မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၇) – “ရှေးဟောင်းစုပေါင်းဆက်ဆံ” နှင့် “ထာဝရ တစ်လင်တစ်မယားစနစ်”

မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၇) – “ရှေးဟောင်းစုပေါင်းဆက်ဆံ” နှင့် “ထာဝရ တစ်လင်တစ်မယားစနစ်”

 Sapiens – A Brief History of Humankind by Yuval Noah Harari

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉ 

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

ဆေပီယန်စ် – ၁၇

အခုလို အငြင်းပွားစရာကိစ္စကိုဖြေရှင်းဖို့၊ ကျွန်တော်တို့ရဲ့ လိင်သဘာဝ၊ လူ့အဖွဲ့အစည်း နှင့် နိုင်ငံရေး စတာတွေကို နားလည်ဖို့အတွက် ကျွန်တော်တို့ရဲ့ရှေးဘိုးဘေးတွေရှင်သန်ရာ ဘဝအခြေအနေတွေအကြောင်းကို လေ့လာဖို့လိုအပ်လာပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀,၀၀၀) က ဖြစ်ခဲ့တဲ့ စဉ်စားသိမြင်ခြင်းပြောင်းလဲမှုကြီး နှင့် စိုက်ပျိုးရေးပြောင်းလဲမှုကြီး စတင်ခဲ့တဲ့ နှစ်ပေါင်း ၁၂,၀၀၀ တို့ရဲ့ကြားကာလမှာ ဆေပီယန်စ်တို့ ဘယ်လိုနေထိုင်ခဲ့ကြတယ်ဆိုတာကို ကျွန်တော်တို့ ဆန်းစစ်ရမှာပါ။

ကံမကောင်းစွာပဲ ကျွန်တော်တို့ရဲ့ ဘိုးဘေးရှာဖွေစားသောက်သူတွေရဲ့ ဘဝနှင့်ပတ်သက်တာပြီး သေချာပြောနိုင်တာဆိုလို့ အနည်းငယ်သာရှိပါတယ်။ “ရှေးဟောင်းစုပေါင်းဆက်ဆံ” သီအိုရီ နှင့် “ထာဝရ တစ်လင်တစ်မယားစနစ်” သီအိုရီ နှစ်ခုလုံးရဲ့အငြင်းပွားမှုဟာလည်း မခိုင်လုံတဲ့ ခနော်ခနဲ့အထောက်အထားတွေပေါ်မှာပဲ အခြေခံကြတယ်။

အမဲလိုက်ရှာဖွေစားသောက်သူခေတ်က အရေးအသားအထောက်အထားတွေ ကျွန်တော်တို့မှာ မရှိတာ အမှန်ပဲ။ ရှိပါတယ်ဆိုတဲ့ ရှေးဟောင်းသုတေသနအထောက်အထား အများစုကလည်း ရုပ်ကြွင်းဖြစ် အရိုးတွေ နှင့် ကျောက်လက်နက်ကိရိယာတွေသာ ဖြစ်တယ်။ ရှေးဟောင်း လူ့အသုံးအဆောင်ပစ္စည်းတွေကိုလည်း အထူးသီးသန့်အခြေအနေမျိုးမှာပဲ ကြာရှည်ခံတဲ့ သားရေ၊ ဝါး၊ သစ်သားစတဲ့ ပျက်စီးလွယ်တဲ့ အရာတွေနဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်။ လူသားတွေဟာလည်း စိုက်ပျိုးရေးခေတ်မတိုင်မှီက ကျောက်ခေတ်မှာပဲနေထိုင်ခဲ့ကြတယ်လို့ အများက အထင်မှားယူဆတာကလည်း ရှေးဟောင်းသုတေသနဆိုင်ရာ ဘက်လိုက်မှုကြောင့် ဖြစ်ပါတယ်။ အမှန်တကယ်မှာ ကျောက်ခေတ်ကို သစ်သားခေတ်လို့ ခေါ်သင့်တာပါ။ ဘာကြောင့်လည်းဆိုတော့ ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့လက်နက်ကိရိယာအများစုကို သစ်သားနဲ့ ပြုလုပ်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကျန်ရှိနေသေးတဲ့ ရှေးဟောင်းလူ့အသုံးအဆောင်ပစ္စည်းတွေကိုသုံးပြီး ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ ဘဝကို ပုံဖော်ပြန်လည်တည်ဆောက်တယ်ဆိုတာ အလွန်တရာမှ ခဲရာခဲဆစ်နိုင်တဲ့ အလုပ်ပါ။ ရှေးခေတ်ရှာဖွေ စားသောက်သူတွေ နှင့် သူတို့ရဲ့ သားစဉ်မြေးဆက်တွေဖြစ်တဲ့ စိုက်ပျိုးစားသောက်သူ၊ စက်မှုထုတ်လုပ်သူ တွေအကြား အကြီးမားဆုံး ကွာဟမှုတစ်ခုရှိပါတယ်။ အဲဒါကတော့ ရှေးခေတ်ရှာဖွေစားသောက်သူတွေမှာ လူ့အသုံးအဆောင်ပစ္စည်းဆိုလို့ အလွန်တရာကို နည်းပါးလွန်းတာပါပဲ။ ပြီးတော့ အဲဒီပစ္စည်းတွေဟာလည်း သူတို့ရဲ့ဘဝမှာ သိပ်အရေးမပါတဲ့ ကဏ္ဍမှာပဲ ရှိခဲ့ပါတယ်။

ဒီနေ့ခေတ် အလျှံပယ်ကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းတစ်ခုက သာမန်လူတစ်ယောက်ဟာ သူ့ဘဝသက်တမ်းတလျှောက်မှာ ကား၊ အိမ်၊ တစ်ခါသုံးကလေးအနှီး ကအစ နွားနို့ဗူးတွေအထိ သန်းနဲ့ချီတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ ပိုင်ဆိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ၊ ယုံကြည်မှု နှင့် ခံစားချက် စတဲ့အရာတွေဟာ ကျွန်တော်တို့ဖန်တီးထားတဲ့ အရာဝတ္ထုတွေရဲ့ လွှမ်းမိုးသက်ရောက်ခြင်း မခံရဘူးဆိုတာ မရှိသလောက်ပဲ။ အခုလို ဇွန်းတွေ၊ ဖန်ခွက်တွေ၊ မျိုးရိုးဗီဇပြောင်းလဲထားတဲ့သိုးတွေ၊ ဧရာမ ပင်လယ်ကူးသင်္ဘောကြီးတွေ စတဲ့ စိတ်ကူးနဲ့လိုက်မမှီအောင် များပြားလှတဲ့ အရာဝတ္ထုပစ္စည်းအမျိုးမျိုးက ကျွန်တော်တို့ရဲ့ အစားသောက်အလေ့အထအပေါ် လွှမ်းမိုးသက်ရောက်မှုတွေ ရှိပါတယ်။

ကစားပျော်ပါးဖို့အတွက်လည်း လိုအပ်တာထက်ပိုတဲ့ ကစားစရာအရုပ်တွေသုံးကြတာ ပလပ်စတစ်ကဒ်တွေကအစ လူတစ်သိန်းဆန့် ကစားကွင်းကြီးတွေအထိပဲ။ လက်စွပ်တွေ၊ အိပ်ယာတွေ၊ အဝတ်စားကောင်းတွေ၊ ဆက်ဆီ အတွင်းခံတွေ၊ ကွန်ဒုံးတွေ၊ ဖက်ရှင်ကျတဲ့ စားသောက်ဆိုင်များ၊ ဈေးပေါတဲ့ မိုတယ်တွေ၊ လေဆိပ်စင်္ကြန်တွေ၊ မင်္ဂလာခန်းမတွေ နှင့် ဧည့်ခံကျွေးမွေးရေးကုမ္ပဏီ စတာတွေဟာ ကျွန်တော်တို့ရဲ့ ချစ်စိတ်ကူးယဉ်မှု၊ လိင်ဆိုင်ရာ ရမ္မက်တွေနဲ့ ဆက်စပ်လျက်နေပါတယ်။

ရှေးဂျာမန်ဂေါ့သစ်ဘုရားကျောင်းကြီးတွေ၊ မွတ်ဆလင်တို့ရဲ့ ဗလီတွေ၊ ဟိန္ဒူကျောင်းတွေ၊ ရဟူဒီတိုးရကျမ်း သားရေလိပ်တွေ၊ တိဘက်ဂါထာရွတ်ဘီးတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ ဝတ်ရုံလွှာတွေ၊ ဖယောင်းတိုင်တွေ၊ အမွှေးတိုင်တွေ၊ ခရစ်စမတ်သစ်ပင်တွေ၊ ရဟူဒီ နံပြားချပ်တွေ၊ သင်္ချိုင်းဂူကမ္ပည်းကျောက်စာတိုင်တွေ၊ ရုပ်တုအမျိုးမျိုး စတဲ့အရာတွေကိုသုံးပြီး ကိုးကွယ်ရာဘာသာတရားက မြင့်မြတ်မှုဆိုတာတွေကို ကျွန်တော်တို့ရဲ့ဘဝထဲ ယူဆောင်လာပါတယ်။

အိမ်သစ်တစ်အိမ်သို့ပြောင်းရွှေ့ရတဲ့ အခါကျမှပဲ ပစ္စည်းပစ္စယတွေ ကျွန်တော်တို့မှာ ဘယ်လောက်များနေပြီလဲဆိုတာ သိရတာပါ။ ရှာဖွေစားသောက်သူတွေဟာ လတိုင်း၊ အပတ်တိုင်း၊ တခါတရံ နေ့တိုင်းလိုလို ရှိရှိသမျှအရာသမျှအရာကို ကျောမှာစုပေါင်းလွယ်ပိုးပြီး ရွေ့လျား အိမ်ပြောင်းခဲ့ကြတာပါ။ အဲဒီအချိန်က ရွှေ့ပြောင်းကုမ္ပဏီတွေ၊ ကုန်ကားတွေ ဒါမှမဟုတ် ဝန်ထုပ်တွေကူသယ်တဲ့ ကုန်တင်တိရိစ္ဆာန်တွေတောင် မရှိခဲ့ပါဘူး။ ရလဒ်အနေနဲ့ သူတို့ဟာ အရေးအကြီးဆုံး မရှိမဖြစ်ပစ္စည်းတွေကိုသာ ရွေးချယ်သယ်ယူကြခဲ့ကြပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ဘာသာရေး နှင် ခံစားမှုဆိုင်ရာတော်တော်များများကိုပြုမူဆောင်ရွက်တဲ့အခါ လူ့အသုံးအဆောင်ပစ္စည်းတွေမပါဘဲ လုပ်ဆောင်ခဲ့ကြမယ်လို့ ယူဆတာ သင့်လျော်ပါတယ်။

နောင်နှစ်ပေါင်း တစ်သိန်း(၁၀၀,၀၀၀)မှာ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးအနေနဲ့ ပျက်စီးနေတဲ့ဗလီတစ်ခုကနေ တူးဖော်ရရှိတဲ့ အမျိုးစားစုံလင်လှတဲ့ပစ္စည်းတွေကိုဆက်စပ်ပြီး မွတ်ဆလင်တွေရဲ့ ယုံကြည်မှု၊ ကျင့်ကြံမှုတွေကို အတိုင်းအတာတစ်ခုအထိ မှန်မှန်ကန်ကန် ပုံဖော်နိုင်မှာပါ။ ဒါပေမယ့် ရှေးခေတ်ရှာဖွေစားသောက်သူတွေရဲ့ ယုံကြည်မှု နှင့် ရိုးရာဓလေ့ကျင်းပမှုတွေကို နားလည်ဖို့ကြိုးစားတဲ့အခါမှာတော့ ကျွန်တော်တို့ အကြီးအကျယ် လမ်းပျောက်နေပါတယ်။

နောင်ကျရင် ၂၁ရာစု ဆယ်ကျော်သက်တွေရဲ့ လူမှုဆက်ဆံရေးဘဝကို ခုလက်ရှိကျန်နေသေးတဲ့ စာတိုက်ကပို့စာတွေနဲ့ ပုံဖော်ဖို့ကြိုးစားတဲ့အခါ အနာဂတ် သမိုင်းပညာရှင်တွေလည်း အခုလိုပဲ အကျပ်ရိုက် လမ်းပျောက်ကြမှာပါ။ ဘာကြောင်လည်းဆိုတော့ ဒီဆယ်ကျော်သက်တွေ အချင်းချင်းဖုန်းပြောတာ၊ အီးမေးလ်၊ ဘလော့ဂ်တွေ၊ မက်ဆေ့ခ်ျတွေ ကျန်ရှိနေမှာ မဟုတ်တော့တဲ့ အတွက်ပဲဖြစ်ပါတယ်။

ဒါကြောင့် ရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကို အခြေပြုအားကိုးပြီး ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ ဘဝကိုဖော်ထုတ်တာဟာ ဘက်လိုက်မှုတွေ ဖြစ်စေပါတယ်။ ဒီပြဿနာကို နောက်နည်းလမ်းတစ်ခုနဲ့ ဖြေရှင်းတာကတော့ ဒီနေ့ခေတ် ရှာဖွေစားသောက်သူလူ့အဖွဲ့အစည်းတွေကို လေ့လာတာပါ။

ဒီလူ့အဖွဲ့စည်းတွေကို မနုဿဗေဒဆိုင်ရာ စောင့်ကြည့်လေ့လာမှုတွေနဲ့ တိုက်ရိုက်လေ့လာနိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ရှာဖွေစားသောက်သူ လူ့အဖွဲ့အစည်းတွေကို လေ့လာဆန်းစစ်ပြီး ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ ဘဝကို ခန့်မှန်းတဲ့နေရာမှာ အလွန်သတိထားသင့်တယ်ဆိုတဲ့ အကြောင်းပြချက်ကောင်း တွေရှိပါတယ်။

ပထမ အနေနဲ့ ဒီနေ့ခေတ်အထိ ရှင်သန်ရစ်တဲ့ ရှာဖွေစားသောက်သူလူ့အဖွဲ့အစည်းအားလုံးဟာ သူတိုရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ စိုက်ပျိုးရေး နှင့် စက်မှုထုတ်လုပ်သူ လူ့အဖွဲ့အစည်းတွေ လွှမ်းမိုးတာကို ခံရပါတယ်။ ရလဒ်အနေနဲ့ သူတို့အတွက်မှန်တဲ့အရာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သောင်းနဲ့ချီခဲ့တဲ့ အချိန်ကလည်း မှန်နေမှာပဲလို့ ယူဆခြင်းဟာ အန္တရာယ်များပါတယ်။

ဒုတိယ အနေနဲ့ ဒီနေ့ခေတ် ရှာဖွေစားသောက်သူလူ့အဖွဲ့အစည်းတွေဟာ ခက်ခဲကြမ်းတမ်း ရာသီဥတုအခြေအနေတွေ၊ မြေဆီလွှာဆိုးဝါးပြီး စိုက်ပျိုးရန်မသင့်တော်တဲ့ နေရာတွေမှာသာ ရှင်ကျန်ရစ်ပါတယ်။ တောင်အာဖရိကမှာရှိတဲ့ ကလဟာရီ သဲကန္တာရ လို ပြင်းထန်စွားဆိုးဝါးတဲ့နေရာမှာ လိုက်လျောညီထွေအောင် နေထိုင်ခဲ့တဲ့လူ့အဖွဲ့အစည်းတွေဟာ မြေသြဇာကောင်းတဲ့ ယန်ဇီမြစ်ဝှမ်းမှာနေထိုင်ခဲ့တဲ့ ရှေးခေတ်လူ့အဖွဲ့အစည်းကို နားလည်ဖို့ အလွန်လွဲမှားတဲ့ ဥပမာကို ပေးမှာပါ။

အထူးသဖြင့် ကလဟာရီ သဲကန္တာရက လူဦးရေထူထပ်မှုဟာ ရှေးခေတ်ယန်ဇီမြစ်မှာ ရှိတဲ့လူဦးရေပမာဏထက် အများကြီးပိုလျော့နည်းပါတယ်။ ဒီအရာက သူတို့ လူ့အသိုင်းအဝိုင်းနှစ်ခုအကြား လူဦးရေပမာဏနှင့် လူ့အသိုင်းအဝိုင်းဖွဲ့စည်းပုံ စတဲ့အရာတွေနဲ့ ပတ်သက်လို့ အရေးကြီးတဲ့မေးခွန်းတွေကို ဖြေဆိုတဲ့နေရာမှာ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိပါတယ်။

တတိယ အနေနဲ့ ရှာဖွေစားသောက်သူလူ့အဖွဲ့အစည်းအမျိုးမျိုးအကြား အသိသာဆုံး အမှတ်လက္ခဏာကတော့ သူတို့တစ်ခုနှင့်တစ်ခုအကြားမှာရှိတဲ့ ကွဲပြားခြားနားမှုပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ခြမ်းစီမှာရှိတဲ့ လူ့အဖွဲ့အစည်းအချင်းချင်း ကွဲပြားကြတာမျိုးမဟုတ်ဘဲ နယ်မြေတစ်ခုထဲမှာလည်း အချင်းချင်းကွဲပြားကြတယ်။ ဥပမာကောင်းတစ်ခုကတော့ ဥရောပကနေ သြစတေးလျတိုက်ကို ကနေဦးအခြေချသူတွေဟာ သြစတေးလျတိုက်က အဘိုရိုဂျီနယ်လူတွေကြားမှာ များပြားလှတဲ့ကွဲပြားခြားနားမှုအမျိုးမျိုးကို တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဗြိတိသျှက မသိမ်းပိုက်ခင်အထိ သြစတေးလျတိုက်မှာ ရှာဖွေစားသောက်သူတွေ အယောက်သုံးသိန်း ကနေ ခုနစ်သိန်းအထိ မျိုးနွယ်စု အရေအတွက် ၂၀၀ ကနေ ၆၀၀ အကြားနေထိုင်ခဲ့ကြပါတယ်။ မျိုးနွယ်စုတစ်ခုတည်းကိုပဲ နောက်ထပ် အုပ်စုတွေအများအပြား ထပ်ခွဲခြားနိုင်ပါသေးတယ်။ မျိုးနွယ်စုတစ်ခုချင်းဟာလည်း ကိုယ်ပိုင်ဘာသာစကား၊ ကိုးကွယ်မှုဘာသာတရား၊ လူမှုရေးသတ်မှတ်ချက်တွေ၊ ဓလေ့ထုံးတမ်းတွေ ရှိပါတယ်။ ဒီနေ့အချိန်မှာ အဲတလိတ် လို့ခေါ်တဲ့ သြစတေးလျတောင်ပိုင်းဒေသမှာ နေထိုင်တဲ့ ယောက်ျားကြီးစိုးတဲ့ မျိုးနွယ်စုအများအပြားဟာ အဖေဘက်ကဆင်းသက်လာတဲ့ အမျိုးကိုသာ အသိအမှတ်ပြုကြတယ်။ အဲဒီမျိုးနွယ်စုတွေဟာ စုပေါင်းမျိုးနွယ်စုတစ်ခုအဖြစ် ပေါင်းစည်းကြပြီး တင်းကျပ်တဲ့ ကန့်သတ်နယ်နမိတ်အတွင်းမှာ နေထိုင်ကြတယ်။ တခြားတစ်ဘက်မှာတော့ သြစတေးလျမြောက်ပိုင်းက မျိုးနွယ်စုအချို့ဟာ လူတစ်ယောက်ရဲ့ အမေဘက်ကမျိုးဆက်ကိုသာ ပိုမိုအရေးပေးကြပါတယ်။သည်။ ဒါ့အပြင် လူတစ်ယောက်ရဲ့မျိုးနွယ်စုအမှတ်လက္ခဏာဟာ သူနေထိုင်တဲ့နယ်နမိတ်အစား သူကိုးကွယ်တဲ့ မျိုးနွယ်စုနတ်ရုပ် အပေါ်မှာသာ အခြေခံပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ရှေးခေတ် ရှာဖွေစားသောက်သူတို့ရဲ့ အမျိုးမျိုးသော မျိုးနွယ်စုနှင့်ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားမှုပေါင်းစုံဟာ တကယ်အထင်ကြီးအံ့သြစရာကောင်းတာကို တွေ့ရပါတယ်။ စိုက်ပျိုးရေးပြောင်းလဲမှုကြီးခေတ်မတိုင်မီက ကမ္ဘာပေါ်က လူဦးရေ ၅သန်းကနေ ၈သန်းကြားမှာရှိတဲ့ ရှာဖွေစားသောက်သူတွေဟာလည်း ထောင်ပေါင်းများစွာသော မတူကွဲပြားတဲ့ မျိုးနွယ်စုတွေအဖြစ် ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေ ထောင်ပေါင်းများစွာနဲ့ ကွဲပြားရှင်သန်ခဲ့ကြတယ်။

နောက်ဆုံးတော့လည်း ဒီအခြင်းအရာတွေကပဲ စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီးရဲ့ အဓိကအမွေအနှစ် ဖြစ်ပါတယ်။ စိတ်ကူးယဉ်ဖန်တီးနိုင်ခြင်း ဆိုတဲ့အရာ ပေါ်လာတာကြောင့် မျိုးရိုးဗီဇတူညီပြီး တူညီတဲ့ဂေဟပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ လူတွေတောင်မှ အလွန်တရာကွဲပြားခြားနားတဲ့ စိတ်ကူးအရှိတရားတွေ ဖန်တီးနိုင်ခဲ့ကြတယ်။ အဲဒီစိတ်ကူးအရှိတရားတွေမှာ သူတို့တွေရဲ့ မတူကွဲပြားတဲ့ လူမှုရေးသတ်မှတ်ချက်တွေ၊ လူမှုတန်ဖိုးတွေ တွေ့ရပါတယ်။

ဥပမာအနေနဲ့ အခုချိန် အောက်စဖို့ဒ်တက္ကသိုလ် ရှိတဲ့နေရာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသောင်းက နေထိုင်တဲ့ ရှာဖွေစားသောက်သူအုပ်စု နှင့် အခုချိန် ကင်းဘရစ်ခ်ျတက္ကသိုလ် ရှိတဲ့နေရာမှာ နေထိုင်တဲ့ လူအုပ်စုတို့ဟာ ကွဲပြားတဲ့ဘာသာစကားကို ပြောဆိုခဲ့ကြမှာ အသေအချာပါပဲ။ အုပ်စုတစ်ခုက အေးဆေးငြိမ်းချမ်းပြီး တခြားအုပ်စုက ရန်လိုခက်ထန်ခဲ့မှာပဲ။ ကင်းဘရစ်ခ်ျမှာ နေတဲ့လူတွေက အသိုင်းအဝိုင်းအလိုက်နေထိုင်ပြီး အောက်စဖို့ဒ်က လူတွေကတော့ သီးသန့်မိသားစုငယ်အဖြစ် နေကောင်းနေခဲ့ကြမှာပဲ။ ကင်းဘရစ်ခ်ျက လူတွေက သူတို့ကိုစောင့်ရှောက်တဲ့ နတ်ဝိဉာဉ်တွေကိုသစ်သားရုပ်ထုအဖြစ် နာရီပေါင်းများစွာထုလုပ်ကြပြီး အောက်စဖို့ဒ်က လူတွေကတော့ ကခုန်ခြင်းနဲ့ ကိုးကွယ်ပူဇော်ခဲ့ကြမှာပါ။ ကင်းဘရစ်ခ်ျမှာ နေတဲ့လူတွေက လူဝင်စားခြင်းကိုယုံကြည်ကြပြီး တခြားအုပ်စုကတော့ အဲဒါကို အဓိပ္ပါယ်မရှိတဲ့အရာအဖြစ် ထင်မြင်ခဲ့မှာပါ။ အသိုင်းအဝိုင်းတစ်ခုမှာ လိင်တူချစ်ကြိုက်ခြင်းကို လက်ခံကြပေမယ့် အခြားတစ်ခုမှာတော့ လုံးဝတင်းကျပ်စွာ တားမြစ်ထားတဲ့အရာ ဖြစ်ကောင်းဖြစ်ခဲ့မှာပါ။

တခြားနည်းနဲ့ပြောရရင် ဒီနေ့ခေတ်ရှာဖွေစားသောက်သူတွေကို မနုဿဗေဒနည်းလမ်းနဲ့ လေ့လာစောင့်ကြည့်မှုတွေဟာ ရှေးခေတ်ရှာဖွေစားသောက်သူတွေရဲ့ ဖြစ်နိုင်ချေတချို့ကို နားလည်နိုင်စေပေမယ့်လည်း ရှေးခေတ်ကဖြစ်နိုင်ချေရှိတဲ့အရာတွေကလည်း မိုးကုပ်စက်ဝိုင်းပမာ အလွန်ကျယ်ပြန့်လှပါတယ်။ ပြီးတော့ အဲဒီိအရာတော်တော်များများဟာလည်း ကျွန်တော်တို့မမြင်နိုင်အောင် ဖုံးကွယ်လျက်ရှိပါတယ်။

ဟိုမို ဆေပီယန်စ်တို့ရဲ့ “သဘာဝတရားနဲ့လိုက်လျောစွာနေထိုင်မှု” ဆိုတဲ့အရာကို လူအများ အလွန်အငြင်းပွားကြတာကပဲ တကယ်အဓိကကျတဲ့ အကြောင်းအရာတွေကနေ လူတွေကို လမ်းလွဲစေတာပါ။ စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီး စတင်ဖြစ်ပျက်ချိန်ကစပြီး ဆေပီယန်စ်အားလုံးရဲ့ တသမတ်တည်းသော “သဘာဝတရားနဲ့လိုက်လျောစွာနေထိုင်မှု” ဆိုပြီး မရှိခဲ့ပါဘူး။ အမျိုးမျိုးသော လူ့ယဉ်ကျေးမှုပုံစံတွေကို မယုံနိုင်လောက်အောင်များပြားလှတဲ့ ဆေးစပ်ပန်းချီပြားပေါ်မှာရှိတဲ့ ဖြစ်နိုင်ချေအမျိုးမျိုးထဲက ရွေးသလိုမျိုး ရွေးချယ်ခဲ့ရတာပါ။

မိုးကုပ်စက်ဝိုင်းလို ကြီးမားကျယ်ပြန့်တဲ့ ဖြစ်နိုင်ချေအမျိုးမျိုး ဆိုတာဟာ ပတ်ဝန်းကျင်ဂေဟစနစ်၊ နည်းပညာ နှင့် ယဉ်ကျေးမှုဆိုင်ရာ အကန့်အသတ်တွေရှိပေမယ့်လည်း လူ့အသိုင်းအဝိုင်းတစ်ခုမှာ ဖြစ်နိုင်တဲ့ ယုံကြည်ကိုးကွယ်မှုတွေ၊ အလေ့အထတွေ၊ ခံစားတွေ့ကြုံစရာအမျိုးမျိုးသော ရောင်စဉ်တန်းကြီးတစ်ခုလုံးကို ဆိုလိုပါတယ်။

ဘာသာပြန် – မာန်သီဟထွန်း

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။
http://www.aboriginal.photography/
https://instinctmusic.com.au/live…/aboriginal-performers-sa/
https://www.warpaths2peacepipes.com/native-…/stone-tools.htm
http://www.krugerpark.co.za/africa_bushmen.html