သည်။ သစ်ပင်အုပ်အုပ်သစ်တော ညို့ညို့ကိုတွေ့နေရ သည်။ တစ်ချိန်တုန်းက သဲချောင်းလေးသာ ဖြစ်ခဲ့ရသော နေရာများတွင် ရေပြန်စီးလာ နေ သည်ကို တွေ့ရသည်။ သစ်ပင်ရှိတော့ရေနေတာတော့မှန်ပါတယ်။ “ဒါပေမဲ့ ဒီရေတွေဘယ်လိုစီးလာသလဲ ဆိုတာတော့ ရှင်းမပြတတ်ဖူး”

လေကလည်း သစ်ပင်များပြန့်ပွားခြင်းကို အကူအညီပေးပါသည်။ ရေကပြန်ပေါ်လာသည်။ ထို့အတူသစ်ပင် ငယ် ပန်းပင် ငယ်ကလေးများ ဖြစ်ပေါ်လာကြသည်။ အဖြစ်အပျက်မှာ တဖြည်းဖြည်းချင်း အချိန်ယူသောကြောင့်အ ပြောင်း အလဲကို ချက်ချင်း မသိနိုင်ခြင်းသာဖြစ်သည်။

(၃)
၁၉၇၇ မှာသစ်တောအရာရှိတစ်ယောက် ဦးကျော်လွင် ထံသို့ ရောက်ရှိလာသည်။ တောထဲမှာလူတွေက မီးသွေး ဖုတ်နေကြတာတွေ တရားမဝင်ကြောင်း၊ မလုပ်ကြဖို့ လာရောက်သတိပေးတာဖြစ်ပါသည်။ မီးကို အပြင်မှာ မရှို့ ဖို့ပြောသည်။ မီးသွေးက လူတိုင်းဖုတ်နေကြသည်၊ သည်ဘက်ပိုင်းကို မရောက်လာခြင်းမှာ လမ်းပမ်းဆက်သွယ် ရေးခက်ခဲသောကြောင့်သာဖြစ်သည်။ သူကသစ်တောကြီးတစ်ခုလုံးရုတ်တရက်ပေါက်လာတယ်ဆိုတာ မဖြစ်နိုင် ပါဘူးဟု ပြောသွားသည်။ ပြောသာပြောသွားသော်လည်း တကယ့်သစ်တောကြီးကိုတွေ့နေရသည်မှာသူ့ မျက် မြင် ပင်ဖြစ်သည်။ ဦးကျော်လွင်ကအဝေးဆုံးနေရာမှာ သစ်ပင်စိုက်ဖို့ ပြင်ဆင်နေချိန်ဖြစ်သည်။ ၁၂ ကီလိုမီတာ လောက်ဝေးသည်။ ထိုစဉ်ကခရီးကိုအဝေးကြီးသွားလိုက်ပြန်လိုက်ဖြစ်နေမှာမို့ သစ်လုံးဆောင်တစ်ခု ဆောက်ရန် ပြင်ဆင်နေချိန်ဖြစ်သည်။ နောက်နှစ်မှာထိုတဲကလေးကို အပြီးသတ်နိုင်ခဲ့သည်ဟုဆိုသည်။

၁၉၇၉ ခုနှစ်မှာ သစ်တောဌာနက လေ့လာရေးအဖွဲ့ ရောက်လာသည်။ မြင်သူတိုင်းက သူ၏သစ်တောအုပ်ကို အံ့သြနေကြသည်။ ပြောကြ၊ ဆိုကြ၊ ဘာလုပ်မည် ဘာကိုင်မည်တွေ တသီကြီးပြောကြပြီး ဘာမှ မလုပ်ဖြစ်လိုက် ကြပါ။ ဦးကျော်လွင် အဖို့ကတော့ ပြင်ပမှအနှောင့်အယှက်အပေးမခံရတာ အကောင်းဆုံးဘဲဖြစ်သည်။

ထိုသစ်တောအဖွဲ့ထဲမှာ ကျွန်တော်တို့မြို့ကလူတွေပါလာသည်။ သူ့ကို ကျွန်တော်က အရင်ကအခြေအနေနှင့် လက်တွေ့အခြေအနေတို့ကို ရှင်းပြပါသည်။ ရေမရှိသော လွင်ထီးခေါင်နေရာမှာ မန်းကျည်းပင်တွေ အုပ်ဆိုင်း နေသော နေရာ၊ ထန်းပင်တွေက တစီတတန်းကြီး စိုက်ပျိုးထားရာကိုပြရသည်။ ဝက်သစ်ချပင်ဆိုသည်မှာ ဤ အရပ်မှာမပေါက်နိုင်ဘူးဆိုရာ ပေါက်လာပုံတို့ကို အသေးစိတ်ရှင်းပြရပါသည်။

ကျွန်တော်ယူလာသော ကြက်ဥတွေကို ဦးကျော်လွင်စားဖို့ပေးပြီးသည့်နောက် စားပွဲဝိုင်းမှာ ထိုင်မိကြသည်။ တောင်ကုန်းတလျှောက် သစ်ပင်တွေ အမြင့် ၂ဝပေ ၂၅ပေခန့် ရှိပါလိမ့်မည်။ ကျွန်တော့်သူငယ်ချင်းမှာလည်း ငြိမ်းချမ်းသောဘဝ၊ အမြဲတစေ အလုပ်နှင့် လက်နဲ့မပျက် တစိုက်မတ်မတ်အလုပ်လုပ်သူ၊ သန့်ရှင်းစင်ကြယ် သောလေ ရှုရှိုက်ပြီး ကျန်းမာနေသော ထိုအဘိုး၏ဘဝကိုသုံးသပ်မိပြီထင်ပါသည်။ ကျွန်တော်ကမူ ဘယ်နှစ် ဧကလောက်များထပ်ပြီး အပင်တွေစိုက်ဦးမှာလဲဟု တွေးနေမိသည်။

ကျွန်တော်သူငယ်ချင်းသစ်တောအရာရှိက ဤမြေ ဤရေ ဤရာသီတွေနှင့်လိုက်မည့် စိုက်သင့်သော အပင်များ ကို အကြံပေးပါသည်။ သူကအကြံပေးသည်ဆိုသော်လည်း ငြင်ငြင်သာသာ သာပြောပါသည်။  ဤအဘိုးအိုကို အားအင်သုံး၍ အကြံ ပေး၍မရပါ။ သူက “သူတို့ထက်ပိုပြီးဒီဒေသအကြောင်းသိတာပေါ့” ဟု ပြောသည်။

ဤသစ်တောအရာရှိ၏ကျေးဇူးကြောင့် ဦးကျော်လွင်မှာ ဤဒေသ ဤနေရာဝယ် တရားဝင်နေထိုင်ခွင့်၊ တရားဝင် သစ်ပင်စိုက်ပျိုးခွင့်တို့ကို ရရှိသွားသည်ထင်ပါသည်။ သူက ဤဧရိယာကို သစ်တောဌာနက အကာအကွယ် ဧရိယာ အဖြစ်ပြောင်းလဲပစ်မည်ဖြစ်ကြောင်းပြောပါသည်။ “ဒါဘာသဘောလဲ” ဟုမေးသောအခါ “ဦးကျော်လွင် အဖို့ ဘာမှမပြောင်းပါဘူး” ဟုသာ ပြောပါသည်။

ဦးကျော်လွင်ကို နောက်ဆုံး ၂ဝဝ၅ခုနှစ်တွင် ကျွန်တော်တွေ့လိုက် ရပါသည်။ သူ့အသက် ၈၇နှစ်ရှိပြီ။ ထိုအချိန် မှာ မြေပြင်အနေအထားမှာအပြောင်းအလဲအများကြီးတွေ့ရပါသည်။ လေထုကစ၍ပြောင်းလဲသည်။ လေကြောင့် ရေငွေ့မပါသော လေချောက်များသာ တိုက်ခိုက်ရာမှ ရေငွေ့အပြည့်ပါသော လေအေးအေးလေး တိုက်ခိုက်နေ သည်။ တကယ်လေတိုက်တော့ တောတောင်များက ရေသံတွေပါကြားရသည်။ သစ်တောကိုဖြတ်တိုက်လာသော လေဖြစ်ပါသည်။ တကယ်အံ့သြစရာကောင်းသည်မှာ ရေကန်ကဲ့သို့ ရေစီးကျသံလို ကြားရခြင်းဖြစ်ပါ သည်။

သစ်ပင်အသီးအရွက်တို့ဖြင့် မြေပြင်တခုလုံးစိမ်းစိုနေသည်။ ဆလပ်ရွက်များ၊ နှင်းဆီပန်းများ၊ ကြက်သွန်ပန်းခင်း များ၊ မုံလာထုပ်များကို တွေ့နေရသည်။ ထိုသို့ပြောင်းလဲသောကာလမှာဘာမှမကြာလိုက်ပါ။ ဤနေရာ သည် ယခင်ကလွင်တီးခေါင်ဖြစ်သည်။ ကြပ်တီးကုန်းနေရာဖြစ်သည်။ ယခုလိုစိမ်းစိမ်းစိုစိုတွေ့ရတော့ရင်ထဲမှာချမ်းမြေ့ ခြင်းဖြစ်မိသည်။

ဤနေရာလေးကိုတစစ တဖြည်းဖြည်းတည်ဆောက်ခဲ့ကြခြင်းဖြစ်ပါသည်။ မြို့မှာ လူများကလည်း သစ်ပင်စိုက် ပျိုး၍ ဖြစ်ထွန်းသော ဤနေရာကို ကြိုက်၍လာကြသည်။ တဖြည်းဖြည်းနှင့် မြို့မှာ မြေဈေးကြီးလာသည်။ မြေက ရှားလာသည်။ လမ်းတစ်လျှောက် မိန်းမ ယောက်ျား လူကြီးလူငယ်များကို ရယ်ရယ်မောမော စကားတပြော ပြောနှင့် သွားကြလာကြပျော်ရွှင် နေတာကိုမြင်သည်။

ဤနေရာကိုလူတစ်ယောက်ထဲကသူ၏ရုပ်ခန္ဓာနှင့်စိတ်ဓာတ်အင်အားတခုတည်းကိုသာအသုံးချ၍ တည်ဆောက် ခဲ့ခြင်းဖြစ် ပါသည်။ လွင်တီးခေါင်ကြပ်တီးကုန်းမြေဟာ စိမ်းလန်းစိုပြေသော နေချင်စဖွယ်ကောင်း သော နေရာ လေးဖြစ်လာ ရပါသည်။ အရင်က လူတစ်ယောက်မှမရှိရာမှ အခုဆိုလျှင်လူပေါင်းတစ်သောင်းကျော်မျှ အေးအေး ချမ်းချမ်း နေလို့ရပါပြီ။ သူတို့သည် အဖိုးအို ဦးကျော်လွင် ကျေးဇူးကို မေ့နိုင်ကြမည်မဟုတ်ပါ။

လောကတွင်အရာခပ်သိမ်း ဆိုးရွားပါစေ လူသားတို့၏ အပြုအမှုများမှာ ခင်မင်လေးစားဖွယ်ပင်ဖြစ်ပါသည်။ ဤ ကဲ့သို့ သောအခြေအနေရောက်အောင် ကြိုးစားနိုင်ခဲ့သော လူ၏စိတ်ဓာတ်၊ မဖြစ်မနေကြိုးစားဆောင်ရွက်သော စိတ်ဓာတ် တို့ကြောင့် ဤအောင်မြင်မှုကို ရရှိခြဲ့ခင်းဖြစ်ပါသည်။

ဦးကျော်လွင်သည် ၂ဝဝ၇ ခုနှစ်တွင် ခင်ဦးဆေးရုံ၌ အေးချမ်းစွာကွယ်လွန်သွားပါသည်။

ကိုသန်းလွင်
Ref: The man who planted trees, Jean Giono


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

Comments are closed.

Archives