ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● အငွေ့ များနောက်ကို နောက်ယောင်ခံလိုက်မိခြင်း

ဆောင်းယွန်းလ ● အငွေ့ များနောက်ကို နောက်ယောင်ခံလိုက်မိခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၉

ရွေ့တော့ရွေ့နေတာဘဲ
အကွေ့ တွေများလွန်းတော့
အရွေ့ဟာ အငွေ့ပျံလွယ်ခဲ့တယ်

ပဲ့နေတဲ့အကိုင်းတွေနဲ့ 
ကျိုးနေတဲ့ အခက်အလက်တွေပေါ်မှာ
စကားလုံးကြီးကြီးတွေ ဘီးတပ်စီးရင်း
ကြီးမြတ်ခဲ့ရသော ရာဇဝင်သမိုင်းများ

ယဉ်ကျေးသော မျိုးနွယ်စုတခုဖြစ်ဖို့ 
ခါးထက်က သစ်ရွက်တွေကို
အဝတ်အထည်တွေနဲ့  အစားထိုးနိုင်ခဲ့ပေမဲ့
စိတ်ရဲ့ပိုးထိုးလောက်ကိုက်ခြင်းဒဏ်ရာအတွက်
အစားထိုးစရာကုထုံးက
မုန့်လုံးထဲကပ်နေတဲ့ စက္ကူတရွက်သာ

နိဗ္ဗာန်ကို အိပ်မက်နဲ့သွားနေသူများ
ကိုယ့်စကားလုံးကိုယ်တက်နင်းမိရင်း
ကျင်းနက်ထဲ ဇောက်ထိုးကျသလိုမျိုး
မိုးကိုမျှော်ရင်း မြေပြိုနေတာကိုလည်း သတိမထားမိခဲ့

ဒီလိုနဲ့ဘဲ
ရွှေမိုးငွေမိုးတွေ မကြာမီရွာမည်
အာကာသအပြင်မှာ
သီးချင်းစီးရင်း ကြီးပြင်းမည်
ခေတ်လွန်ပန်းချီကားချပ်ထဲမှာ
ဘာမှမပါတဲ့ ဗလာကို ဆေးမင်ရည်နဲ့စုတ်ထိုးမည်

ခေတ်မီဖွံ့ဖြိုးတိုးတက်နေသော
အနှီကမ္ဘာကြီးထဲ
ဘုရားဖူးရင်း တရားဦးတရားမြတ်များလည်းရခဲ့ပါတယ်

ဒီလိုပါဘဲ
တနေ့ ရွေ့နိုးနိုးနဲ့ 
အကွေ့ အကောက်များတဲ့ လမ်းထက်မှာ
ကြွေနေတဲ့ပန်းကလေးတွေကိုလိုက်ကောက်ရင်းက
နွမ်းခြောက်သွားခဲ့ရတဲ့ နှစ်ကာလတွေနဲ့ 
အငွေ့ ကိုခိုစီးရင်း
ကိုယ့်မြင်ကွင်းအောက်ကပျောက်သွားကြတဲ့ သူငယ်ချင်းတွေ။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts