သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၄)

March 4, 2019

သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၄)
(မိုးမခ) မတ်လ ၄၊ ၂ဝ၁၉


(၂) နာရီ လောက်အနှိပ်ခံလိုက်ရတော့ လူက ပေါ့ပါးလန်းဆန်းလာတယ်။ ညစာမစားခင်မှီဝဲလာတဲ့ ယမကာတန်ခိုးလည်း ဘယ်ရောက်သွားမှန်းမသိတော့။  ကဲ….. ကာရာအိုကေသွားကြမယ်တဲ့။ တောသားမြို့ရောက်ဆိုတော့ ရန်ကုန်သားလူလည် နှစ်ယောက်က မြို့အနှံ့လိုက်ပို့ပြီး တွေ့လား ဒို့ရန်ကုန်လည်း မခေပါဘူးဆိုတာ ပြချင်ဟန်တူပါတယ်။ “မျက်စိလည်လေ ဆန်ရလေ” ဖိုးသူတော်ထုံး နှလုံးပိုက်ပြီး သူတို့ခေါ်ရာလိုက်ခဲ့ပါတယ်။

သူတို့နဲ့ မစိမ်းတဲ့ ဆိုင်ထင်ပါရဲ့။ ဆိုင်က ဧည့်ကြိုးလေးတွေ ပျာယာခတ်ကြိုဆိုကြပါတယ်။ စားစရာသောက်စရာတွေမှာပြီး မကြာခင်မှာပဲ ဖိုသတ္တဝါ သုံးယောက်ကြား မသတ္တဝါတွေဝင်ရောက်နေရာယူကြပါတယ်။ ဖျပ်ခနဲ တချက်အကဲခပ်ကြည်တော့ ရုပ်တွေက လွမ်းလောက်စရာမရှိပေမယ့် ဖိုသတ္တဝါ ရာဂဘီလူးတွေရဲ့အိတ်ကပ်ထဲက ဖွတ်ကလိ ဒင်္ဂါးထွက်လာဖို့ အတတ်နိုင် ဆုံး (sexy) ဖြစ်ဖို့ကလည်းလိုသေးသကိုး။ တချို့က စကပ်တိုတို တချို့ကဘောင်းဘီတိုတို။ ဒီလိုနေရာမျိုးမှာ ဘီးစပတ်နဲ့ ထိုင် မသိမ်းဝတ်လို့ ဘယ်အဆင်ပြေပါ့မလဲ။ ဘီယာလေးဘာလေးသောက်ပြီး ကိုယ်ငယ်ငယ်က အသည်းစွဲခဲ့ရတဲ့ ကိုသန်း လှိုင်တို့ သန်းဖေလေးတို့သီချင်းလေး တပုဒ် နှစ်ပုဒ်လောက်ဟဲလိုက်ရရင် အခုဘေးမှာထိုင်နေတဲ့ နှုတ်ခမ်းနီရဲရဲ ပန်းနီရဲရဲတွေ ကျွန်တော့်အတွက်မလိုပါဘူး။ သူတို့အလုပ်ရဲ့ထုံးစံထင်ပါရဲ့။ ညစာပြီးခဲ့ပြီမို့ ဘာမှဟုတ်တိပတ်တိမစားနိုင်ပေမယ့် စားစရာ တွင်တွင်မှာပြီး တော်တော်လည်းသောက်နိုင်ကြတဲ့မိန်းကလေးတွေပါ။ ဘီယာလောကက်တော့ ပျင်းတောင်ပျင်းသေးဆိုပဲ။

တဆောင်းသစ်ပြန်ပြီ။ ငယ်ငယ်က ပါးစပ်ကမချခဲ့တဲ့သီချင်း၊ ပြီးတော့ “မလွမ်း ဘယ်သူနေပါ့မယ်”။ အဲဒီ သီချင်းတွေကြား ဖူးလားမေးတော့ ကလေးမလေးတွေခေါင်းရမ်းတယ်။ အရှိန်လေးနည်းနည်းရလာတော့ ခေတ်ဟောင်းဟဲချင်တဲ့စိတ်က ကြွလာတယ်။ ဒါနဲ့ ပြည်လှဖေရှာပေးစမ်း၊ ဦးဘညွန့်ရှာပေးစမ်းပြောမိတော့ သူတို့ခမျာမျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ဒီလူကြီး ဘာတွေလာပြောနေပါလိမ့်ပေါ့။ ပြည်လှဖေလည်း မရှိဘူး၊ လက်ပတန်းလှဖေလည်း မသိဘူးတဲ့။ ပြတ်ကရော။ တအောင့်လောက်ကြာတော့ ဇော်မင်းဦးက အရက်တစက်မှမသောက်ပဲ ရေသောက်ပြီး သီချင်းတပုဒ်ဟဲပါလေရော။ အဲဒီကျ မှ လက်ခုပ်သံတဖြောင်းဖြောင်းထွက်လာတယ်။ နေပါဦး မသိလို့မေးပါရစေ။ အဲဒီသီချင်း ဘယ်သူဆိုတာတုန်း….မနော လေ… ဟာ အကိုကြီးမသိဘူး.. သိပ်ဟော့တဲ့သီချင်းလေ၊ ဗိုလ်အောင်ဒင်ဆိုတာ….။ အင်း…မျိုးဆက်ကွာဟမှုလို့ပဲဆိုကြပါစို့။ သူဆိုတဲ့သီချင်းကိုယ်မသိ၊ ကိုယ်ဆိုတဲ့သီချင်း သူစိတ်မဝင်စား။ ကာလယန္တရားက အသိတွေ၊ အကြိုက်တွေ၊ အတွေး အခေါ်တွေ  ခံစားမှုတွေ၊ တန်ဖိုးထားမှုတွေကို ပိုင်းဖြတ်ပေးနေမှန်း သေရည်နဲ့ ရာဂခိုးငွေ့မွှန်နေတဲ့ အခန်းကျဉ်းလေးထဲမှာ တယောက်တည်း တွေးမိတွေးရာ တွေးနေမိပါတယ်။ ပုရိသယောက်ျားကြီးတွေကြားထဲ ဝင်ခလုပ် ထွက်ခလုပ်နဲ့ အတို့ အဆိတ် အပွေ့အဖက်ခံ ဝန်ဆောင်မှုပေးနေကြတဲ့ ဒီမိန်းကလေးတွေကို မိကောင်းဖခင်သားသမီးလို့ ဘယ်သူကမှ သဘောထားမှာမဟုတ်ပေမယ့် အားလုံးကို ကြေးစားအပျက်တွေလို့လည်း ပြောလို့ရမယ်မထင်ဘူး။ သေချာတာက တော့လက်ကြောမတင်းပဲ ငွေကို လွယ်လွယ်ရတဲ့ဖြတ်လမ်းမှာ သာယာနေကြတဲသူတွေလို့ပဲပြောရမယ်ထင်ပါရဲ့။ နိုင်ငံခြား မှာလည်း ဒီလိုမိန်းကလေးတွေအများကြီးပါ။ အရက်၊ မူးယစ်ဆေး၊ လိင်ကိစ္စတွေနဲ့ ထွေးလုံးရောပတ်ပြီး နောက်ဆုံးဘဝ ပျက်တော့တာပါပဲ။ တိုင်းပြည်တပြည် ချွတ်ခြုံကျပြီဆိုရင် မိန်းကလေး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ထိပ်ဆုံးကဒုက္ခ ရောက်ကြရတာ ဓမ္မတာပါ။ ပုရိသယောက်ျားတွေ ကာမဂုဏ်အာရုံခံစားပျော်ပါးရာ ဇိမ်ခန်းအနှိပ်ခန်း၊ နိုက်ကလပ် ဖော်ချွတ် ကလပ်တွေဆိုတာ ကမ္ဘာ့မြို့ကြီးတိုင်းလိုလိုမှာ ရှိကြပါတယ်။ ဒါပေမယ့် စည်းလေးကမ်းလေးတော့ ရှိသင့်ပါတယ်။ စာသင် ကျောင်းဘာသာရေးအဆောက်အဦ၊ လူနေရပ်ကွက်နဲ့ နီးတဲ့နေရာတွေမှာ ဖွင့်ခွင့်မပေးပါဘူး။ ခြွင်းချက်ကတော့ လောင်း ကစားမြို့တော် ဗီးဂတ်စ်တို့၊ မကာအိုတို့မှာတော့ ပေါ်ပေါ်တင်တင်ပါပဲ။ လောင်းကစား၊ အသောက်အစား မူးယစ်ဆေး၊ အပျော်အဖော် မိန်းမဆိုတာတွေနဲ့ လုံးထွေးနေတဲ့သူ ဘယ်တော့မှမကြီးပွားသလို စိတ်ချမ်းသာမှုအစစ်အမှန်လည်း မရနိုင်ပါ ဘူး။ ပုထုဇဉ်မို့ ကာမဂုဏ်အာရုံတွေနဲ့မကင်းဘူးဆိုသော်ငြား ထိန်းချုပ်နိုင်ရင်တော့ ကိုယ့်ကျန်းမာရေး၊ မိသားစုပျော်ရွှင်မှု၊ ငွေကြေးစုဆောင်းနိုင်မှုဆိုတဲ့အကျိုးတွေ ခံစားရပါလိမ့်မယ်။

ကျန်တဲ့နေရာတွေမှာ ပိုက်ဆံရှားချင်ရှားမယ်။ KTV မှာတော့ ငွေစက္ကူတွေ ဖွေးဖွေးလှုပ်နေတာပါပဲ။ ကိုယ့်မိန်းမနဲ့ ကိုယ့်မိ သားစုအပေါ် နှမြောတွန့်တိုကောင်း တွန့်တိုမယ်။ ကာရာအိုကေမှာတော့ ဘီလ်ဂိတ်တောင် သူလောက်ချမ်းသာမယ် မထင် ရဘူး။ ကားပေါ်ရောက်တော့ ဗဟုသုတရအောင် စပ်စုကြည့်တော့ (၁) နာရီ တဆက်ရှင် ၁၀၀၀၀။ ဒါက အပေါဆုံးနော်။ တ ခ ၂ – ၃ သောင်း။ ဘီယာအစားအသောက် အပြင်ဈေးထက် နှစ်ဆပဲ။ ကလေးမလေးတွေမုန့်ဖိုးကတော့ ကိုယ်ချဉ်ချဉ်သလို ပေါ့။ကြမ်းခင်းဈေးကတော တယောက် ၅ ထောင်အနည်းဆုံး။ ကျန်တာကတော့ ကိုယ့်အစွမ်းအစနဲ့ကိုယ်၊ ကိုယ့်ဒေါသနဲ့ ကိုယ်။ ဒီလိုနဲ့ ဘဝပျက် အိမ်ထောင်ပျက်တဲ့သူတွေအများကြီးတဲ့။ ကိုယ်ကသာရောက်တုန်းရောက်ခိုက် ကြုံဖူးတယ်ရှိအောင် လာခဲ့ပေမယ့် တချို့များ ညတိုင်းလာတဲ့သူတွေတောင်ရှိသတဲ့။ ဘယ်ကရတဲ့ပိုက်ဆံတွေနဲ့များ သုံးဖြုန်းနေကြပါလိမ့်။

အိမ်ပြန်ရောက်တော့ ည နာရီပြန် (၁) ချက်ကျော်ပြီ။ KTV မှာတော့ တဝုန်းဝုန်းနဲ့ သောင်းကျန်းလို့ ကောင်းကြတုန်း။ သြော် …. ရွှေပြည်ကြီး … ကျန်တဲ့နေရာတွေမှာ ကမ္ဘာကြီးနဲ့ ရင်ဘောင်မတန်းနိုင်ပေမယ့် အပျော်အပါးဆိုရင်တော့ လာခဲ့၊ အမီ လိုက်ပြမယ်။ ဒီတခေါက် သတိထားမိသလောက် ရွှေပြည်ကြီးမှာ လက်ညှိုးထိုးမလွဲ အတွေ့ရဆုံးကြော်ငြာက မြန်မာဘီယာနဲ့ Grand Royal အရက်ကြော်ငြာပါပဲ။ ဘုန်းကြီးကျောင်း၊ ဘုရားပုရဝဏ်ပတ်ဝန်းကျင်တွေပါမရှောင် တွေ့ရတော့ … အင်း မြန်မာလူငယ်ခြေတက်လေးတွေရဲ့ သောက်အား မသေးလှဘူးလို့ ခန့်မှန်းမိပါတယ်။ နိုင်ငံ့ရှေ့ရေး ရင်လေးစရာပါ။ စိတ်ကြွဆေးတပြားကို နိုင်ငံခြားအရက် (၂) ပက်ဖိုးလာက်နဲ့ ဝယ်လို့ရတဲ့ တိုင်းပြည်၊ ဘိန်းအထွက် ကမ္ဘာကျော်တဲ့ တိုင်းပြည် မှာ ဘယ်ကလေးလာဝယ်ဝယ် ရောင်းတဲ့တိုင်းပြည်။ ကျန်းမာရေးအတွက် အဟာရဖြစ်မယ့်ပစ္စည်းကျ ဈေးကြီးပြီး မရဏစခန်း မြန်မြန်ကြွမြန်းမယ့် အရက်၊ ဆေးလိပ် မူးယစ်ဆေးတို့ကတော့ ဈေးနှုန်းချိုသာစွာနဲ့ရနိုင်သဗျား။ လူကြီးမင်းများ .. စဉ်းစဉ်း စားစားနဲ့ ဘယ်လိုထိန်းချုပ်မလဲဆိုတာလေးတော့ ခေါင်းထဲထည့်သင့်ပါပြီ။

မနက်လင်းတော့ အိပ်ရေးပျက်တဲ့ဒဏ်၊ ယမကာများသွားတဲ့ဒဏ်တွေကြောင့် လူက လန်းလန်းဆန်းဆန်းမရှိ။ ဘယ်မှလည်း မသွားချင်။ မဟာရန်ကုန်ရဲ့ ပူလောင်တိုးကြိတ်ဆူ ပွက်ရှုပ်ယှက်ခတ်နေတာတွေနဲ့ဝေးရာကို ပြေးချင်စိတ်ပေါက်လာပြီ။ ခပ် ငယ်ငယ် အညာတောမြို့လေးမှာနေတုန်းက ချောင်းအနောက်ဖက် တောကလူတွေ မြို့ပေါ်ရောက်ရင် ဆံပင်ညှပ်တယ်။ ဖာလူဒါသောက်တယ်။ ခေါက်ဆွဲကြော်စားတယ်။ ခုလည်းပဲ တောသားမြို့ရောက် ကျနော် ရွှေတိဂုံဘုရား တက်ဖးတယ်။ ကြက်လျှာစွန်းဒံပေါက်စားတယ်။ ရွှေပုဇွန်မှာ ဖာလူဒါသောက်တယ်။ အနှိပ်ခံတယ်။ ကာရာအိုကေသွားတယ်။ တပတ်အ အတွင်း စုံအောင်ရောက်ပြီးပြီ။ ဘယ်သွားရပါ့။ နားအေး ပါးအေး တနေရာမှာ ခိုအောင်းအနားယူရင်း ကျန်တဲ့ လေးပတ်ကုန် အောင် ဘယ်မှာအဆင်ပြေနိုင်မလဲ။ ပုဂံ – ညောင်ဦး – အင်းလေး – တောင်ကြီး – မန်းတလေ … ဒါက ရွှေပြည်ကြီးရောက်သူ တိုင်း သွားနေကျနေရာတွေ။ ချောင်းသာ ငွေဆောင် … ဆစီဒနီမှာတောင် တနှစ်နေလို့ Becah တခါမှ မရောက်။ ပြီးတော့ ရှက်ရှက်နဲ့ ဝန်ခံရရင် အညာသား ရေလည်းမကူးတတ်ဘူး။ ရေလည်းကြောက်တတ်တယ်။ အဲ့ … ဟုတ်ပြီ။ မရောက်ဖူးသေး တဲ့နေရာ၊ သွားချင်နေတာ ကြာပြီ။ လွိုင်ကော် … ကယားတို့ဌာနီ ငွေတောင်ပြည်။ ကန္တရာဝတီအလှကိုခံစားကြည့်ချင်သေးတယ်။ ဘီလူးချောင်းက ရေစီးသံကိုကြားချင်နေတယ်။  ဘယ်မှာမှမတွေ့နိုင်တဲ့ ရှေးဆန်လှတဲ့ ရိုးရာယဉ်ကျေးမှုတခုဖြစ်တဲ့လည်ပင်းမှာ ကြေးကွင်းတွေစွပ်ထားတဲ့ ကယန်းအဖွါးအိုကို မြင်ဖူးချင်တယ်။ ကယားခေါင်ရည် မြည်းကြည့်ချင်တယ်။

ဖုန်းထုတ်ပြီး လွိုင်ကော်က အေးသီရိဇော်ကို လေယာဉ်လက်မှတ် ၂ စောင်နဲ့ ဟိုတယ် ၂ ယောက်ခန်းတခန်း ဘွတ်ကင် လုပ် ပေးဖို့ပြောလိုက်တယ်။ အေးသီရိဇော်က ဆစ်ဒနီနေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုမောင်ဝင်း မခင်အေးတို့ရဲ့တူမ။ ဆစ်ဒနီလာ လည်တုန်းကခင်မင်ကြပြီး လွိုင်ကော်ကိုလာလည်ဖို့ အမြဲဖိတ်ခေါ်နေသူ။သူ့ဆီကလေယာဉ်လက်မှတ်အဆင်ပြေပြီဆိုတာနဲ့ ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၆ နာရီခွဲထွက်တဲ့  MNA လေကြောင်းနဲ့ ကျွန်တော်တို့ညီအကိုနှစ်ယောက် လွိုင်ကော်ကိုထွက်ခဲ့ကြပါ တယ်။  ။

ဆက်ရေးပါဦးမည်။

သာထက်အောင်
၂၊ ၃၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သာထက်အောင်

Comments are closed.

Archives