ဝတ္ထုတို

ကျော်ထင် ● ကြွက်ဂယ်လောင်းတွေ

ကျော်ထင် ● ကြွက်ဂယ်လောင်းတွေ
(မိုးမခ) မတ်လ ၄၊ ၂၀၁၉

၁။
ကျုပ်ကို အိပ်မရအောင် အနှောက်အယှက်အပေးဆုံးက မျက်နှာကျက်ပေါ်က ဂယ်လောင်းတွေ တကျွိကျွိအော်သံ၊ တဂျစ် ဂျစ် ကိုက်ဖြတ်သံတွေနဲ့ တဝေါဝေါပြေးသံတွေပဲ။  ကျုပ်အိမ်ခေါင်းရင်းမှာ အရူးအရက်သမား ရှိတယ်။  ဒီကောင်က အရက် သောက်ပြီးရင် အရူးတစ်ယောက်လိုပဲ။  ပြောချင်ရာစကားတွေ အကျယ်ကြီးပြောလေ့ရှိတယ်။ မိန်းမနဲ့လည်း မနက်လင်းတဲ့ထိ ရန်ဖြစ်တယ်။  ဒါပေမယ့် ကျုပ် အိပ်လို့ရပါတယ်။

အိမ်ခြေရင်းမှာကျတော့ စားသောက်ဆိုင်ဖွင့်ထားတဲ့ မိသားစုနေတယ်။  မနက်ခင်းဆို ထွက်သွားပြီး ဉာဥ့်နက်သန်းခေါင်းကျမှ ပြန်လာတယ်။ အိမ်ပြန်ရောက်ရောက်ချင်း သူတို့မအိပ်ကြသေးဘူး။ စကားတွေ ပြောကြ၊ ရယ်ကြနဲ့။ ဒါလည်းပဲ ကျုပ်အိပ် ပျော်တာပါပဲ။ အိမ်နောက်က လူကတော့ ခပ်ပေါပေါဗျ။ အသက်ကြီးပေမယ့် အချိန် သိပ်မစီးတဲ့လူစားမျိုး။ သူ့အကျင့်ကTVကို အကျယ်ကြီးဖွင့်တတ်တာ။ ပြီးတော့ဘေးလူ မကြားဝံ့မနာသာကိုလည်း မကြာမကြာ အော်ဟစ်ပြောဆိုတတ်တယ်။ ဒါ လည်းပဲ ကျုပ်အတွက်တော့ အေးဆေးပါ။ နေသာသပ၊ လေညာက ဆိုသလိုပေါ့။ အိပ်လို့ ရပါတယ်။

အဲ့ဒီ့အသံတွေအားလုံးက ကျုပ်အိမ်ကမှ မဟုတ်တာ။ ကျုပ်နဲ့မှ မပတ်သက်တာ။ ဒီအသိနဲ့ ကျုပ်အိပ်လို့ရတာလည်း ဖြစ် ချင်ဖြစ်မှာပေါ့။ ကျုပ်ကို အိပ်လို့မရအောင် အနှီးအသံတွေက မနှောက်ယှက်နိုင်ပါဘူး။ အသံတွေသိပ်ကျယ်လို့ အိပ်ရာက လန့်နိုးမိလည်း ခဏပါပဲ။ အသံတွေရဲ့ ရုန့်ရင်းကြမ်းတမ်းတာတွေကို ဝိဘစ္ဆရသလိုလို၊ ရုဒ္ဒရသလိုလို ခံစားရင်းပြန်အိပ် ပျော်သွားတယ်။

ကျုပ် အိပ်လို့မရအောင် နှောက်ယှက်တဲ့အကောင်တွေက ဂယ်လောင်းတွေ။ ဂယ်လောင်းတွေဆိုတာက ကျုပ်အဘဆီက ကြားရင်း ကျုပ်လက်ထက်ထိ ခေါ်နေမိတဲ့အမည်ပါ။ ကျုပ်အဘက လူပျံတော်ကြီးဆိုတော့သူပြောလိုက်ရင် အဆန်းချည်းပဲ။ ကမ္ဘာပြားကြောင်းကို ကျုပ်နဲ့သူပြောကြတာ၊ သူက ပြားကြောင်းရှင်း ကျုပ်က လုံးကြောင်းပြောနဲ့၊ တစ်လကိုးသီတင်း မက ဘူး ကြာတယ်။ အဲ့ဒါကို မကျေနပ်သေးလို့ ကျုပ်ကို ဗုဒ္ဓဝါဒီ ကမ္ဘာ့ပထဝီဆိုတဲ့စာအုပ်တစ်အုပ်လည်း ပေးဖတ်ထားသေးသဗျ။ ကျုပ်ဖြင့် ဖတ်ကြည့်တာ ခုထက်ထိ နားမလည်သေးဘူး။  အဘက ရုပ်ဝတ္ထုနဲ့ပတ်သက်ရင် ကမ္ဘာလုံးတာကို မယုံတဲ့သူပါ။ နေ မလည်ဘူးဆိုတာကိုလည်း လက်မခံဘူး။  အဘက ခုထက်ထိ ကမ္ဘာပြားနေတဲ့သူ။ အဲ့ဒီ့အကြောင်း သားအဘနှစ်ယောက် ဆုံတိုင်း အကြိမ်ကြိမ်ရှင်းပြပေမယ့် ကျုပ်က ဉာဏ်တိမ်လို့ပဲလားတော့ မသိဘူး။ အဘပြောတဲ့ ကမ္ဘာပြားပုံ၊ နေလည် နေပုံ၊ သုံးကျွန်းလင်း၊ သုံးကျွန်းမိုက်ဆိုတာတွေကို နားကိုမလည်တာ။ အဘကလည်း သူ့အယူအဆပေါ်မှာ ကျောက်ချထားလို့  ပဲလားတော့ မသိဘူး။ ကျုပ်သင်ရတဲ့ ကမ္ဘာလုံးတဲ့အကြောင်းကို လက်မခံဘူး။

စိတ်နဲ့ပတ်သက်တာကျတော့ အဘက ကံ၊ ကံ၏ အကျိုးတဲ့။ ကိုယ်လုပ်တဲ့ကံ ကိုယ်ဆီပြန်လာမှာပဲတဲ့။ အဲ့ဒါကို အမြဲ တမ်းပြောတယ်။ ကျုပ် တော်တော်မူးပြီး ပြန်လာတဲ့နေ့က အန်တယ်။ ဒါကိုကြည့်ပြီး အဲ့ဒါ ပေါ့ကွ၊ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်လာတယ်ဆိုတာ။ မင်းမူးတဲ့ကံကြောင့်၊ မင်း အန်တဲ့ကံဖြစ်တာတဲ့။ အဲ့လိုအဘက ကြွက်ကိုလည်း ဂယ်လောင်းတဲ့။ ကြွက် ဂယ်လောင်းတွေတဲ့။ အဲ့ဒီတော့ ကျုပ်ကလည်း ဂယ်လောင်းလို့ပဲ ခေါ်တတ်ခဲ့တာပေါ့။

၂။
ကျုပ်တို့ အခန်းလေးကို ချဲ့တော့ အပေါ်ထပ်က အမှုန်တွေ၊ ဖုန်တွေ အခန်းထဲ မကျအောင် မျက်နှာကျက် ထည့်ရိုက်လိုက်တယ်။ ဆင့်ပေါ်မှာ သုံးထပ်သားနဲ့ ရိုက်ခိုင်းလိုက်တာ။ မရိုက်ခင်က ဆင့်နဲ့ရက်မကြားကို ကြွက်ဂယ်လောင်းတွေ မဝင်နိုင်အောင် ထိပ်နှစ်ဖက်ကို သုံးနှစ်တွေဖြတ်ပြီး ပိတ်ဖို့ရည်စူးထားပေမယ့် လက်သမားတွေ မျက်နှာကျက်ရိုက်တော့ ကျုပ်က အိမ်မှာ မရှိ လိုက်ဘူး။ ရိုက်မှပဲပြောမယ်ဆိုပြီး ကြိုလည်းမမှာထားမိဘူး။ ကျုပ် အိမ်ပြန်ရောက်တော့ မျက်နှာကျက်တွေက အကုန်ရိုက်ပြီး ကုန်ပြီ။ ဇလီတွေတောင် သတ်ပြီးကုန်ပြီ။ ကြွက်ဂယ်လောင်း ဝင်ပေါက်တွေ ပိတ်မထားခိုင်းလိုက်ရဘူး။

လက်သမားတွေကလည်း ပိတ်ပြီးမှ မျက်နှာကျက်ကိုရိုက်တာ မဟုတ်ဘူး။ စေတနာပေါ့။ သူတို့က အိမ်ရှင်တွေအပေါ် စေတနာထား လုပ်ကြတာမဟုတ်တော့ ဖြစ်သလိုပဲ၊ ပြီးလွယ်စီးလွယ်ပဲ လုပ်ပေးကြတယ်။ ဘာဖြစ်ဖြစ် ခိုင်းမှလုပ်တယ်။ ပြောမှသိတယ်။ တကယ်တမ်းကသူတို့က လက်သမားတွေပဲ။ အိမ်အခြေခံအကြောင်းကို ပိုသိရမှာ။ ဘယ်နေရာမှာ ဘာလို ရင် ဘာတွေဖြစ်တတ်တယ်၊ ဟာကွက်၊ ပျော့ကွက်တွေ ဘာရှိတယ်ဆိုတာ ပိုသိသင့်တယ်။

ဒါပေမယ့် ခုခေတ်လက်သမားဆရာဆိုတာ ဆရာကျကျ တတ်လို့ထက် ငတ်လို့လုပ်တယ်ဆိုတဲ့သူက များများဆိုတော့ ဂယ် လောင်းတွေပေးတဲ့ဒုက္ခ၊ကျုပ်မယ် ကောင်းကောင်းကြီး ခံရတော့တာပေါ့။ မျက်နှာကျက်တွေတပ်ပြီးလို့ မကြာပါဘူး မိုးတွေ တအားရွာတဲ့ညက ဂယ်လောင်းတစ်သိုက် ကျုပ်မျက်နှာကျက်ပေါ် ရောက်လာကြတယ်။ လာတုန်းကတော့ မိုးခိုဖို့ ခဏ တဖြုတ် ရောက်လာတာနေမှာပေါ့။ ဒါပေမယ့် မျက်နှာကျက်ဟာ ဂယ်လောင်းတွေအတွက် လွတ်မြောက်နယ်မြေကြီးတစ်ခု ဆိုတာ သိသွားကြပြီး မပြန်ကြတော့ဘူး။ တဝေါဝေါ ပြေးလို့။ တကျွိကျွိ တေးဆိုလို့။ တဂျစ်ဂျစ် ကိုက်ဖြတ်လို့။ အားလုံး လွတ်လွတ်လပ်လပ်ပဲ။ မျက်နှာကျက်ထဲမှာဆို ကြွက်ဂယ်လောင်းတွေကို ကြောင်တွေ ဘာမှလုပ်လို့ မရတော့ဘူး။

ကြမ်းပြင်နဲ့ မျက်နှာကျက်ဟာ သုံးလက်မပဲ ကွာတာဆိုတော့ ကြောင်တွေ လျှောက်လည်း မဝင်သာ၊ ဝပ်လည်း သွားလို့မရနဲ့၊ ဒီအတိုင်း အသံပဲ နားစွင့်နေကြရတာ။ မီးဖိုထဲ၊ ထမင်းစားခန်းထဲ နယ်လွန်လာမှသာ ဖမ်းနိုင်၊ ခုပ်နိုင်ကြတာ။

မနက်ဘက်၊ နေ့ဘက်တွေမှာတော့ ကျုပ်က အိမ်မှာမရှိတတ်လို့ ကြွက်ဂယ်လောင်းတွေ နှောက်ယှက်တာ သိပ်မခံရဘူး။ ည ဘက်များမှာဆိုရင်တော့ ဒီကောင်တွေဒဏ် ကျုပ်ခံရပြီ။ ကျုပ်ကလည်း ကျုပ်ပဲ။ တခြားအသံတွေ ဘာကြားကြား အိပ် လို့ရတယ်။ အဲ့ဒီ့ကြွက်ဂယ်လောင်းတွေ မျက်နှာကျက်ပေါ် ပြေးတဲ့အသံ၊ သူတို့ တကျွိ ကျွိအော်တဲ့အသံ၊ သုံးထပ်သားတွေ ကို တဂျစ်ဂျစ် ကိုက်ဖြတ်နေတဲ့အသံတွေ ဆိုရင်တော့ ဘယ်လိုမှ သည်းခံလို့ မရဘူး။ အသံသေးသေးလေးတွေဆိုပေမယ့် အဲ့ဒီ့အသံသေးသေးလေးတွေကို ကျုပ်က မုန်းနေတာ။ မကြားဟန်ပြုပြီး အိပ်ကြည့်လည်း မရဘူး။ တခြားအသံတွေလိုပဲ သဘောထားပြီး မှိန်းပြီးမှေးအိပ်ကြည့်လည်း မရဘူး။ စိတ်ထဲမှာ ဒေါသက ဆိုင်ဖွဲ့နေတာ။ ဒေါသက သွေးကို ဆူစေတာ။ ဒီတော့ အိပ်ရာကထ။ မျက်နှာကျက်ကို တုတ်နဲ့ပုတ်ပြီး ဂယ်လောင်းတွေကို ခြောက်ရတယ်။ တအားလည်း မပုတ်ရဲဘူး။ အပေါ်ထပ်မှာက အဘနဲ့အမေတို့ အိပ်နေတော့ သူတို့ လန့်နိုးမှာလည်း စိုးရသေးတယ်။ ပုတ်ပြီး ပြန်အိပ်တော့ မကြာပါဘူး ဂယ်လောင်းတွေ ပြန်လာ ပြန်တယ်။ ကျုပ်လည်း ပြန်ထ ပြန်ပုတ်နဲ့၊ ကြွက်နဲ့ကျုပ်ဟာ Tom and Jarry ကာတွန်းကား တစ်ပုဒ်လိုပဲ။

၃။
ကြွက်နဲ့ ကျုပ်ကာတွန်းမှာ နောက်ဆုံးတော့ ကျုပ်ပဲ အိပ်ရေးပျက် ကျန်ခဲ့တာ။ ကြာတော့ အိပ်ရေးပျက်ဒဏ် ကျုပ်မခံနိုင်ဘူး။ ညတိုင်းဟာ ပထမပိုင်းမှာပဲ အိပ်လို့ ပျော်တယ်။ ၂ နာရီ၊၃ နာရီလောက်ဆို ကြွက်ဂယ်လောင်းတွေ မျက်နှာကျက်မှာ ပြေး တမ်းလိုက်တမ်းဆော့နေကြလို့ ကျုပ်ရဲ့အိပ်ချိန်ဟာ half time အဖြစ် ရပ်နားလိုက်ရတယ်။ လိင်စိတ်ကြွဖို့ ကြွက်ဂယ်လောင်း တွေရဲ့ဖိုနဲ့မ တကျွိကျွိအော်သံဟာ ကျုပ်အတွက်တော့ ခဏခဏ ထနေရတဲ့ အသံပဲ။ ဂယ်လောင်းပေါက်လေးတွေရဲ့ တီတီ တာတာအော်သံကမသတီစရာအသံ။ ဂယ်လောင်းမကြီးရဲ့ ကလေးချော့တေးသံကလည်း ကျုပ်ကို ဖင်ပုတ်နှိုးနေသလိုပါပဲ။

အတူ အိပ်ကြတဲ့အထဲမှာမိန်းမက ကျုပ်လောက် မဟုတ်ပေမယ့် သူလည်း အအိပ်ပျက်ရတာပါပဲ။ ကြွက်ဂယ်လောင်းတွေကို ဘယ်လို လုပ်မလဲဆိုတဲ့အဖြေကို ကျုပ်တို့လင်မယား စဉ်းစားကြတယ်။ ကြောင်ကတော့ အိမ်မှာ ရှိပြီးသားဖြစ်လို့ ပေးချက်ထဲ ထည့် မပေးတော့ဘူး။ ကြောင်တွေနဲ့ အလုပ်မဖြစ်ဘူးဆိုတာ လက်တွေ့ပဲ။ ဒီတော့ ထောင်ချောက်နဲ့ကြွက်ကပ်ကော်ကို ပေးချက်ထား စဉ်းစားကြည့်တယ်။ ကြွက်ထောင်ချောက်ထဲ မိနေပြီဆိုပါတော့။ ဘယ်လိုလုပ်မလဲ။ လမ်းထိပ်ကလူတွေလို ဘုန်းကြီးကျောင်း ယူသွားပြီး လွှတ်ကြမလား။ မကောင်း ကျောင်းပို့ရမယ့်ကိစ္စက တော်တော်မတရားသလိုပဲ။

ပိုပြီးမဖြစ်နိုင်တာက ကြွက်ထောင်ချောက်ကို ဘယ်သူကိုင်ပြီးပို့မှာလဲ။ ကျုပ်က ကြွက်ဂယ်လောင်းတွေကို ရွံကြောက် ကြောက်တာဗျ။ မိန်းမလည်း အတူတူပဲ။ ကြွက်ဂယ်လောင်းတွေဆို မီးညှပ်နဲ့ ညှပ်ပြီးကိုင်တာတောင် မကိုင်ရဲကြဘူး။ အူတွေ ယား၊ အသည်းတွေ ဖားလားဖားလားနဲ့။ မဖြစ်သာလို့ မီးညှပ်နဲ့ တစ်ခါကိုင်ခဲ့ရဖူးတယ်။ ကြွက်ကပ်ကော်မှာ ကပ်နေတာ။ ကြွက်ဂယ်လောင်းတစ်ကောင် မသွားနိုင်တော့ဘူး။ သေလည်း မသေ၊ ပြေးလည်း မပြေးနိုင်တော့ ကြွက်ကပ်ကော်ပေါ်မှာ လူးလွန့်နေတာ။ အဲ့ကျတော့လည်း ကျုပ်ဖြင့် မြင်ရတာ စိတ်မကောင်းဘူး။

မျက်စေ့ရှေ့မှာ သတ္တဝါတစ်ကောင် ဒုက္ခရောက်နေတာကို မကြည့်ရက်ပါဘူး။ ပြီးတော့ ဒီဒုက္ခကလည်း ကျုပ်တို့ပေးတဲ့ ဒုက္ခဆိုတော့ ပိုပြီး စိတ်မကောင်းဘူး။ ကျုပ်တို့ကို အိပ်ရေးပျက်အောင် လုပ်တဲ့ကောင်တွေဆိုပြီး မုန်းမနေဘူး။ ကျုပ်တို့ကြောင့် ဒုက္ခရောက်နေတာဆိုတဲ့အတွေးနဲ့ သနားနေတာ။ ဒါတွေဟာ အဘရဲ့ ကံ၊ကံရဲ့အကျိုး ဆိုတဲ့ သွန်သင်ချက်တွေကြောင့်ပဲလား။ ဒါနဲ့ပဲ ကျုပ်လည်း ပါဏာတိပါတကံကို လိပ်ပြာ လုံချင်တာနဲ့ဂယ်လောင်း ပြေးလို့ ရလိုရညား ဘေးပတ်လည်က ကော်တွေကို မကပ်တော့အောင် ပြာတွေဖြူးပြီး ထားပေးလိုက်သေးတယ်။  ကြွက်ဂယ်လောင်း ကံမကောင်းပါဘူး။ ကျုပ်ရှေ့မှာတင် ကြောင်စားသွားတာ တွေ့လိုက်ရတယ်။

ဒီတော့ ထောင်ချောက်နဲ့ကြွက်ကပ်ကော် သီအိုရီနှစ်ခုစလုံးဟာ ကျုပ်တို့ဂယ်လောင်ပုစ္ဆာအတွက် အဖြေထုတ် မပေးနိုင်ကြ ဘူး။ မိန်းမက ကိုယ့်ရှေ့မှာ သေတာမကြည့်ချင်ရင် ကွယ်ရာသေမယ့် ကြွက်သတ်ဆေးကောတဲ့။ ကျုပ်က ဒါကိုတော့ အဆို မှာတင်ပဲ ခါးခါးသီးသီး ငြင်းပယ်ပစ်လိုက်တယ်။ မျက်နှာကျက်ပေါ်မှာ တွေ့ရာသေနေမှ ဒုက္ခကွလို့ ဒုက္ခတလိုက်တယ်။ မိန်းမလည်း မပြောတတ်တော့ဘူးထင်တယ် ငြိမ်သွားတယ်။

၎။
ကျုပ် အိမ်ပြန်ရောက်ရောက်ခြင်းပဲ မိန်းမက ကြွက်သတ်ဆေး ဝယ်လာခဲ့တဲ့အကြောင်းပြောတယ်။

“ဟာ-မိန်းမကလည်း မျက်နှာကျက်ပေါ်သေနေရင် ဘယ်နှယ့်လုပ်မလဲ။ အဲ့ဒီ့ဆေးတော့ မသုံးပါနဲ့ကွာ”

“တော်ကလည်း စကားဆုံးအောင် နားထောင်ပါဦး။ ဒီဆေးက ပုပ်ဆော်မနံဘူးတဲ့။ ဆေးကြောင့် ကြွက်တွေသေ လည်းသေ၊ ပုပ်စေတဲ့ ကြွက်ရဲ့သွေးသားတွေလည်း ခန်းခြောက်သွားတယ်တဲ့”

“ဟာ … ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒီညပဲ ဆေး စချမယ်ကွာ”

ကြွက်ဂယ်လောင်းတွေ ဆေးရောထားတဲ့အစာကို စားပြီး သူတို့ဘာသာသူတို့ သေချင်တဲ့နေရာ သေနေပါစေ။ ပြဿနာ မရှိတော့ဘူး။ ကျုပ်လည်း မမြင်ရ၊ မကိုင်ရဆိုတော့ အဆင်ပြေတယ်။ မျက်စေ့ကွယ်ရာ၊ နားကွယ်ရာမှာ ဖြစ်တာမျိုးကျ တော့လည်း ကျုပ်စိတ်ထဲ သိပ်ထိခိုက်လှတယ် မထင်ပါဘူး။ ဒီသဘောကို အသွင်တူ အိမ်သူကလည်း လက်ခံတယ်။ ဒါနဲ့ပဲ ဂယ်လောင်းတွေ သွားတတ်လာတတ်တဲ့နေရာတွေမှာ ပန်းရောင်ဝေဖာလေးတွေလို ဆေးကို ချထားလိုက်တယ်။ ကြောင်နဲ့ လည်း ဝေးအောင်၊ ကလေးလည်း မထိခိုက်အောင်၊ ကြွက်ဂယ်လောင်းတွေလည်း သေစေအောင်။

ဒီကောင်တွေ ဇီဝိန်ချုပ်မှ မျက်နှာကျက်ပေါ်တက်ပြီး ပေးနေတဲ့ဒုက္ခတွေ ငြိမ်းမှာ။ အဲ့ဒီ့ည ကျုပ်အိပ်တော့ ကြွက်ဂယ်လောင်း တွေ မြန်မြန်စား မြန်မြန်သေပါစေဆိုတဲ့ အိပ်တာ။ ပထမတော့ ဒီကောင်တွေ ဆေးကို မတွေ့သေး၊ မစားသေးလို့လားမသိဘူး။ တပျော်တပါးနဲ့ တဝေါဝေါ ပြေးတုန်းရှိသေးတာ။ ပြေးရင်းလွှာရင်းနဲ့ တကျွိ ကျွိက လည်း အော်လိုက်သေး။ အတွင်းဘက်ထောင့် ရောက်တော့ အဲ့ဒီနားမှာရပ်ပြီး တဂျစ်ဂျစ်ကိုက်ခြစ်နေတာ။  တစ်ကောင်နဲ့တစ်ကောင် လုံးထွေးနေတဲ့ အသံမျိုးတွေလည်း အဲ့ဒီ့ နားကပဲကြားနေရတယ်။ ကြွက်ဂယ်လောင်းတွေ မစားသေးဘူး။ ကြွက်ဂယ်လောင်းတွေ မသေကြသေးဘူး။ တအောင့် နေတော့ ဂယ်လောင်းတွေ တဝုန်းဝုန်းနဲ့ မျက်နှာကျက်အပြင် ပြန်ထွက်သံတွေ ကြားပြန်တယ်။ မြန်မြန်ထွက်၊ မြန်မြန်ထွက်လို့ ကျုပ်စိတ်ထဲက တောင့်တနေဖြစ်တယ်။ မျက်နှာကျက်အထွက်လမ်းမှာ ဆေးချထားတာ။ အပြင်ပြန်ထွက်မှ ဆေးကိုတွေ့မှာ။ ဆေးကို မြန်မြန်စားပြီး ဇီဝိန်ချုပ်လိုက်ပါတော့လား။ တော်တော်ကြာကြာလေးထိ ကြွက်ဂယ်လောင်းသံတွေ ပျောက်သွားပြန် တယ်။ ကျုပ်လည်းအိပ်ချင်တဲ့စိတ်ထဲ ပျော်ဝင်စီးစင်းသွားတယ်။ ကျုပ်အခန်းထဲမှာနာရီလက်တံ ရွေ့လျားသံကလွဲရင် ဘာ သံမှ မကြားရတော့ဘူး။ သေကုန်ပြီလား မသိဘူးဆိုတဲ့ မိန်းမရဲ့အသံ တိုးတိုးထွက်လာတော့ ကျုပ်က သိစိတ်နဲ့ မသိ စိတ်ကြားထဲမှာ ရောက်နေပြီ။ မိန်းမလည်း ကြွက်ဂယ်လောင်းတွေသေတာကို စိတ်လှုပ်ရှားရင်း စောင့်နေတာပဲ။

ကျုပ်လိုပဲ ဂယ်လောင်းတွေကို မြန်မြန်သေစေချင်နေမှာပဲ။ ဟုတ်တယ်။ ဂယ်လောင်းတွေဟာ အိပ်ပျက်ညတွေကို ဖန်တီး ခဲ့တာပဲ။ ဒီကောင်တွေ မြန်မြန်သေမှပါ။ ဂယ်လောင်းတွေ သေဖို့တွေးရင်း ကျုပ် အိပ်ပျော်သွားတယ်။ ဘယ်အချိန်မှာ အိပ်ပျော်သွားတယ် မသိဘူး။ ကြွက်ဂယ်လောင်းတွေ သေမသေဆိုတာ မသေချာဘူး။  ထူးခြားတာက အဲ့ဒီ့တစ်ညလုံး တရေးနိုးခဲ့လား မနိုးခဲ့လား မတွေးတောနိုင်လောက်အောင်ကို အသံတွေက ငြိမ်သက်နေတာပါပဲ။

၅။
“ကြွက်ဂယ်လောင်းတွေတော့ သေကုန်ပြီနဲ့တူတယ်မိန်းမ” လို့ ဝမ်းမြောက်ဝမ်းသာကြီးနဲ့ပြောလိုက်မှန်း ကျုပ်ဘာသာ ကျုပ် သိတယ်။

“ဟုတ်တယ်။ တစ်ညလုံး ငြိမ်သက်နေတာ။ စောစောပိုင်းလောက်ကပဲ သောင်းကျန်းပြီး၊ နောက်ပိုင်း ဘာသံမှမကြားရတော့ ဘူး”

မိန်းမဆီကပါ ဒီလို မှတ်ချက်ကြားရတော့ စိတ်ထဲ ပိုကျေနပ်သွားတယ်။ ကျုပ်ဘာသာကျုပ်ဆို ကြွက်ဂယ်လောင်းတွေ သေ၊ မသေဆိုတာ မတင်မကျရယ်။ သေဖို့မျှော်လင့်ကြည့်တာကလွဲရင် သေသေချာချာကောက်ချက် မချနိုင်သေးဘူး။ ရဲရဲ မဆုံး ဖြတ်နိုင်သေးဘူး။ ခုတော့ မိန်းမကပါ ကြွက်ဂယ်လောင်းသံတွေ မကြားရတော့တာဆိုတော့ ဒီကောင်တွေ သေကုန်တာ သေချာတယ်။ အကုန်မဟုတ်တောင် တော်တော်သောင်းကျန်းတဲ့အကောင်တွေ သေကုန်တာဖြစ်လိမ့်မယ်လို့ တွေးထင်လို့ ရတယ်။ ဒီညမှာတော့ ညစ၊ ညလယ်၊ ညဆုံး တိတ်ဆိတ်မှုတွေဖုံးလို့ အိပ်ပျော်ရတော့မယ်။ ကျုပ်အတွက် စိတ္တဇညတွေဟာ ကြွက်ဂယ်လောင်းတွေနဲ့အတူ ဇီဝိန်ချုပ်သွားပြီပေါ့။

ဒါနဲ့ လင်မယားနှစ်ယောက်သားဂယ်လောင်းတွေစားဖို့ ချထားတဲ့ဆေးတွေကို သွားကြည့်တာ နည်းနည်းပဲ ကျန်တော့တာ တွေ့ရတယ်။ မိန်းမက -“ဆေးကျန်တွေ သိမ်းလိုက်တော့မလား”

“ထားလိုက်ပါ။ ဒီကောင်တွေ အကုန် စားချင်မှ စားရဦးမှာ။ မစားရသေးတဲ့အကောင်တွေ စားပါစေဦး”

ဒီလိုပြောလို့ ကျုပ်ကို သိပ်ရက်စက်တဲ့ယောက်ျားလို့များ တွေးနေလေမလား။ မတတ်နိုင်ဘူး။ ကြွက်ဂယ်လောင်း တွေရဲ့ အသံတွေကို ကျုပ် မခံစားနိုင်ဘူး။ ကြွက်ဂယ်လောင်းမီး တစ်ရန်ငြိမ်းတဲ့စိတ်ဟာ ဘယ်လောက်ချမ်းသာ လိုက်သလဲဆိုတာ ကျုပ်က ပိုသိတယ်။ ဘာလို့လဲဆိုတော့ ကျုပ်က ကြွက်ဂယ်လောင်းသံတွေပေါ်မှာ စိတ္တဇ ဖြစ်နေတာကိုး။ ခုတော့ ငြိမ်းပြီ။ ဂယ်လောင်းတွေ မရှိတော့ဘူး။ သေပြီ။

၆။
ညပိုင်း အိမ်ပြန်ရောက်လို့ အခန်းထဲဝင်လိုက်တာနဲ့ အပုပ်နံ့ကို သဲ့သဲ့ရလိုက်တယ်။ စိတ်ထဲမှာ ဟာ … သွားပြီဆိုတဲ့ စိုးရိမ်စိတ် က ဒိတ်ခနဲဝင်လာတယ်။ ကြွက်ဂယ်လောင်းတွေ သေပြီး ပုပ်ကုန်ပြီလား။ မဟုတ်ပါစေနဲ့လို့ ကျုပ်စိတ်ထဲ ကြိတ်ဆုတောင်း မိတယ်။ ညနေကတည်းက အနံ့ရနေတာတဲ့။ မိန်းမ ဝယ်လာတဲ့ဆေးကတော့ မပုပ်ဘူး လို့ ပြောထားသားပဲ။ မဟုတ်နိုင်ပါဘူး။ အိမ်မြှောင်များ သေနေတာလား။ အိမ်မြှောင်တွေ သေရင်လည်း ဒီလိုပဲ ပုပ်အဲ့အဲ့လေး နံတတ်တယ်။ မဟုတ်ဘူးဆိုရင်ကော။ ကြွက်ဂယ်လောင်းသေတွေဆီကလား။ ဆေးကမပုပ်ဘူးဆိုတာ ညာရောင်းတာလား။ သေချာတာကတော့ အပုပ်နံ့ဟာ ကြာလေကြာလေပိုပြီ ပီသလာလေပဲ။

အခန်းထဲမှာ သိသိသာသာ အနံ့ကဲလာတယ်။ အိပ်ချိန်နားနီးလေ ပိုနံလေပဲ။ အိပ်ရာဘေးတွေ လျှောက်ကြည့်။  ကြိုကြို ကြားကြားတွေ ဓာတ်မီးနဲ့ထိုးရှာ။ ဒါပေပေမယ့် ဘာမှ မတွေ့ဘူး။ မျက်နှာကျက်တွေကို အနံ့ခံကြည့်တော့ အနံ့က ပိုနံနေတယ် ထင်ရတယ်။ နံတာမှ နေရာအနှံ့မှာ နံနေတာ။ နေရာအနှံ့မှာများ သေနေကြသလား။ ဒါဆိုရင်တော့ မျက်နှာကျက်တွေ ဖြုတ် ရတော့မှာပဲ။ အလုပ်တွေ ရှုပ်ရတော့မယ်။ ဇလီတွေခွါဦး၊ သံတွေ နုတ်ဦးနဲ့။ အမှုန်အမွှားတွေ ကျမယ့်ဘေးကလွတ်အောင် အင်္ကျီစင်တွေ၊ အိပ်ရာတွေနဲ့စာအုပ်တွေကိုလည်း တနွယ်ငင်၊ တစင်ပါ သိမ်းရဦးမယ်။

အမေလေး … ကိုရွှေကြွက်ဂယ်လောင်းတို့ရေ။ ဒုက္ခပေးချက်က ကြမ်းလှချည့်လားလို့သာ အော်ဟစ်ပစ်လိုက်ချင်တော့တာပဲ။ မနက်ပြဿနာကို တွေးရင်း၊ အခုလောလောဆယ် ပြဿနာအတွက်လည်း ရင်မောရတယ်။  ကျုပ် ဘယ်လိုအိပ်ရမလဲ။ ဒီအပုပ်နံ့ကြီး တထောင်းထောင်းနဲ့ဆို အိပ်ရမှာ မဟုတ်ပါဘူး။ အနံ့က ဉာဥ့်နက်လေ ပိုနံလေ ဖြစ်ဖြစ်လာတာ။ အခန်းပြင် ထွက်အိပ်ရင်ကော။ အိပ်ရာတွေတော့ ရွှေ့ရမှာပဲ။ မတတ်နိုင်ဘူး။ ဒီအတိုင်း အခန်းထဲ အိပ်ဆို၊ မအိပ်နိုင်ဘူးလေ။

၇။
မနက်လင်းတော့ အခန်းထဲမှာ အပုပ်နံ့က လှိုင်နေကျိုင်နေပြီ။ အလုပ် မသွားတော့ဘဲ ကျုပ်ကိုယ်တိုင် မျက်နှာကျက်တွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မိန်းမက ကူပေါ့။ မျက်နှာကျက်ကိုဖြုတ်ရင် ဘယ်မျက်နှာကျက်က စဖြုတ်ရမလဲဆိုတာကတော့ စဉ်း စားရ တော်တော်ကျပ်တယ်။ ရှေ့မျက်နှာကျက်က စ,ရမလား၊ နောက်မျက်နှာကျက်က စ,ရမလား၊ မဝေခွဲတတ်ဘူး။ အဲ့ဒါ ကျုပ်က အနံ့ခံကောင်းကောင်းနဲ့ အနံလိုက်ခံကြည့်တော့ အနံ့က နေရာအနှံ့မှာ ရနေတာပဲ။ ဘယ်လိုခွာရမှန်းတောင် မသိ တော့ဘူး။

မိန်းမကို စစ်ကူတောင်းကြည့်တယ်။ သူကလည်း မပေးတတ်ဘူးတဲ့။ ကဲ … ဒီတော့လည်း ကျုပ်ဘာသာကျုပ်ပဲ ဆုံးဖြတ်တော့ မယ်။ ကြွက်ဂယ်လောင်းတွေ ပိုပြီးပျော်မွေ့တာက နောက်မျက်နှာကျက်တွေမှာ။ ဒါကြောင့် နောက်မျက်နှာကျက်တွေကို စ,ခွာတယ်။ အခန်းထဲမှာ မျက်နှာကျက်သုံးထပ်သား ဆယ်ချပ်ရှိတယ်။ ပထမအချပ်ကို ခွာတော့တောင် ကျုပ်ဆုတောင်း ဖြစ်တယ်။ တချပ်တည်းနဲ့ ပြီးပါစေကွာလို့။ ဆုတောင်း မပြည့်ပါဘူး။ ဘာမှ မတွေ့ဘူး။ ဘာဂယ်လောင်းမှ သေနေတာ မရှိဘူး။ ဆက်ခွာတယ်။ ဘာမှ မတွေ့ဘူး။ အဲ့ဒါ ကိုးချပ်မြောက်ခွာပြီးတဲ့ အထိပဲ။ ဘာကောင်မှ မရှိဘူး။ ဒါပေမယ့် အနံ့ကတော့ နံနေတုန်းပဲ။ ဒါဆို ကျန်နေသေးတဲ့ မျက်နှာကျက်ဟာ တရားခံရှိနေတဲ့နေရာပဲ၊ သေချာပြီ။ အဲ့လိုမှန်းသိ ရှေ့မျက်နှာကျက် ကစပြီး ခွာပါတယ်ကွာလို့ မိန်းမကို မချိတင်ကဲ ပြောရင်း နောက်ဆုံးအချပ်ကို ခပ်ဖြည်းဖြည်းခွာလိုက်တယ်။ ဟကြည့်လို့ရတဲ့အနေအထားလောက်ရောက်တော့ သုံးထပ်သားကို ကျုပ် ဟကြည့်လိုက်တယ်။ ဇလီ မခွာရသေးတဲ့ ထောင့်မှာ ကြွက်ဂယ် လောင်း သေတွေကို တွေ့ လိုက်တယ်။ နည်းနည်း မှောင်နေလို့ သုံးကောင်လား၊လေးကောင်လား မကွဲဘူး။

“တွေ့ပြီ မိန်းမရေ၊ တွေ့ပြီ။ တွေ့တော့လည်း နောက်ဆုံးဆိုမှ နောက်ဆုံးမှပါလားကွာ။ သူ့ထက် နောက်ဆုံးကျတာတောင် မရှိတော့ပါဘူး”

“ဟုတ်ပါ့တော်၊ တိရစ္ဆာန်တွေများ ဒုက္ခပေးချက်။ ကိုယ်ဟာကိုယ်မနေကြဘူး။ လူတွေနေတဲ့နေရာ လာပြီးတော့ ဒုက္ခပေး တယ်”

“အဲ့ဒါ အရေးမကြီးဘူးမိန်းမရေ၊ ကြွက်ဂယ်လောင်းကို လှမ်းယူရမှာ အူယားတယ်ဟ”

“ဒါဆို အဘကို ခေါ်လိုက်မယ်။ ”

ပြောပြောဆိုဆိုနဲ့  အပေါ်ထပ်က အဘကို လှမ်းအော်ခေါ်တယ်။ မခေါ်နဲ့လို့ တားချိန်မရလိုက်ဘူး။ အဘ မီးညှပ်ကိုင်ပြီး ရောက်လာတယ်။ ကျုပ်က အဘကို ကြွက်ဂယ်လောင်းသေ ရှိတဲ့နေရာပြပြီး၊ ဂယ်လောင်းတွေ မြှုပ်ဖို့ ကြွင်းသွားတူးလိုက်တယ်။ အဘက မီးညှပ်နဲ့ တစ်ကောင်ချင်းညှပ်ပြီး ကော်ပြားနဲ့ တင်ယူလာတယ်။  ကြွက်ဂယ်လောင်း သုံးကောင်။ တွင်းထဲထည့်ပြီးလို့ မြေဖို့နေတုန်း …

“အဲ့ဒါပေါ့ကွ၊ကိုယ်ပြုတဲ့ကံ၊ကိုယ်ဆီ ပြန်လာတယ်ဆိုတာ။ သူတို့ က အေးအေးမနေဘဲ လူတွေကို နှောက်ယှက်နေတော့ အသေဆိုးနဲ့သေရတာပေါ့။ မင်းတို့ကလည်း သူတို့အသက်ကို သွားပြီးဒုက္ခပေးမိတော့၊ ကိုယ်လည်း ကာယဒုက္ခတွေ ပြန်ခံ စားရတာပေါ့”

အဘ စကားကို နားထောင်နေတာမဟုတ်ပေမယ့် ကျုပ်ကြားနေရတာ။ မြေကို ခပ်မို့မို့လေးဖို့ပြီး လက်စသတ်မယ်လုပ်ကာမှ ခွေးတွေယက်၊ ကြောင်တွေယက်ပစ်ရင် ခက်မယ်ဆိုတဲ့ အတွေးဝင်လာလို့ ကျောက်ခဲကြီးကြီးနဲ့ အုတ်နီခဲကျိုးတွေရှာပြီး အပေါ်ကနေ ဖိထားလိုက်ရသေးတယ်။ တော်တော်ဒုက္ခပေးတဲ့ ကြွက်ဂယ်လောင်းတွေ။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts