ဘာသာပြန်ကဏ္ဍ အခန်းဆက်များ ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) -ဒီမိုကရေစီနိုင်ငံတွင် မကြုံစဖူးဖြစ်ရပ်များ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) -ဒီမိုကရေစီနိုင်ငံတွင် မကြုံစဖူးဖြစ်ရပ်များ

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၅

(မိုးမခ)  ဖေဖော်ဝါရီ ၇၊ ၂၀၁၉

Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE စာအုပ်မှ The Unrevealing ကို ဘာသာပြန်ခြင်းဖြစ်သည်။

အကယ်၍များလွန်ခဲ့သော (၂၅) နှစ်လောက်က၊ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးအတိုက်အခံများကို ထောင်ချရန်ခြိမ်းခြောက်သည်။ နိုင်ငံအတိုက်အခံများကလည်း အစိုးရကိုမဲများခိုးယူသည်၊ အစိုးရကို အာဏာရှင်စံနစ်ကျင့်သုံးသည်ဟု စွပ်စွဲသည်။ ပါတီများက သူတို့မကြိုက်သော သမ္မတများကို တရားမဝင် ဟူ၍ကြေငြာသည်။ တရားရုံးချုပ်၏နေရာများကို ခိုးယူသည်ဟူ၍ဆိုကြလျှင်၊ ထိုနိုင်ငံသည် အမေရိကန်နိုင်ငံ ဖြစ်လိမ့်မည်ဟူ၍ လုံးဝစဉ်းစားမည်မဟုတ်ပါ။ ထိုနိုင်ငံသည် အီကွာဒါ (Ecuador) သို့မဟုတ် ရိုမေးနီးယား (Romania) ကဲ့သို့ အာဏာရှင်နိုင်ငံများဟု ထင်ကြမည်ဖြစ်ပါသည်။

သို့သော်လည်း အမေရိကန်နိုင်ငံတွင် အပြန်အလှန်သည်းခံခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို ချိုးဖောက် ခြင်းကြောင့်၊ မကြုံစဖူးအဖြစ်များကို သမ္မတအိုဘားမား၏ လက်ထက်တွင် ဖြစ်လာပါသည်။ ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်ပါတီများသည် သာမန်နိုင်ငံရေး ပြိုင်ဘက်များမဟုတ်တော့ပါ။ ရန်သူများပမာဖြစ်နေကြသည်။ မဲပေးသူများသည် လူမျိုး၊ ဘာသာရေး၊ ပထဝီအနေအထားနှင့် ဘဝတို့တွင် ကွဲလွဲနေကြသည်။

(ဤအဖြစ်များသည် သမ္မတအိုဘားမား၏လက်ထက်တွင် ဖြစ်သည်ဟု ဤစာအုပ်တွင် ဆိုထားပါ သည်။ သို့သော်ငြားလည်း သမ္မတအိုဘားမား၏သက်တမ်းတစ်လျှောက်တွင် ထိုသမ္မတ ဘာမှဒုက္ခရောက် သည်ဟူ၍မကြားရပါ။ သမ္မတအိုဘားမားသည် နေရာတိုင်းတွင် ပန်းပန်လျှက်ရှိသည်ဟုဆိုရပါသည်။ ဒုက္ခရောက်သောသူမှာ အိုဘားမား၏ ဒီမိုကရက်ပါတီမှ ရွေးကောက်ပွဲဝင်သည့် ဟီလရေကလင်တန် (Hillary Clinton) ဖြစ်သည်။)

ဤသည်ကား ဤဘာသာပြန်သူ၏အယူအဆဖြစ်ပါသည်။ ယခု ထိုစာအုပ်မှအကြောင်းအရာများကို ဘာသာပြန်ပြပါမည်။

သမ္မတအိုဘားမား၏လက်ထက်တွင် ပြန်လှန်သည်းခံခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို ချိုးဖောက်သော ဖြစ်ရပ်ကြီးသုံးခုရှိပါသည်။

ပထမဖြစ်ရပ်မှာ၊ ၂၀၁၁ တွင် အစိုးရ၏ ချေးငွေအကန့်အသတ်နှင့်ဆိုင်သော အကျပ်အတည်း၊ (Debt Ceiling) ကပ်ဆိုက်ခြင်းဖြစ်သည်။ အစိုးရ၏ချေးငွေအကန့်အသတ်၏ဘောင်ကို အစိုးရက တိုးချဲ့ခြင်းအပေါ် လွှတ်တော်က သဘောမတူခြင်းဖြစ်သည်။ တစ်နည်းဆိုရသော အစိုးရက သူကြိုက်သလောက် ငွေမချေး နိုင်ခြင်းဖြစ်သည်။ အစိုးရအနေဖြင့် သူကြိုက်သလောက်ငွေမချေးနိုင်ခြင်းကြောင့် အချို့သောလုပ်ရမည့် လုပ်ငန်းများကို မလုပ်နိုင်ဖြစ်နေပါသည်။ အစိုးရအနေဖြင့် သူကြိုက်သလောက်ငွေချေးနိုင်ရန် လွှတ်တော်၏ သဘောတူညီချက် လိုအပ်ပါသည်။ လွှတ်တော်ကလည်း အစိုးရအနေဖြင့် သူကြိုက်သလောက် ငွေချေးနိုင် ခြင်းကိုသုံး၍ အစိုးရကို အကြပ်ကိုင်နိုင်ပါသည်။ သမ္မတအိုဘားမား၏ ကိစ္စတွင် အစိုးရအနေဖြင့် ဒုက္ခရောက် လုနီးဖြစ်ခဲ့ပါသည်။ ဤနေရာတွင် အိုဘားမားအစိုးရသည် မည်ကဲ့သို့လုပ်ဆောင်၍ ဒုက္ခရောက်ခြင်းကို ရှောင်နိုင်ခဲ့သည်ဟူသည်ကို ဘာသာပြန်သူအနေဖြင့် နားမလည်သောကြောင့် “မည်ကဲ့သို့လုပ်လိုက်သည်မသိ” ဟူ၍သာပြောချင်ပါသည်။

ဒုတိယဖြစ်ရပ်မှာ ၂၀၁၅ မတ်လကဖြစ်ခဲ့သောဖြစ်ရပ်ဖြစ်ပါသည်။ ဤဖြစ်ရပ်တွင် တွမ်ကော်တွန် (Tom Cotton) နှင့် ရီပတ်ဘလစ်ကန်အမတ် ၄၆ ယောက်သည် အီရန်နိုင်ငံ (Iran) ၏ ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခြင်းဖြစ်သည်။ ထိုအိတ်ဖွင့်ပေးစာတွင် ရေးသားဖော်ပြထားသည်မှာ – သမ္မတအိုဘာမားသည် အီရန်နိုင်ငံ၏ နယူကလီယာအစီအစဉ်နှင့်ပတ်သက်၍ ဘာမှညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ခွင့်မရှိကြောင်းဖြစ်သည်။ လွှတ်တော်အနေဖြင့် အိုဘားမား၏ဆောင်ရွက်ချက်ကို ဆန့်ကျင်ကြောင်း ရေးသားထားသည်။

တတိယဖြစ်ရပ်မှာ – သမ္မတအိုဘားမား၏ ၂၀၁၆ တွင် တရားရုံးချုပ်၌ မဲရစ်ဂါလင် (Merrick Garland) အား ခန့်အပ်ခြင်းကို တရားရုံးချုပ်က အတည်ပြုမပေးသောကိစ္စဖြစ်သည်။ ဤနေရာတွင် သိထား သင့်သည်မှာ – တရားရုံးချုပ်တွင် လွတ်နေသောနေရာကို သမ္မတအနေဖြင့် ခန့်အပ်ခြင်းကို ဘယ်တုန်းကမှ လွှတ်တော်က ငြင်းပယ်ခြင်းကို ပြုလုပ်သည့်ထုံးစံမရှိခဲ့ပါ။

ဤဖြစ်ရပ်သုံးခုဖြစ်သော အစိုးရ၏ ချေးငွေအကန့်အသတ်ကို သမ္မတအနေဖြင့် တိုးချဲ့ခွင့်ကို လွှတ်တော်ကပိတ်ပင်ခြင်း၊ သမ္မတအနေဖြင့် အီရန်နိုင်ငံနှင့်ချုပ်ဆိုသော စာချုပ်မျိုးကို ချုပ်ဆိုခွင့်မရှိကြောင်း လွှတ်တော်အမတ်များက စာရေးခြင်း၊ တရားရုံးချုပ်တွင် သမ္မတကခန့်အပ်သောသူကို လွှတ်တော်က အတည်ပြုမပေးခြင်း တို့သည် ဒီမိုကရေစီ၏ စံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်သည်။ (ဤကဲ့သို့ ချိုးဖောက် ခြင်းကြောင့် သမ္မတအိုဘားမားသည် ဘာမှဖြစ်သွားသည်ဟုမကြားပါ – ဘာသာပြန်သူ၏ မှတ်ချက်၊ ယူဆ ချက်)

ခုနှစ် ၂၀၀၀ တွင် အမေရိကန်နိုင်ငံတွင် ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်ပါတီတို့ကို မဲပေးသူများသည် လည်းကောင်း၊ ထိုပါတီဆိုင်ရာ နိုင်ငံရေးသမားများသည်လည်းကောင်း၊ သမိုင်းတွင် မကြံဖူးသောကွဲလွဲမှု များစွာကို ကြုံနေကြရသည်။ သို့ရာတွင် ထူးခြားချက်တစ်ခုမှာ – ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်ခြင်း အလုပ်များကို ရီပတ်ဘလစ်ကန်ပါတီက များစွာပြုလုပ်ခြင်းဖြစ်သည်။

ဤသည်ကား အဘယ်ကြောင့်ဖြစ်သနည်း? ထိုမေးခွန်းကို ကြိုးစား၍ဖြေရာတွင် တွေ့ရှိချက်များမှာ ဤသို့ဖြစ်သည်။

ပထမအကြောင်းမှာ – ခေတ်အလိုက်ပြောင်းလဲနေသော မီဒီယာ (media) သည် ရီပတ်ဘလစ်ကန် ပါတီအပေါ်တွင် ပို၍ အကျိုးသက်ရောက်မှုရှိသည်။ ရီပတ်ဘလစ်ကန်မဲပေးသူများသည် ဒီမိုကရက်များထက် ပိုမို၍ မီဒီယာကို အားကိုကြသည်။ ၂၀၁၀ ခုနှစ်တွင် ရီပတ်ဘလစ်ကန်မဲပေးသူများ၏ ၆၉% (ရာခိုင်နှုန်း) သည် ဖော့က်စ်သတင်း (Fox News) ကို ကြည့်ရှုသူများဖြစ်သည်။ ထင်ရှားသော ရေဒီယိုဟောပြောသူများသည် ရီပတ်ဘလစ်ကန်ဘက်သားများဖြစ်ကြသည်။

ဒုတိယအကြောင်းမှာ- အိုဘားမား၏လက်ထက်တွင် အိုဘားမားကိုဆန့်ကျင်သော ရီပတ်ဘလစ်ကန် ပါတီနှင့် ၄င်းကိုထောက်ခံသော သတင်းမီဒီယာသည် “ညှိနှိုင်းခြင်းကို ဆန့်ကျင်ရေး” (Anti-Compromise) မူဝါဒကို ကျင့်သုံးသည်။ ထို့ကြောင့် ညှိနှိုင်းရေးကိုလုပ်ချင်သောသူအားလုံးကို ရီပတ်ဘလစ်ကန်ပါတီမှ ထုတ်ပယ်ခြင်းခံရသည်။

တတိယအကြောင်းမှာ ငွေကြေးအားဖြင့် ရီပတ်ဘလစ်ကန်ကို ထောက်ပံ့နေသော အဖွဲ့အစည်း အားလုံးသည်လည်း ညှိနှိုင်းခြင်းကို ဆန့်ကျင်ကြသည်။

စတုတ္ထအကြောင်းမှာ –  (Tea Party) ၏ အကျိုးဆက်ဖြစ်သည်။ တီပါတီအုပ်စုနှင့် ၎င်းလှုပ်ရှားမှုက ပေးလိုက်သော အတွေးအခေါ်တစ်ခုမှာ – သူတို့အသိအမှတ်ပြုသော အမေရိကန်နိုင်ငံသည် တဖြေးဖြေး ဆုတ်ယုတ်၍လာနေပြီး အမေရိကန်နိုင်ငံစစ်စစ်ဟူသည် မရှိတော့ချေ။ အမေရိကန်လူမျိုးများသည် အမေရိကန်နိုင်ငံအတွင်းတွင် နိုင်ငံခြားသားများပမာဖြစ်နေလေပြီဟူ၍ နိုင်ငံရေးသိပ္ပံရှင် အာလီဟော့စချိုင်း (Arlie Hockschild) ကဆိုသည်။

ပဉ္စမအကြောင်းမှာ – ဂင်းရစ် (Gingrich) ဒေါ်နယ်ထရမ့် (Donald Trump) အထိ ရီပတ်ဘလစ်ကန် အမတ်များသည် အုပ်စုအမျိုးမျိုးကွဲနေကြသော လူ့ပတ်ဝန်းကျင်တွင် ပြိုင်ဘက်များကို ရန်သူဟုယူဆပြီး နိုင်ငံရေးကို စစ်တိုက်ခြင်းကဲ့သို့ သဘောထားခြင်းသည် အသုံးဝင်သောလုပ်ရပ်ဖြစ်သည်ဟု ယူဆသည်။ အထူးသဖြင့် နိုင်ငံရေးတွင် ကိုယ့်ဘက်က ရှုံးဖို့အလားအလာများလျှင် အသုံးဝင်သည်။

ထို့ကြောင့် ပြန်ချုပ်ရလျှင် သမ္မတအိုဘားမားလက်ထက်တွင် ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက် သောဖြစ်ရပ်သုံးခုရှိ၏။ ၄င်းတို့မှာ ပထမ – ၂၀၁၁ တွင် သမ္မတကိုဆန့်ကျင်သော ရီပတ်ဘလစ်ကန်ပါတီသည် သမ္မတကို သူကြိုက်သလောက်ငွေမချေးနိုင်အောင် ပိတ်ပင်သည်။ ဒုတိယ – ၂၀၁၅ တွင် သမ္မတအနေဖြင့် အီရန်နိုင်ငံနှင့် သဘောတူစာချုပ်ချုပ်ခွင့်မရှိကြောင်းကို ရီပတ်ဘလစ်ကန်ပါတီက အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။ တတိယ – ၂၀၁၆ တွင် သမ္မတ၏ တရားရုံးချုပ်တွင်ခန့်သောသူကို ရီပတ်ဘလစ်ကန်လွှတ်တော်က ပိတ်ပင်သည်။

ထိုကဲ့သို့ ဒီမိုကရေစီစံနှုန်းများကို ပိတ်ပင်သောအလုပ်ကို ရီပတ်ဘလစ်ကန်ပါတီကသာ ပြုလုပ်ခြင်း သည် အဘယ့်ကြောင့်နည်း?

အကြောင်းအားဖြင့် ငါးခုရှိသည်။

တစ် – ခေတ်အလိုက်မီဒီယာ၏ အကျိုးသက်ရောက်မှုသည် ရီပတ်ဘလစ်ကန်အမတ်များနှင့် မဲပေး သူများအပေါ် ပို၍ များသည်။

နှစ် – မီဒီယာသည် ညှိနှိုင်းခြင်းကို ဆန့်ကျင်သောမူဝါဒကို ကျင့်သုံးသည်။

သုံး – ရီပတ်ဘလစ်ကန်ကို ထောက်ခံသော ငွေကြေးပိုင်ရှင်များသည် ညှိနှိုင်းခြင်းကို ဆန့်ကျင်ကြ သည်။

လေး – တီးပါတီအုပ်စုလှုပ်ရှားမှု၏ အကျိုးဆက်တစ်ခုမှာ – အမေရိကန်နိုင်ငံသားများကိုယ်တိုင်သည် သူတို့၏နိုင်ငံတွင် နိုင်ငံခြားသားများပမာဖြစ်နေပြီ ဟူသော အတွေးအခေါ်ဝင်နေကြသည်။

ငါး – ရီပတ်ဘလစ်ကန်အမတ်များအဖို့ ပြိုင်ဘက်များကို ရန်သူများဟု သဘောထားခြင်းသည် အသုံးဝင်သည်ဟု ယူဆသည်။

ထို့ကြောင့် ဒေါ်နယ်ထရန့်၏လက်ထက်တွင် ဒီမိုကရေစီစံနှုန်းများသည် ပို၍ယိုယွင်းလာသည်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts