မောင်စွမ်းရည် ● ငြိမ်းချမ်းရေးလိုလားသော စစ်သားကြီး

February 2, 2019

မောင်စွမ်းရည် ● ငြိမ်းချမ်းရေးလိုလားသော စစ်သားကြီး
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၉

“ရဲဘော်သုံးကျိပ်” ဆိုတဲ့ စကားကို ကျွန်တော်တို့ လူမှန်းသိစအရွယ်ကတည်းက ကြားဖူးခဲ့တယ်။ ရဲဘော်သုံးကျိပ်ဝင်တို့ရဲ့ အမည်ကိုတော့ သုံးဦးပဲ သိခဲ့ဖူးပါတယ်။ ဗိုလ်အောင်ဆန်း၊ ဗိုလ်လကျာ်၊ ဗိုလ်ကျော်ဇောတဲ့။ နောင်မှာ တခြားဗိုလ်တွေရဲ့ အမည်ကို သိလာ ရပါတယ်။

ကျွန်တော်ငယ်စဉ်က အားကျဂုဏ်ယူစရာ “စစ်ပြန်ရဲဘော်” ၄ ဦးကြီးများတောင် ရှိခဲ့ပါရဲ့။ “စစ်ပြန်ရဲဘော်” ဆိုတာ ဖက် ဆစ်တော်လှန်ရေးစစ်ပွဲက ပြန်လာသူတွေကို ခေါ်တာပါ။  စစ်ကြီးပြီးစ “ဇဝန စာပြောင်” ထဲမှာ “စစ်ပြန်ရဲဘော်၊ မြေပဲလှော်၊ ဟစ်အော်ရောင်းမည်မှတ်” ဆိုတဲ့ သင်ပုန်းကြီးဖတ်စာသံပေါက်ကို ကျွန်တော်တို့ကလေးတွေ အော်ကောင်းကောင်းနဲ့ အော် ခဲ့ဖူးပါတယ်။ တကယ်လည်း စစ်ပြန် ရဲဘော်တချို့ဟာ  ခြေပြတ် လက်ပြတ်တွေနဲ့ အလုပ်မရှိ၊ အကိုင်မရှိ၊ ကူညီထောက်ပံ့သူ မရှိဘဲ၊ မြေပဲလှော်ရောင်းပြီး  အသက်မွေး ဝမ်းကျောင်းခဲ့ရတာတွေ ရှိပါသတဲ့။

ကျွန်တော်တို့ရွာက တောကြို အုံကြား ကျေးတောကျောက်ကုန်း အညာရွာလေးတရွာပါ။ ရွာငယ်ပေမယ့် ရွာနီး ချုံစပ် ရွာကြီး ရွာငယ်တွေထဲမှာ ကျွန်တော်တို့ရွာက စစ်ပြန်ရဲဘော်အများဆုံးလို့ ဂုဏ်ယူခဲ့ရပါတယ်။ နောင်အခါ စဉ်းစားမိတာကတော့ စာကြည့်တိုက်ကလေးရှိခဲ့ဖူးတဲ့ အကျိုးကျေးဇူးကြောင့် ဒီလို နိုင်ငံရေး အသိပိုတဲ့လူငယ်တွေ ထွက်ပေါ်ခဲ့ရတာလို့ မြင်မိ ပါတယ်။ “စစ်ပြန်” ဆိုတဲ့ ဝေါဟာရအပြင် “စစ်ထဲလိုက်တယ်” ဆိုတဲ့ စကားကိုလည်း နားစွဲခဲ့ရပါတယ်။ “စစ်ထဲကိုလည်း မောင်လိုက်တော့မယ်၊ ပျိုမေတပါးရယ် မတားနဲ့တော့ကွယ်”စတဲ့ ဇာတိမာန်သီချင်းမျိုးတွေကလည်း တောကြိုအုံကြားထိ ရောက်ခဲ့ပေတာကိုး။

ရွာက စစ်ပြန်ရဲဘော်အားလုံးဟာ အဖေ့ညီများနဲ့ အမေ့မောင်များပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် ကျွန်တော့်ဦးလေးများဖြစ်တဲ့ စစ်ပြန်ကြီးတွေရဲ့ လက်တွေကိုဆွဲပြီး ရွာထဲ ယာထဲ လည်ပတ်သွားလာရင်း ကြီးပြင်းခဲ့ရပါတယ်။ သူတို့ရဲ့နှုတ်ဖျားက မချတဲ့ ဗိုလ်အောင်ဆန်း၊ ဗိုလ်ကျော်ဇော စတဲ့ ရဲဘော်သုံးကျိပ်ဗိုလ်တွေရဲ့အမည်ကိုလည်း နားစွဲခဲ့ရပါတယ်။  သူတို့က ဗိုလ် အောင်ဆန်း၊ ဗိုလ်ကျော်ဇောတို့နဲ့ အနီးကပ်နေခဲ့ရတဲ့ ဘီဒီအေ ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော်သားတွေပါ။ သူတို့ဗိုလ် တွေက ဘယ်လိုသတ္တိပြောင်တာ၊ “ဂျပန်ငပု” တွေကို ဘယ်လိုတိုက်ခဲ့ကြတာ စသဖြင့် တောသုံးတောင် ပြောမဆုံးပေါင် ဆိုသလို ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ဗိုလ်တွေအကြောင်းကို ပုံတိုပတ်စသဖွယ် တသက်လုံး ပြောသွားခဲ့ကြပါတယ်။ တ ယောက် က ကျောင်းဆရာ၊ တယောက်က   ဆံပင်ညှပ်သမား စက်ချုပ်ဆရာ၊ တယောက်က မြေတိုင်းစာရေး၊ တယောက်က ပဲပြောင်း နှမ်းဝါစိုက်တဲ့ တောင်သူကြီးဆိုတော့  နားသောတဆင်မယ့် ပရိသတ်ကလည်း များပေသပေါ့။ သူတို့ပြောခဲ့ကြတဲ့ ပုံတိုပတ် စထဲက သူတို့ရဲ့ ဗိုလ်ကျော်ဇောကို သူတို့ ဘယ်လောက်ချစ်ခင်ရင်းနှီးခဲ့တယ်ဆိုတာ သိသာစေတဲ့ “ပုံပြင်” တချို့ကို ဖောက် သည်ချချင်တယ်။

သူတို့ရဲ့တပ်ရင်းက မြစ်ဝကျွန်း ပေါ်ဒေသမှာ စစ်ဆင်ရေးလုပ်နေကြတဲ့ကာလတခုမှာ ဖြစ်ပါတယ်။ အဲဒီအခါက ဗိုလ် ကျော် ဇောရဲ့ ရဲဘော်တွေထဲမှာ အညာသားတွေ များသတဲ့။ အညာသားရဲဘော်တွေကို အမြဲတမ်းသတိပေးရတာက “ဟေ့ – အညာသားရဲဘော်တွေ မျှော့တွယ်မယ်နော်၊ သတိထားကြ၊ မျှော့တွယ်ရင် လန့်မအော်ကြနဲ့” တဲ့။ တကယ်လည်း  အညာ သားရဲဘော်တွေက သေနတ်မှန်မှာထက် မျှော့တွယ်မှာကို ကြောက်ရွံရှာကြသတဲ့။ အညာသားရဲဘော်တွေ ခြံရံပြီး အညာ ဒေသအကြောင်းတွေ မေးရင်း ပြောရင်း ချီတက်လေ့ရှိသတဲ့။ တနေ့တော့ နေ့ခင်းနေ့လယ်တခုမှာ မိုးထဲလေထဲ ရွှံ့ဗွက်ထဲကို ဖြတ်ပြီး ချီတက်ကြရင်း လား ဝန်တင် ၄-၅ ကောင် ပါလာတယ်။ လားတ ကောင်ကိုတော့ အရန်အဖြစ် ဝန်မတင်ဘဲ အလွတ် ဆွဲလာခဲ့ကြသတဲ့။ အတော်လေး ခရီးပေါက်လာကြတော့ ရဲဘော်တွေက “ဗိုလ်မှူး ခရီးပန်းမယ်၊ ရေတွေမိုးတွေနဲ့ဆိုတော့ ဖျားနာမှာလည်း စိုးရတယ်။ ဗိုလ်မှူး လားပေါ်တက်ပါ” လို့ တိုက်တွန်းကြသတဲ့။ ဗိုလ်မှူးကလည်း ထုံးစံအတိုင်း သဘောရိုးနဲ့ “မင်းတို့နဲ့ အတူတူပေါ့ကွာ” လို့ ပြန်ဖြေသတဲ့။ တော်တော်လေးကြာတော့ တကြိမ်ထပ် ပြီး ရဲဘော်တွေက တိုက်တွန်းပြန်တယ်။ “ရဲဘော်တဦးတယောက် ဖျားရင်နာရင် သိပ်ကိစ္စမရှိဘူး။ ဗိုလ်မှူးဖျားလို့ မဖြစ်ဘူး” တဲ့။ ဒီတော့လည်း သူတို့ဗိုလ်မှူးက သူ့ ရဲဘော်တွေကို အလိုလိုက်တဲ့အနေနဲ့ လားပေါ်ကို တက်ခွလိုက်တယ်။ “အေး-အေး၊ ခဏလောက် စီးမယ်ကွာ” တဲ့။ ဗိုလ်မှူး လည်း လားပေါ်ရောက်သွားရော ရဲဘော်တွေ အားလုံးက တက်တက်ကြွကြွနဲ့ စစ်ချီ သီချင်းတပုဒ်ကို သံပြိုင်ဟစ်လိုက်ကြသတဲ့။ “ဒို့- ဗိုလ်ဟာ -ားကို စီးလို့ ရှေ့ကတက်ပါတယ်၊ ဘယ်မှာလည်း ကြောက်စိတ်ရှိလိမ့် ငါတို့စစ်သည်ရယ်” တဲ့။ သံပြိုင် ဟစ်ကြွေးလိုက်ကြတာလေ။ ဒီတော့ သူ့ရဲဘော်တွေက သူတို့ဗိုလ်မှူးကို ကျီစယ်တာမှန်းသိသွားပြီး “ခွေးမသားတွေ” လို့ ရယ်ရယ် မောမောနဲ့ ဆဲဆိုရေရွတ်လိုက်ပါသတဲ့။ “ဒို့-ဗိုလ်က ဓားကိုဆွဲလို” ဆိုတဲ့နေရာမှာ “ဒို့ ဗိုလ်ဟာ -ားကိုစီးလို့” ဆိုပြီး အစားထိုး သီဆိုလိုက်ကြတာကိုး။ ဒီလိုဖျက်ဆိုတဲ့ သီချင်းဟာ စစ်ကြီးပြီးတော့လည်း ပြန်ပြင်လို့မရတော့ဘဲ အပျက်အတိုင်း သီဆိုမိကြတဲ့အခါ သူတို့ဗိုလ်မှူးကို လွမ်းလို့ မျက်ရည်လည်မိကြပါသတဲ့။

နောက် အဖြစ်အပျက်တခု ပြော ဖူးတာလည်း ရှိပါသေးတယ်။ တနေ့သော အခါမှာ ထုံးစံအတိုင်း ထမင်းဟင်းဝေနေသ တဲ့။ ရဲဘော်တွေကလည်း ထုံးစံအတိုင်း တန်း စီပြီး ထမင်းဟင်း ခံယူနေကြသတဲ့။ အစော ကြီး ဟင်းကုန်သွားတဲ့ ဗိုလ်ကျော်ဇောက တန်းစီနေတဲ့ ရဲဘော်တွေရဲ့ ရှေ့ကို သွားပြီး ဟင်းထပ်ယူဖို့ သွားတယ်။ ထုံးစံအတိုင်း သူ တို့ ဗိုလ်မှူးကလည်း အများနည်းတူ ယူနီဖောင်းဝတ်ထားပြီး ဦးခေါင်းပေါ်မှာလည်း တောဆောင်းဦးထုပ် ဆောင်းထားသတဲ့။ အရာရှိတံဆိပ် အမှတ်အသား ထူးထူး ခြားခြား ဘာမှမပါဘဲကိုး။ ဒီတော့ ထမင်းဟင်း ဝေတဲ့ရဲဘော်က “ဟေ့-ရဲဘော် စည်းကမ်းမဖျက်နဲ့၊ ထပ်လိုချင်ရင် ဟို နောက်ကိုသွားတန်းစီ” လို့ အော်လွှတ်လိုက်သတဲ့။ အဲဒီတော့ ဗိုလ်ကျော်ဇောလည်း ခပ်ကုပ်ကုပ်ကလေး နောက် ဆုတ် သွားပြီး တန်းစီရှာသတဲ့။ ရှေ့ဆုံးရဲဘော်က ထမင်းဟင်းဝေတဲ့ ရဲဘော်ကိုကပ်ပြီး “အဲဒါ ဗိုလ်မှူးကျော်ဇော” လို့ ပြောလိုက် တော့ သူ့ခမျာ ကြောက်သေးပါမလိုဖြစ်ပြီး အပြေးအလွှား တောင်းပန်ရှာသတဲ့။ သူတို့ဗိုလ်မှူးကလည်း “ငါမှားတာပါကွာ။  မင်းမှားတာမဟုတ်ပါဘူး။ သွားသွား ဆက်လုပ်” လို့ပြောပြီး ပြန်လွှတ်လိုက်သတဲ့။ ဒါဟာ သူတို့ ရဲဘော်တွေပြောပြတဲ့ သူ တို့ ဗိုလ်မှူးအကြောင်းပါ။

ရဲဘော်သုံးကျိပ်ကို ကျွန်တော် တယောက်ကိုမှ မမြင်ဖူးဘူး။ ၁၉၆၃-၆၄ လောက်ကတော့ ဗိုလ်ကျော်ဇောတို့ အညာတခွင်ကို ခရီးဆန့်လာခဲ့ပါတယ်။ အဲဒီအခါမှာတော့ စစ်ယူနီဖောင်းဝတ်စုံတွေ ချွတ်ထားခဲ့ရပြီးပါပြီ။ ရဲဘော်သုံးကျိပ်ဝင်ထဲက အထူး ချွန်ဆုံး စစ်ဗိုလ်ကြီးတဦးဟာ ရာထူးချလည်း ခံရ၊ အလုပ်ဖြုတ်လည်း ခံရပါသတဲ့။ သူတဦးတည်း အဖြုတ်ခံရတာပါ။ အညံ့ ဆုံးဆိုတဲ့ဗိုလ်တဦးကတော့ ဝန်ကြီးချုပ်တွေ၊ သမ္မတတွေတောင် တက်ဖြစ်သွားခဲ့ပါသေးတယ်။ အဲဒီဗိုလ်ကတော့ စစ်မ တိုက်ဖူးတဲ့ စစ်ဗိုလ်လို့ ကြားဖူးပါတယ်။

ဗိုလ်ကျော်ဇောကို ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊  ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးတို့က ဝမ်းသာအားရ စုပေါင်းချောက်ချခဲ့ကြတာ ပါ။ ဝန်ကြီးချုပ်ဦးနုလည်း မအူမလည်နဲ့ နောက်ကွယ်က ပါပေသပေါ့။ တကယ်ဆိုတော့ ဗိုလ်ကျော်ဇောဟာ ရဲဘော်သုံး ကျိပ်ထဲမှာ အသက်အငယ်ဆုံးထဲက ဖြစ်ပေမယ့် အထူးချွန်ဆုံး စစ်သားပါ။ အကျင့်စာရိတ္တ အရာမှာ လည်း အရက်ဆိုဝေးစွ၊ ဆေးလိပ်တောင် မသောက်တဲ့လူပါ။ ဟိုလူကြီးကတော့ မိန်းမလည်းလိုက်၊ မြင်းလည်း လောင်းတဲ့အပြင် ငွေအလွဲသုံးစား လည်း လုပ်ခဲ့ဖူးသတဲ့။ ဗိုလ်ကျော်ဇော ရာထူးမမက်၊ ငွေကြေးမမက်၊ တက်လမ်းမရှာတာလည်း သူတို့ ”လူကြီး” ဆိုသူတွေ အားလုံးသိပါတယ်။ စစ်ရေးကိစ္စတွေမှာ  အရေးကြုံရင် သူတို့ကိုယ်တိုင်ရော၊ သူတို့လူတွေရော၊ မစွမ်းဆောင်နိုင်ရင် ဗိုလ် ကျော်ဇောကိုပဲ အားကိုးရတာပါ။ တရုတ်ဖြူကျူးကျော်ရေးဆိုရင် နောက်ကွယ်က  အမေရိကန်ပါလာတာကြောင့် သူတို့စစ် ဗိုလ်တွေက ဘယ်သူမှမစွမ်းဆောင်နိုင်ဘဲ တယောက်ပြီးတယောက် လန်ကျလာခဲ့ရတာပါ။ ဗိုလ်ကျော်ဇောကို တာဝန်ပေး တော့မှ တိုင်းပြည်အန္တရာယ်ကင်းသွားခဲ့ရတာဟာ အာရှသမိုင်းမှ အကျော်ဒေးယျပါ။ ဗိုလ်နေဝင်းက ဒီအောင်မြင်မှုဟာ သူ့အတွက်လည်း ဂုဏ်တက်စရာဖြစ်ပေမယ့် မနာလိုတဲ့အပြင် သူ့ရာထူးကိုချိန်လာမှာလည်း စိုးရိမ်တယ်။ ဟို ဆိုရှယ်လစ် ဂိုဏ်းဝင် ဗိုလ်အောင်ကြီးကလည်း ဗိုလ်ကျော်ဇောတယောက်သာ သူ့တက်လမ်းကို ပိတ်ဆီးနေတာလို့ မြင်တယ်။ ဗိုလ် ကျော်ဇော ပြုတ်လမ်းကိုပဲ ရှာနေခဲ့တယ်။ ခုတော့ ပူးပေါင်း ချောက်ချခွင့် ရလာတော့တယ်။

တနေ့တော့ စစ်ဆင်ရေးတခုမှာ သခင်သန်းထွန်းရဲ့ လျှို့ဝှက်စာဖိုင်တွဲတခု ရလာခဲ့သတဲ့။ အဲဒီစာတွေထဲမှာ ဗိုလ်ကျော်ဇော နဲ့ ဆက်သွယ်တယ်လို့ ထင်ရတဲ့ စာအထောက်အထားတွေ  တွေ့ရသတဲ့။ ဒီလို နဲ့ ကွန်မြူနစ်ပါတီနဲ့ လျှို့ဝှက်ဆက်သွယ် တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရာထူးချပြီး အငြိမ်းစားပေးလိုက်သတဲ့။ ဒါလည်း ဗိုလ်နေဝင်းက သူ့ရာထူးကို တကယ်တမ်း ရန်မရှာခဲ့သူဖြစ်လို့ သက်ညှာလိုက်ပုံရပါတယ်တဲ့။ အဲသလို အလုပ်ပြုတ်သွားပေမယ့် ဗိုလ်ကျော်ဇောဟာ သိမ်ငယ်နိမ့်ကျမ သွားတဲ့အပြင် ပိုမိုတောက်ပြောင် ထွန်းလင်းလာခဲ့ပါတယ်။ ဗိုလ်ကျော်ဇောက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို ဝင်လုပ်လိုက်ပါတယ်။ ဒီတော့မှ ဗိုလ်ကျော်ဇောဟာ ပြည်သူတွေကြားကို ရောက်ရှိသွားပြီး ပြည်သူလူထုက သူ့ကို ငြိမ်းချမ်းရေးစစ်သားကြီးအဖြစ်နဲ့ အကျွမ်းတဝင် သိရှိလာခဲ့ကြပါတယ်။ စစ်ဒုက္ခ အနိဋ္ဌာရုံတွေကို အထူး တွေ့ကြုံသိရှိလာခဲ့တဲ့ စစ်သားကြီးတဦးက ငြိမ်းချမ်းရေးဆောင်ရွက်ရင်းနဲ့ မန္တလေးကိုရောက်ရှိလာပြီး ကျွန်တော် တို့တတွေနဲ့ တွေ့ဆုံရတာ ဖြစ်ပါတယ်။

ကျွန်တော်တို့အညာက စာပေအနုပညာသမားတစုနဲ့ ဗိုလ်ကျော်ဇောတို့ ငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံကြတာက လူထု သတင်း စာတိုက်ရဲ့ ဧည့်ခန်းထဲမှာ ဖြစ်ပါတယ်။ စစ်ဗိုလ်နဲ့ စာပေအနုပညာသမားတွဲပြီး လာတာဟာလည်း ထူးခြားချက်တခုပါပဲ။ ဗန်းမော်တင်အောင်ဆိုတာကလည်း စစ်သားဟောင်းကြီးတဦးပါပဲ။ သူ့ဝတ္ထုတွေ ထဲမှာ စစ်ဗိုလ်ဟောင်း စစ်သားဟောင်းတွေ ကို ဇာတ်လိုက်နေရာထားပြီး ရေးလေ့ရှိသူပါ။ သူ့စာတွေကိုသာ တရှိုက်မက်မက် ဖတ်ရှုနေခဲ့ပြီး သူ့ကိုလည်း ခုမှ မြင်ဖူးတွေ့ ဖူးရပါတယ်။ ခုလို ဆရာဗန်းမော်တင်အောင်နဲ့ တွေ့ဆုံရတာလည်း ကျွန်တော်အဖို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်လို့မဆုံးပါဘူး။ အလား တူပဲ ငြိမ်းချမ်းရေးခရီးသည်ကြီးများက အညာက စာပေအနုပညာသမားတွေနဲ့ ဆုံ ရကြုံရလို့ အထူးဝမ်းမြောက်ဝမ်းသာ ဖြစ်နေ ကြပုံရပါတယ်။ ဦးလေး လူထုဦးလှကတော့ “သူတို့တတွေဟာ ဗိုလ်ချုပ်ရဲ့ ငြိမ်းချမ်းရေး တပ်သားတွေပါပဲ”ဆိုတဲ့စကားနဲ့ မိတ်ဆက် အပ်နှံလိုက်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ဟာ “ငြိမ်းချမ်းရေးဗိုလ်ချုပ်ရဲ့ တပ်သားတွေ” အဖြစ် “တရားဝင်” ရောက်ရှိခဲ့ ကြပါတယ်။ တကယ်တော့ အခြေခံပညာကျောင်းသားဘဝ ငယ်စဉ်ကတည်းက ငြိမ်းချမ်းရေးလက်မှတ် ကောက် ခံ စုဆောင်းရာ မှာ ကျွန်တော်တို့တတွေ ပါဝင်လှုပ်ရှားခဲ့ကြ ဖူးပါတယ်။ လူမှန်းသိစကတည်းက ကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်ကို ဖြတ်သန်းခဲ့ကြရလို့ စစ်ဒုက္ခတွေကို မုန်းတီးခဲ့ကြရတာမဟုတ်လား။ တက္ကသိုလ်ရောက်တော့လည်း တေးကဗျာရှင် ကိုမြတ် လေးနဲ့ စန္ဒယားချစ်ဆွေတို့ မာမာအေးတို့ရဲ့ ငြိမ်းချမ်းရေးတေးသံတွေကို ကိုယ်တိုင်ပါဝင် ဟစ်ကြွေးခဲ့ကြတယ်လေ။

နောက် ၁၀ နှစ်လောက် အကြာ မှာ ကျွန်တော်  ရန်ကုန်ကို အလုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ အခြေခံပညာကျောင်းသုံး စာအုပ် ကော်မတီမှာ ကျောင်းသုံးသမိုင်း စာအုပ်ပြုစုဖို့ ရောက်သွားတာပါ။ ရောက်စမှာ ရန်ကုန်တက္ကသိုလ်သမိုင်းဌာန၊ အမရ ဆောင်မှာ ရုံးခန်းပေးထားပါတယ်။ အဲဒီရုံး ခန်းကို ဗိုလ်ကျော်ဇောရဲ့သား “ကျော်ဇောဦး” ရောက်လာပါတယ်။ ဗိုလ်ချုပ်ကျော် ဇောဦးဆောင်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လွှတ်လိုက်တာပါတဲ့။ ဂူဗိမာန် အတွက် ရန်ပုံငွေရှာဖို့ ပို့စကတ်တခု ထုတ်မယ်၊ ကဗျာတပုဒ်ရေးပေးပါတဲ့။ ကျွန်တော်က ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ကဗျာ ၅ ပုဒ် ရေးပေးလိုက်ပါတယ်။ ကြိုက်ရာရွေးသုံးပါလို့ မှာလိုက်ပါတယ်။ တင်မိုးရဲ့ “အဖိုးသခင်ကိုယ်တော်မှိုင်း” ကဗျာကို သူတို့ ကြိုက် ပေမယ့် ကဗျာက ပို့စကတ်အတွက် ရှည်လွန်းနေပါတယ်။ ဒါကြောင့် ကျွန်တော်က ခပ်တိုတိုလေးတွေ ရေးပေးလိုက် ရပါတယ်။ မှိုင်းဂေါပကအဖွဲ့က တပုဒ်တည်းသုံးဖို့တောင်းတာကို ၅ ပုဒ်လောက် ရေးပေးလိုက်တော့ ၅ ပုဒ်လုံး ကြိုက်တယ် ဆိုပြီး ပို့စကတ် ၅ မျိုးလောက် ထုတ်ဝေရောင်းချခဲ့တာပါ။ ဒီလိုနဲ့ ဗိုလ်ကျော်ဇောကို ဒုတိယအကြိမ် ဆက်သွယ်ခွင့် ကြုံခဲ့ရပါ တယ်။ လူချင်းတော့ မတွေ့ရသေးပါဘူး။ လူချင်းတွေ့ပြီး ဂါရဝပြုမယ်လို့ ရည်ရွယ်ထားပါတယ်။

ကျောင်းသုံးစာအုပ် ပြုစုရေးကိစ္စဟာ “ပုဂံရာဇဝင် တုတ်ထမ်း ပြောရတယ်” ဆိုတဲ့ စကားဟောင်းအတိုင်း အဆင်မချောလိုက် ဘဲ အစီအစဉ်ပြောင်းတော့ ကျွန်တော့်ကို မြန်မာစာသင်ရိုးအဖွဲ့ ပြောင်းလိုက်တယ်။ ခေတ္တခဏ စမ်းချောင်းအထက (၁) ကို ပို့လိုက်ပါတယ်။ စမ်းချောင်းရပ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်ကျော်ဇောတို့ရဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ဌာန ချုပ်ရှိခဲ့တဲ့ရပ်ကွက်လို့ ကျွန်တော့်ဦးလေး စစ်ပြန်ရဲဘော်တွေကတဆင့် ကြားခဲ့ဖူးပါတယ်။ အဲဒီအရပ်မှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်းလည်း နေခဲ့တယ်။ ခုလည်း ဗိုလ်ကျော်ဇော ရှိတယ်။ စာရေးဆရာမြသန်းတင့်ရှိတယ် စသဖြင့် ကြားသိ ထားရလို့ စမ်းချောင်းမြို့နယ်ကို ရောက်ရှိသွားရတာ ဝမ်းသာလှပါတယ်။ တနေ့တော့ ကျောင်းချိန်အတွင်း ကျွန်တော့် အားလပ်ချိန်မှာ ကျောင်းအုပ်ဆရာကြီးက ဆရာများနားနေခန်းကိုလာပြီး ကျွန်တော့်ကို ခေါ်သွားပါတယ်။ “ကျောင်းဝင်းတံခါး ဝမှာ ဆရာ့ကိုတွေ့ချင်တဲ့ ဧည့်သည်တယောက် စောင့်နေတယ်။ ဆရာအားသလားလို့ သွားကြည့်ပြီး ခေါ်ပေးမယ်လို့ ပြောခဲ့တယ်။ ဧည့်သည်ရဲ့နာမည်က မောင်ကျော်ဇောတဲ့”။ ဒုက္ခပဲ။ ကျွန်တော့်အပေါင်းအသင်းတွေထဲမှာ မောင်ကျော်ဇော ဆိုတာ မရှိခဲ့ဖူးပါ။ ကျောင်းသုံးဖတ်စာထဲမှာပါတဲ့ “မောင်ကျော်ဇောဟု ခေါ်သည်။ သူကျုံးထဲက တက်လာသည်” ဆိုတဲ့စာ ကြောင်းလေးတွေကိုပဲ ပြေးပြီး သတိရမိပါတယ်။ ဘယ်သူများပါလိမ့်ဆိုပြီး သွားကြည့်တော့ ရင်းနှီးတဲ့မျက်နှာမဟုတ်ချေဘူး၊ မြင်ဖူးသလိုပဲ။ ကျွန်တော် ခပ်တွေတွေ ဖြစ်နေတာကိုကြည့်ပြီး “ဗိုလ်ကျော်ဇောပါ” လို့ စီးပြောလိုက်ပါတယ်။ ကျွန်တော်လည်း ပျာယာခတ်သွားပါတယ်။

“ဆရာ ရန်ကုန်ရောက်စကတည်းက လာတွေ့မလို့ပဲ။ သားတွေကတဆင့် သတင်းတော့ မေးလျက်ပါပဲ။ ဟို ဗကသ၊ တကသ ကိုဘကောင်းတို့၊ ကိုဇော်ဝင်းတို့နဲ့ ‘သမိုင်းကော်မရှင်’ မှာလုပ်နေတယ်ကြားတယ်” စသဖြင့် မေးပါတယ်။ “ဟုတ်ကဲ့ပါ။ သူတို့နဲ့ ကျောင်းသုံးစာအုပ်တွေ ရေးတဲ့အဖွဲ့မှာပါ။ သမိုင်းကော်မရှင် မဟုတ်ပါဘူး။ ကျောင်းသုံးသမိုင်း စာအုပ်ရေးသား ပြုစု တဲ့ ကျောင်းဆရာတွေအဖွဲ့မှာ ပါဝင်လာတာပါ” စသဖြင့် ရှင်းပြလိုက်ပါတယ်။ သူနဲ့ သူ့ဇနီးနဲ့အတူ ကျွန်တော်နေစရာ အိမ် ကူရှာပေးမယ်၊ အိမ်သား ဘယ်နှစ်ရောက်၊ အိမ်လခ ဘယ်လောက်စသဖြင့် သိရအောင် ဆရာ့ဆီလာတာပါတဲ့။ ကျွန်တော်က အတော်အားနာသွားမိပါတယ်။ “ကျွန်တော့်မိသားစုပါမလာသေးကြောင်း၊ ခု လောလောဆယ်မှာ သူငယ်ချင်း ကဗျာ ဆရာ တင်မိုးနဲ့အတူနေတဲ့အကြောင်း၊ အိမ်မရှာသေးကြောင်း” စသည် ရှင်းပြလိုက်ရပါတယ်။ “နောင်မှာ အေးအေးဆေးဆေး တွေ့ရအောင် အိမ်လာခဲ့ပါဦး” လို့ပြောပြီး ထမင်းစား ဖိတ်သွားပါတယ်။

နောက် သိပ်မကြာခင် သခင်ဘ မောင်ဆိုတဲ့ အဖေအရွယ်၊ အဘအရွယ် သခင်အဘိုးကြီးတယောက်လည်း ကျောင်းကို လာလည်ပါတယ်။ ရုရှား ပြန်ကြားရေး ရုံးနဲ့ တရုတ်ပြန်ကြားရေးရုံးက အခမဲ့ လက်ဆောင်ပေးတဲ့ စာအုပ်တချို့ကိုလည်း ယူလာ တတ်ပါတယ်။ ဗိုလ်ချုပ် (ဗိုလ်ကျော်ဇော) က ပြောလို့ဆိုပြီး လာရောက်တွေ့ဆုံတာပါ။ အဲဒါလည်း ကျေးဇူးတင် ရပါတယ်။ လိုတဲ့အကူအညီပြောပါတဲ့။ ဗိုလ်ကျော်ဇော ထမင်းစားဖိတ်တာကိုတော့ တခေါက်သွားပြီး စားလိုက်ပါတယ်။ သူ့အိမ်က အံ့အားသင့် စရာပါ။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်တယောက်ရဲ့အိမ်လို့ ထင်စရာမရှိပါဘူး။ ခြံမရှိ၊ ဝင်းမရှိ၊ တိုက်မရှိ၊ ကားမရှိ။ လှေကား သုံးထစ်လောက်ပဲ မြင့်တဲ့ ခြေတံတို၊ တထပ် ပျဉ်ထောင်အိမ်ကလေးပါ။ အိမ်ရှေ့ကပြင်ကို ဧည့်ခန်း လုပ်ထားပါတယ်။ ကြမ်းပြင်ပေါ်မှာ တပ်မတော်ရဲ့ ဧရာဝတီတိုင်း   (မြစ်ဝကျွန်းပေါ်တိုင်း) အမှတ်အသား ဖြစ်ဟန်ရှိ တဲ့ ကြေးမိကျောင်းရုပ်ကြီးတရုပ် ချထားပါတယ်။ နံရံမှာ မြေပုံကြီးတချပ်နဲ့ ဂျပန်စစ်ဓား လွယ်ကြီးတခု ချိတ်ထားပါတယ်။ မြေပုံ ထောက်တဲ့ ည¸န်တံကြီးတခုလည်း အိမ်နံ ရံမှာ ထောင်ထားပါတယ်။ အိမ်နံရံက ပျဉ်ထောင်လား၊ ဝါးထရံလား သေချာ မ မှတ်မိတော့ပါ။ ညွှန်တံကြီးနဲ့ ထောက်ထောက်ပြီး သမိုင်းဆွေးနွေးပါတယ်။ “သမိုင်းပညာရှင်” ဆိုတဲ့ စကားပါလာလို့ မနည်းဖြေရှင်းရပါတယ်။ အခြေခံပညာမှာ သမိုင်းသင်တဲ့ ကျောင်းဆရာသာဖြစ်ကြောင်း ရှင်းပြရတာပါ။ တကယ်တော့ အဲဒီ ကာလတုန်းက အထွေထွေသိပ္ပံနဲ့ မြန်မာစာ ဘာသာရပ်တွေကို အဋ္ဌမတန်း မှာပဲ သင်ပေးနေတာပါ။ မြန်မာ နိုင်ငံသမိုင်း ဘာသာရပ်နဲ့ ဘွဲ့ရသူရှားလို့ ပညာရေး သုတေသနဌာနက ခေါ်လိုက်တာနဲ့ ရန် ကုန်ရောက်လာတာပါ။ သမိုင်းအပြင် ဆရာ ဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ အကြောင်းလည်း နည်းနည်းပါးပါး ဆွေးနွေးဖြစ်ကြပါတယ်။ မန္တလေးက ကျွန်တော့်ဇနီးလိုက် လာတော့ သန်လျင်ဘက်မှာ တိုက်ခန်းရတာနဲ့ သန်လျင်ကိုသွားနေပါတယ်။ ဗိုလ်ချုပ်ကျော်ဇောလို့ အရပ်ကခေါ်တဲ့ ဗိုလ်ကျော်ဇောနဲ့ အလှမ်းဝေးသလို ဖြစ်သွားရပေမယ့် သူ့သားတွေနဲ့ကတော့ မကြာခဏ တွေ့ဖြစ်ပါတယ်။

ဗိုလ်ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ကျွန်တော်ဖတ်ဖူးလိုက်တယ်။ ကျွန်တော့်ဆီကို ကိုယ်တိုင်လက်မှတ်ထိုးပြီး လူကြုံနဲ့ ပို့ပေးလိုက်တာပါ။ အတ္ထုပ္ပတ္တိကို ဖတ်တာရော၊ ကြားဖူးနားဝရော ပေါင်းစပ်ပြီး အမှတ်တရအဖြစ် အလေးအနက်လည်း ထားမိတဲ့ အခန်းကဏ္ဍတချို့ကို ပြောပြချင်ပါတယ်။

ဗိုလ်ကျော်ဇောရဲ့ နိုင်ငံရေးဘဝဟာ ၁၉၃၈ ကျောင်းသားအရေးတော်ပုံက စတယ်ဆိုတဲ့အချက်ကို အလေးအနက်ထား မိတယ်။ ၁၉၃၈ ဆိုတာ ဗိုလ်အောင်ကျော်ကျဆုံးတဲ့ အရေးတော်ပုံပါ။ တတိယကျောင်းသားသပိတ်ပါ။ ဟိုက်ယားဂရိတ် ဆရာအတတ်သင်ကျောင်းရဲ့ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးအဖြစ်နဲ့ ကျောင်းဆရာလောင်း ကျောင်းသားကိုရွှေဟာ ကျောင်းသားတွေကို ခေါင်းဆောင်ပြီး အတွင်းဝန်ရုံး သပိတ်တားရာမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ အဲဒီကနေစပြီး နိုင်ငံရေး စိတ်ဝင်စားလာရာက သခင်ရွှေ ဖြစ်လာခဲ့ပါတယ်။ သူ့ကို မျိုးချစ်စိတ်ထက်သန်စေတာက မဟာဆွေရဲ့ဝတ္ထုတွေဖြစ်လို့ မဟာဆွေကို ချဉ်းကပ်ခဲ့ပါတယ်။ စစ်ပြီးစခေတ်၊ ဗိုလ်မှူးဘဝနဲ့ရတဲ့ဝင်ငွေကို မဟာဆွေတို့ မိသားစုအတွက် ထောက်ပံ့ခဲ့ တယ်လို့ သိရပါတယ်။ စာရေးဆရာမ “ခင်ဆွေဦး” က သူတို့ “အစ်ကိုရွှေ” အကြောင်းကို “တို့တိုင်းဌာနီ” အမည်နဲ့ ဝတ္ထုစာ အုပ်ရေးသားပြုစု မှတ်တမ်းတင်ခဲ့ပါတယ်။ ခင်ဆွေဦးရဲ့လက်ရာမွန်ပေပ။

နောက်တချက် ကျွန်တော်စိတ်ဝင်တစားဖြစ်မိတဲ့ အခန်းကဏ္ဍကတော့ ဗိုလ်အောင်ဆန်းနဲ့ ဗိုလ်ကျော်ဇော ဆက်ဆံရေးပါပဲ။ ဂျပန်ခေတ်မှာ စစ်သားသစ်တွေကို သင်တန်းပေးတော့ ဗိုလ်ကျော်ဇောက စည်းကမ်းကောင်းတယ်လို့ နာမည်ရခဲ့ပါတယ်။ ပထမတော့ မင်္ဂလာဒုံမှာ။ နောက်တော့ ပဲခူးမှာ ဗမာ့တပ်မတော် စံပြတပ်ရင်းကို သင်တန်းကြီးကြပ်ရပါတယ်။ ဗိုလ်အောင် ဆန်းနဲ့ ဗိုလ်လကျာ်တို့ နှစ်ဦးတိုင်ပင်ပြီး ဗိုလ်ကျော်ဇောကို ကြီးကြပ်စေပါသတဲ့။ ဒါကိုကြည့်ရင် ဗိုလ်အောင်ဆန်းက သူများ ထက် အသက်ငယ်တဲ့  ဗိုလ်တယောက်ကို စည်းကမ်းကောင်းသူ၊ သင်တန်း အသင်အပြကောင်း သူအဖြစ်နဲ့ ယုံကြည်အား ထားခဲ့တာကို သိနိုင်ပါတယ်။ ၁၉၄၄ ခုနှစ် ဖက်ဆစ်တော်လှန်ရေးလုပ်ကြဖို့ ဗိုလ်အောင်ဆန်းက ကွန်မြူနစ်ပါတီ သခင်စိုးကို ခေါ်ယူတိုင်ပင် စီစဉ်ခဲ့တာဟာလည်း သူယုံကြည်တဲ့ ပဲခူးရှိ ဗမာ့တပ်မတော် စံပြတပ်ရင်းက ဗိုလ်ကျော်ဇောအိမ်မှာပါ။ ဗိုလ် ကျော်ဇောအိမ်မှာပဲ ဖဆပလအဖွဲ့ သန္ဓေတည်ခဲ့ပါတယ်။ ဗိုလ်အောင်ဆန်း သီဟိုဠ် (သီရီလင်္ကာ) ကိုသွားပြီး မောင့်ဘက်တန်နဲ့ ဗမာ့တပ်မတော် ဖွဲ့စည်း ရေးအတွက် “ကန္ဒီစာချုပ်” ချုပ်ဆိုဖို့ ၁၉၄၅ စက်တင်ဘာမှာ သွားတဲ့အခါမှာ လည်း ဗိုလ်ကျော်ဇောကို ခေါ်သွားခဲ့တယ်။ တပ်မတော် ဖွဲ့စည်းရေးမှာ ဗိုလ်ကျော်ဇောကိုပဲ အားထားခဲ့ပါတယ်။

နောက်တချက် ကျွန်တော်စိတ်ဝင်စားမိတာက ဖဆပလထဲမှာ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ ဆိုရှယ်လစ်များက ဗိုလ်ကျော်ဇော ကို မက်လုံးတွေပေးပြီး စည်းရုံးခဲ့ပေမယ့် ဆိုရှယ်လစ်ပါတီဝင် မဖြစ်ခဲ့တာပါပဲ။ ဆိုရှယ်လစ်တွေက တိုင်းပြည်အကျိုးထက် ဖဆပလထဲမှာ သူတို့ပါတီ သြဇာကြီးရေးနဲ့ တခြားအဖွဲ့ဝင်တွေကို ဆန့်ကျင်ဖြိုခွင်းရေးသာလုပ်နေကြလို့၊ ဆိုရှယ်လစ် မဖြစ်ခဲ့ တာပါတဲ့။ ဆိုရှယ်လစ်ထဲမှာ ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးတို့လည်း ပါတယ်။ ဗိုလ် နေဝင်းကလည်း တရုတ်ဖြူ တွန်းလှန်ရေး အပြီး ဗိုလ်ကျော်ဇောရဲ့ အရှိန်အဝါသိပ်ကြီးလာတဲ့အခါ သူ့နေရာပါပြုတ်သွားမှာ စိုးရိမ်တယ်။ ဗိုလ်အောင်ကြီးကတော့ သူ့ ရှေ့မှာ ဗိုလ်ကျော်ဇောရှိနေရင် သူကျော်တက်လို့ မရမှန်းသိနေလို့ သူတို့ ၂ ယောက်လုံးက မနာလိုတာလို့ပဲ ပြောရမှာပါ။ ခက်တာက ဗိုလ်နေဝင်းတို့ခမျာ အခက်အခဲကြုံရင် ဗိုလ်ကျော်ဇောကိုပဲအားကိုးရပြီး ဗိုလ်ကျော်စိုး စတဲ့ သူ့လူ ဆိုရှယ်လစ် တွေက (ဗိုလ်အောင်ကြီးကအစ) သုံးမရတာပါပဲ။ သူတို့က အဖြစ်မရှိပေမယ့် အခွင့်အရေးတော့ လိုချင်တယ်။ ဗိုလ်ကျော်ဇော က ဘယ်တုန်းကမှ ဘာအခွင့်အရေးမှ မတောင်းဆိုခဲ့ဘူး။ ဒါပေမဲ့ သူ့အရှိန်အဝါကို အားလုံးကလန့်ပြီး မနာလိုကြတာ အသေ အချာပါပဲ။ ဒါကြောင့် ဗိုလ်ကျော်ဇောကိုဖြုတ်တဲ့အခါ လက်ညီတက်ညီ ဝိုင်းဝန်းချောက်တွန်းခဲ့ကြတာပါပဲ။

နောက်တချက်ကတော့“ပတ္တ မြားမှန်ရင် ညွန်မှာနစ်စေတော့ မညစ်တဲ့အရောင် တိုးလို့သာပြောင်” ဆိုသလို သူတို့က ဗိုလ် ကျော်ဇောကို စစ်တပ်ကဖြုတ်ထုတ်လိုက်ပေမယ့် ဗိုလ်ကျော်ဇောက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လက်ရုံး၊  လက်  ထောက်တဦးအဖြစ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စတွေကို ဆောင်ရွက်ရင်း ပြည်သူကြားမှာ ပြည်တွင်း ငြိမ်းချမ်းရေးလှုပ်ရှားမှုခေါင်းဆောင် စစ်သားကြီးအဖြစ် ပိုမိုတောက်ပြောင် ထင်ရှားလာခြင်းပါပဲ။ တောတွင်းနဲ့မြို့တွင်း တွေ့ ဆုံဆွေးနွေးပွဲမှာ သူကကြားက ဆွေးနွေးစေ့စပ်ရေး ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒီအချက်တွေကို ကျွန်တော်တို့က အ ထူး လေးစားတာပါ။

ကျွန်တော်နဲ့ တင်မိုးဟာ အမေရိ ကန်ပြည်ထောင်စုမှာ အရှေ့ဖျားနဲ့ အနောက်ဖျားနေကြပေမယ့် ကြာကြာခွဲနေလေ့မရှိဘူး။ အကြောင်းအမျိုးမျိုးရှာပြီး သူ့ ဆီကိုယ်သွား ကိုယ့်ဆီသူလာနဲ့ အတူအိပ်၊ အတူစား စကားတပြောပြော နေလေ့ရှိခဲ့ပါတယ်။ ပြည်ပ စာပေဟောပြောပွဲ ခရီးတွေကိုလည်း နှစ်စဉ်လိုလို အတူထွက်လေ့ ရှိကြပါတယ်။ တခါလောက်တော့ ဗိုလ်ချုပ် ကျော် ဇောတို့ဆီသွားပြီး ဂါရဝပြုကြရအောင်လို့လည်း ပြောလေ့ရှိပါတယ်။ သူနဲ့ကျွန်တော် ဂျပန်ကိုအတူသွားခဲ့ကြတဲ့ နောက်ဆုံး ခရီးမှာ ထိုင်းဗမာနယ်စပ်က ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ ရဲဘော်သံခဲနဲ့ဆုံမိကြတော့ သူတို့နေတဲ့ ထိုင်းဗမာ နယ် စပ်က နေ ဗိုလ်ကျော်ဇောတို့ဆီခရီးဆက်ရင် လွယ်တယ်ဆိုလို့ တရုတ်ပြည်ဝင် ဗီဇာတောင် စီစဉ်လိုက်ကြပါသေးတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ အစီအစဉ်ပျက်ခဲ့ရတယ်။ နောက်တနှစ်မှာ ကျွန်တော်က သူရှိရာကို သွားလည်တယ်။ ဒီတခါ ဂျပန်ကို သွားရင်း အပြန်မှာ တရုတ်ပြည်ဘက်ကိုကူးဖို့ သေသေချာချာစီစဉ်ကြမယ်လို့ တိုင်ပင်ထားပါတယ်။ “ဗိုလ်အောင်ဆန်း ပြီးရင် ဗိုလ်ကျော်ဇောကို ငါအကြည်ညိုဆုံးဆိုတဲ့စကားကိုလည်း မကြာခဏ မှတ်ချက်ချပါတယ်။  ဗိုလ်ချုပ်ကျော်ဇောက ကြီးလှပြီ၊ သူမသေခင် သူ့ဆီကိုသွားဖြစ်အောင် သွားပြီးကန်တော့မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူကပဲ ဗိုလ်ကျော်ဇော ရဲ့အရင် ကွယ်လွန်သွားခဲ့ရှာပါတယ်။

သူငယ်ချင်းတင်မိုးကွယ်လွန်တော့ သူ့ရဲ့နောက်ဆုံးစကားတွေကို ပြန်စဉ်းစားတဲ့အခါ “ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်ကျော် ဇောကို ငါအကြည်အညိုဆုံး” ဆိုတဲ့စကားက ကျွန်တော့်နားမှာ ပဲ့ထင်ထပ်နေပါတယ်။ ဒါကြောင့် “တင်မိုးရဲ့ နောက်ဆုံး ဆန္ဒ” ဆိုတဲ့ ကဗျာတပုဒ် ကျွန်တော် ရေးလိုက်မိတယ်။ အမှတ်တမဲ့ပဲဆိုပါတော့။ ဒီကဗျာကို ဗိုလ်ကျော်ဇောရဲ့သမီး ဒေါက် တာလှကျော်ဇောကတွေ့ရလို့ သူ့ဖခင်ကြီးကိုဖတ်ပြတော့ စစ်သားကြီးဟာ မျက်ရည်မဆည်နိုင်အောင် ခံစားနေရရှာပါ သ တဲ့။ တင်မိုးမပါပေမယ့် ကျွန်တော်တယောက်တည်းသွားမယ်လို့လည်း အားခဲထားမိပေမယ့် အထမမြောက်ခဲ့ပါဘူး။ ဒါပေမဲ့ ကဗျာနဲ့စာနဲ့တော့ မကြာခဏ လှမ်းပြီး ဂါရဝပြုဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်ချုပ် တင်ဦး-ဒီသုံး ဦးကိုပဲ ကြည်ညိုတဲ့ စစ်သားကြီးတွေအဖြစ် ဂုဏ်ပြုကဗျာတွေ ရေးဖွဲ့ခဲ့ဖူးပါတယ်။ နောက်ထပ် ဒီလိုစစ်ဗိုလ်ကြီးတွေ ပေါ်ထွန်းလာပါဦးမလား။ ဒီသုံးဦးထဲမှာ ကျွန်တော် တွေ့ဆုံ ခင်မင်လေးစားခွင့် ကြုံခဲ့ရတာက ဗိုလ်ချုပ်ကျော်ဇောပါ။ ကျွန် တော့်မိဘတွေနဲ့ ကျွန်တော့်ဦးလေး စစ်ပြန်ရဲဘော်တွေက ကျွန်တော် သူတို့ ဗိုလ်မှူးရဲ့ ငြိမ်းချမ်းရေးတပ်သားဖြစ်ခဲ့ပြီဆိုတာ သိသွားခွင့်ရရင် ဘယ်လောက်ဝမ်းသာကြရှာမလဲ။ ကျွန်တော်ကတော့ နောက်-နောက်ဘဝတွေမှာလည်း ဗိုလ်ကျော် ဇောရဲ့ ငြိမ်းချမ်းရေးတပ်သားဖြစ်ရပါစေသတည်းလို့။

ငြိမ်းချမ်းရေးသစ္စာဖြင့်-
မောင်စွမ်းရည်
၂၀၁၃ မတ် ၂၇။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်စွမ်းရည်

Comments are closed.

Archives