ခိုင်မာကျော်ဇော ခေတ်ပြိုင်အတွေ့အကြုံ

ခိုင်မာကျော်ဇော – ရပ်အကြောင်း ရွာအကြောင်း – ၎

Khaing Mar Kyaw Zaw


ခိုင်မာကျော်ဇော – ရပ်အကြောင်း ရွာအကြောင်း – ၎

(မိုးမခ) မတ် ၇၊ ၂၀၁၉

နေ့ လည်ခင်း ရွာထဲ လျှောက်တော့ မူလွန်ကျောင်းလေး အနားကို ရောက်တယ်။

သွပ်မိုး အုတ်ကာ ရှည်မျောမျောသဏ္ဍာန် ကျောင်းဆောင် (၂)ဆောင်ရှိပြီး တဆောင်က သူငယ်တန်းကနေ (၄)တန်း၊ တဆောင်က (၅)တန်းကနေ (၇)တန်းဆိုပြီး ခွဲထားတယ်။

အုတ်နံရံတ၀က် သံဇကာတ၀က် ကာရံထားတဲ့ မူလတန်း ကျောင်းဆောင်ထဲကို အပြင်ကနေ လှမ်းကြည့်လိုက်တော့ ကျောင်းသူ ကျောင်းသားလေးတွေဟာ အိုင်ကြီးတအိုင်ထဲမှာ ရေငတ်လို့  အသံကုန်အော်နေတဲ့ ဖားကလေးတွေလိုပါဘဲ

နွေနေကလည်း အတိုင်းအဆမဲ့အောင်ပူ၊ သွပ်မိုးကလည်း ကျွတ်ကျွတ်ဆတ်အောင်ပူ အပူနှစ်ထပ်အောက်မှာ စာအံ စာရွတ်နေကြတဲ့ ကလေးတွေဟာ ချွေးဒီးဒီးယိုစီးလို့ ။

သူတို့ လေးတွေကို ကြည့်ပြီး ဟိုနေ့ က ရွာသူ ရွာသားတွေ ပြောပြကြတဲ့ “ရွာကကျောင်းကလေးကို ကောင်းအောင်လုပ်ပေးရင်” ဆိုတဲ့ စကားကို ပြေးသတိရလိုက်တယ်။

တတန်းနဲ့ တတန်း အကာအရံ အတားအဆီးမရှိ ၊ နံရံ ဟိုဘက်ဒီဘက် ကပ်ရိုက်ထားတဲ့ သင်ပုန်းကြီးတွေကို ကြည့်ပြီးတော့ဘဲ ဒီ သင်ပုန်းကြီးနဲ့  ဒီအတန်းလို့  အပြင်ကနေ ခန့် မှန်းလို့ ရခဲ့တယ်။

ဒီကျောင်းဆောင်ထဲမှာ သူငယ်တန်း ကျောင်းသားလေးတွေကတော့ နယ်စည်းမခြား ကျောင်းသားများပေါ့။ သနပ်ခါး ကွက်တိကွက်ကြားလေးတွေနဲ့  ရေအိုးစင်ရှိရာကို ပြေးသွားလိုက်၊ အကိုတွေ အမတွေရှိရာ အတန်းတွေကို ကူးချည်သန်းချည်လုပ်လိုက်၊ တယောက်နဲ့ တယာက် နောက်ပြောင်ဆော့ကစား ပြေးလွှားလိုက်နဲ့  နယ်စည်းမခြား ကျောင်းသားများဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းလို့ ပေါ့။

ဧည့်သည်တွေကို မြင်တော့ ဆရာ၊ ဆရာမတွေက ရိုးရာအတိုင်း ပညာပြတယ်။
သင်ပုန်ကြီးတွေကို ကြိမ်လုံးကြီးတွေ တဘုန်းဘုန်းရိုက်ပြီး
“ ကလေးတွေ ကိုယ့်အတန်းနဲ့ ကိုယ်နေ၊ ကိုယ့်စာ ကိုယ်စာကိုယ်လုပ်ကြ” တဲ့။

ကြိမ်သံကြားတော့ ကလေးတွေဟာ ခဏတော့ ငြိမ်ကျသွားတယ်။ နောက်တော့ ဖားကလေးတွေရဲ့  အော်သံဟာ အရင်ထက် (၂)ဆ ပိုညံလာတော့တာဘဲ။

ဖုန်ထူထူ နေပူပူ အသံဆူဆူ ကျောင်းလေးနားက မြန်မြန်ဘဲ ပြန်ခဲ့ရပါတယ်။ ကြာကြာနေရင် ကလေးတွေ လည်ချောင်းကွဲရင် ကွဲ၊ မကွဲရင် ကိုယ်တွေ နားစည်ကွဲမဲ့ ကိန်းပါ။

အိမ်တအိမ်မှာ တထောက်နားတော့ ဒီရွာ ဒီကျောင်းက လူချွန်လူကောင်းလေးတွေများ မထွက်ဘူးလားလို့  မေးကြည့်တယ်။

မထွက်ဘဲ နေပါ့မလားတဲ့။ ဘယ်သူ့ သား ဘယ်သူ့ သမီး ဘယ်နှစ်ယောက် ဘွဲ့ တွေရ ၊ ဘယ်သူတွေကတော့ ကျောင်းဆရာ၊ ဆရာမဖြစ်၊ ဘယ်သူကတော့ဖြင့် ဆေးဆရာမဖြစ်ဆိုတဲ့ သတင်းကောင်းလေးတော့ ကြားရတယ်။

အဲ့ဒီ ဘွဲ့ ရတွေ အခုရွာမှာ တာဝန်တွေ ထမ်းဆောင်နေကြတာပေါ့လေ လို့  အားတက်သရောမေးတော့ …

အဲ့ဒီလို ဖြစ်ရင်တော့ ကောင်းတာပေါ့တဲ့။ အခုတော့ မိဘကတွေကလည်း သားသမီးတွေကိုမျှော်၊ သားသမီးတွေကလည်း မိဘတွေကိုမျှော်နဲ့  မျှော်တော်ရောင်တွေ ဖြစ်နေကြတယ်တဲ့။

တကယ်တန်းကတော့ ရွာကလေးက အလယ်တန်းကျောင်းလေးဖြစ်လာတာ (၄-၅) နှစ်လောက်ဘဲ ရှိသေးတာပါ၊

ရွာက မူလတန်းအောင် ကလေးတွေ အလယ်တန်း၊ အထက်တန်းဆက်တက်ဖို့  ဆိုတာ မဟာအခက်အခဲကြီး တခုဆိုတာ ကိုယ်တွေလည်း သိပါတယ်။

ရွာလေးနဲ့ အနီးစပ်ဆုံး တိုက်နယ်မြို့ ကလေးက အထက်တန်းကျောင်းမှာ ကျောင်းသွားနေဖို့ ဆိုတာ ကလေးတွေရော မိဘတွေအတွက်ပါ အတော်လေး စွန့်  လွှတ် စွန့် စားရတဲ့ အလုပ်တခုပါ၊

ရွာနဲ့ အထက်တန်းကျောင်းရှိရာက အတော်လေး အလှမ်းဝေးတော့ အသွားအပြန် ကျောင်းတက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဒီတော့ မိဘတွေမှာ ကိုယ့်သားသမီး ကျောင်းထားဖို့ အတွက် မြို့ ကလေးမှာ အသိမိတ်ဆွေ ရှာရပါတယ်။ နီးစပ်ရာ အသိအိမ်တွေမှာ သားသမီးတွေကို ထား၊ လိုအပ်တဲ့ ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်တွေကို လစဉ်ထောက်ပံ့ရတာပါ၊

ထောက်ပံ့စရိတ်တွေက အလယ်တန်းကျောင်းသား အဆင့်မှာ မသိသာပေမဲ့ အတန်းကြီးလာလေ စရိတ်တွေက ကြီးလာလေ …

သူတို့ ရွာက ကလေးတယောက် ဘွဲ့ ရ အလုပ်ရဖို့ အတွက် မိဘတွေဟာ (၈)တန်းမှာ ကွမ်းခြံ တခြံရောင်း။
(၉)တန်းမှာထဲက တောင်ထန်းခြံ တခြံရောင်း၊ (၁၀)တန်းမှာ ဒညင်းခြံ တခြံရောင်း။ ဘွဲ့ ရဖို့ အတွက် အတွင်းပစ္စည်းလေးတွေရောင်း၊  ဘွဲ့ ရပြီး အလုပ်ရဖို့  အလုပ်လျှောက်ကြတော့လည်း ရှိတာအကုန် ရောင်းချ အလုပ်ရအောင် လုပ်ပေးခဲ့ရတယ်လို့  ဆိုပါတယ်။

အလုပ်ရတော့ တာဝန်ကျရာပေါ့၊ ကိုယ့်ရွာ ကိုယ့်ဒေသဘက်ကို တာဝန်ပြန်ကျဖို့ ဆိုတာက ၁၅ သိန်း၊ သိန်း ၂၀ ထပ်ကုန်ရဦးမှာတဲ့။

ချုပ်လိုက်ရင်တော့ ရွာလေးက ရွာဘွဲ့ ရ ပညာတတ်လူငယ်တွေ ရွာနား ပြန်မကပ်နိုင်သေးတာ ပေးစရာ ကုန်စရာမရှိတော့လို့  ပြန်မရောက်နိုင်ကြသေးတာလို့  နားလည် လိုက်ရပါတယ်။

မိဘတွေကလည်း ကုန်မှ ဖြစ်မယ်ဆိုတာသိပေမဲ့ ကုန်ဖို့ မရှိတော့ သားသမီးတွေကလည်း ပေးမှဖြစ်မယ်ဆိုတာ သိပေမဲ့ ပေးဖို့  မစုနိုင်တဲ့ အခြေအနေ။

အခုတော့ မိဘတွေက သားသမီးတွေကို မျှော်၊ သားသမီးတွေကလည်း မိဘတွေကို မျှော်၊ ရွာလေးကတော့ ရွာသူရွာသား ပညာတတ်တွေကို မျှော်လို့ ပေါ့…..။

ခိုင်မာကျော်ဇော
မတ်လ ၂၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts