ကဗျာ

ကိုပွေး ● ရာရာ စစ

ကိုပွေး ● ရာရာ စစ
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၉

ဒီရာဝင်အိုးကြီးက နှစ်ငါးဆယ်ကျော်ပြီ မက မကမယ်
ပြောင်းတဲ့မြို့တိုင်း သူပါတယ်
အိုးနှုတ်ခမ်းပတ်ပတ်လည်မှာ ကနုတ်အလှအပြည့်နဲ့
ကြိုးဆိုင်းမရအောင် နဖားသုံးကွင်းတောင်ပါသေးတာ
ခုတော့ အရောင်တွေလွင့်ပြီး အက်တောင်နေပြီ။

အညာဘုရားပွဲမှာ သူတို့တတွေကို စမြင်ဖူးခဲ့တာ
ကောက်ရိုးအဖွေးသားနဲ့ နွားလှည်းတွေကြား
တချို့ကမှောက်လျက် တချို့က ထိုင်လျက်
အများစုက တုံးလုံးပက်လက်
စဉ့်ရောင်တလက်လက်နဲ့ အိုးအကြီးကြီးတွေကို
ပွတ်သပ်ငေးမော သဘောကျခဲ့မိတာ
ဒီလောက်အကြီးကြီး ဘာလုပ်မှာလဲပေါ့

အမေက အညာသူမို့ အိမ်ကို သူရောက်လာသလား
အဖေတာဝန်ကျရာ သူ့ကို ဝိုင်းမတင်နေကြရတာ
ကားတတန် ရထားတတန် ဒူပေဒါပေ အတော်ခံတယ်
အိမ်မှာတော့ သူ့ထဲ ရေချို အမြဲထည့်ထားကြတာ
အမေ ထမင်းချက်ရင် သူက သီချင်းလေးတအေးအေးနဲ့
သူ့ကို အမေက စကောတချပ်အမြဲဆောင်းပေးထားတာ

အမေ့ရဲ့ အညာအလွမ်းပြေကြီး သူလဲ ခုအိုနနေရှာပါပြီ
မြေကြီးထဲ သူ့ခြေသည်းကြီးတွေ မြုပ်လို့
သူ့တကိုယ်လုံး ပဲ့ရာ ခြစ်ရာ အက်ရာကြီးပဲ
ကနုတ်တွေပြုတ်ကုန်ပြီ
နဖားတော့ ကောင်းသေးတယ်

အိုးချင်းမထားတော့ အိုးချင်းလဲ မထိရရှာဘူး
ခု ရက်ပိုင်း
‘လူရာသိပ်ဝင်ချင်နေလား ရာဝင်အိုးထဲ ဝင်နေပါ’ ဆိုပြီး
သူက လူလို ခနခန အော်နေလေရဲ့
လေပါတယ်ဗျာ ရာရာစစ ရာဝင်အိုးက။

ကိုပွေး
၂၁၊ ၇၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts