စာစုတို

ထက်လူအောင် ● အမှောင်ဆီ တရွေ့ရွေ့သွားနေဆဲ

ထက်လူအောင် ● အမှောင်ဆီ တရွေ့ရွေ့သွားနေဆဲ
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၈


အရောင်းအဝယ်ကောင်းနေ၍လူ့အသက်များ ဆက်လက်ဈေးကျနေသည်။ ထိုစာသားသည် ခေတ်၏နေရာအနှံ့သို့ရောက်ရှိ
နေ၏။ လင်နှင့်မယား၊ ချစ်သူရည်းစားအချင်းချင်း ချစ်လွန်း၍ထိုးသောဓားချက်များ၊ မုန်း၍ထိုးသောဓားချက်များကလည်း ခေတ်ကိုအမြဲတမ်း သွေးစိမ်းရှင်ရှင်ထွက်နေစေသည်။ မိုက်မဲသူများကြောင့်ဖြစ်ပေါ်လာသော မတော်တဆမှုများက မိသား စုများကို ဝေးကွာအောင်ဖန်တီးနေသည်။ လောဘမသတ်နိုင်သေးသောလူများကြောင့် လယ်သမား ယာသမားများလည်း စိုက် ပျိုးစရာမြေပျောက်ဆုံးနေဆဲဖြစ်သည်။ စက်ရုံအလုပ်သမားများ၏ထမင်းဘူးများထဲတွင် သားငါးဟင်းမပါသောနေ့က အမြဲများနေဆဲပင်ဖြစ်သည်။ ခေတ်သည် အထက်ဖား၍ အောက်ကိုဖိနေဆဲပင်ဖြစ်သည်။ ခေတ်သည်စကားများကို ပြော   ချင်သလိုပြောနေဆဲပင်ဖြစ်သည်။ ခေတ်သည် သူဆင်းရဲများကို အသက်ရှူကြပ်အောင်လုပ်နေဆဲပင်ဖြစ်သည်။

ကျွန်တော်နေထိုင်သောရပ်ကွက်လေးရှိ ဦးကြီးတယောက်၏ စကားကိုအမှတ်ရမိသည်။ “အစိုးရဆိုတာ တို့ရပ်ကွက်လေးထဲ မှာရှိတဲ့ ရေအိုင်တွေလောက် မင်းတို့ ငါတို့ အခြေခံလူတန်းစားတွေကို အကျိုးမပြုဘူးကွ။ ရေအိုင်တွေက ငါးရတယ်။ ကန် စွန်းရွက်ရတယ်။ မြေစာမြက်နဲ့ ကညွတ်ခူးပြီး ရောင်းစားလို့ရတယ်ကွ” ဟူသော စကားဖြစ်သည်။ လက်ရှိတွင်လည်း အခြေခံ လူတန်းစားများ၏ဘဝမှာ မွန်းကြပ်နေဆဲဖြစ်သည်။ ခန္ဓာတွေမသေခင် စိတ်တွေကြွေကြွေကျရသောနေ့ရက်များက ပို၍များ လာသည်။ ပစ္စည်းအဟောင်းကောက်သော တောက်တိုအလုပ်ကို လူကြီးများပါလုပ်လာကြသည်။ ရေလှည်းတွန်း၍ရေ ရောင်းသောအလုပ်ကို လူငယ်လေးများပါ လုပ်လာကြသည်။ မုန့်ဟင်းခါးအထမ်းဆိုင်းများ၊ အသုတ်အထမ်းဆိုင်းများကို ထမ်းကာ ရပ်ကွက်လေးများမှဈေးရောင်းရန်ထွက်သောလူများ ပိုမိုများပြားလာနေသည်။

ခေတ်သည် အခွံသာရှိသောလူများကို အခွန်ကောက်၏။ အခွန်တွေခပ်များများကောက်သောကြောင့် လူတွေထံတွင်အခွံ တွေသာရှိတော့သည်။ အခွံနှင့်အခွန်သာ ကျွန်တော့်တို့ထံရောက်ရှိလာနေ၏။ လက်ဖက်ရည်တခွက် လေးရာကျပ်ဖြစ်လာ တော့ လက်ဖက်ရည်ကြိုက်သောကျွန်တော် လက်ဖက်ရည်ဆိုင်သို့ တခေါက်သာသွားနိုင်တော့သည်။ တခုတော့ကောင်း သွားသည်။ ကျောင်းတက်ချင်သောခြေလှမ်းများ၊ မောင်နှမများဖြင့် ကစားချင်သောခြေလှမ်းများ၊ မိဘများဖြင့်အတူလျှောက်သွားချင်သောခြေလှမ်းများဖြင့် လာချပေးသော လက်ဖက်ရည်ခွက်များနှင့် တွေ့ချိန်နည်းသွားသည်။ ဖော့ဖိနပ်ပါးလေးများစီးထားသောစားပွဲထိုးများ၏ ကျောင်းလွယ်အိတ်လေးများသည် ယခုထိ နိုးထခြင်းမရှိသေးချေ။ လွယ်အိတ်လေးများသည် ကလေးအလုပ်သမားများနှင့် ကျောင်းသို့သွားရန် ငြင်းဆန်နေဆဲဖြစ်သည်။ ဆော်ဒါမှုန့်ဖြင့်ပွနေပြီး ပြန်ကြော်ဆီဖြင့် အကြော် ခံနေရသောခေတ်ကြီး၏အရသာက ယခင်အတိုင်း ခါးတူးနေဆဲဖြစ်သည်။ ကိုယ့်ပါးစပ်ကို စမ်းကြည့်ရင်း ဝမ်းဗိုက်ထဲက အစာခြေရည်ကို အားနာနေရသောလူများလည်း ပို၍ပေါများလာဆဲဖြစ်သည်။

အရက်ချက်စက်ရုံများက ထွက်နေသောမီးခိုးများသည်ကောင်းကင်သို့ အဆက်မပြတ်ထိုးတက်နေ၏။ အရက်ချက်စက်ရုံ များ က ထွက်သော ရေဆိုးရေညစ်များက မြစ်ချောင်းများထဲသို့  အဆက်မပြတ်စီးဝင်နေ၏။  အရက်များက လူငယ်များ၏ပါးစပ် ထဲ အဆက်မပြတ်စီးဝင်နေသည်။ အရက်ဆိုင်များက နေရာတိုင်းတွင် ရှင်သန်နေသည်။ စာအုပ်အငှားဆိုင်များ၊ စာအုပ် အရောင်းဆိုင်များကတော့ တဆိုင်ပြီး တဆိုင် ပိတ်သိမ်းနေရသည်။ စာအုပ်စာပေများက လူငယ်များနှင့်ဝေးရာကို တဖြည်း ဖြည်းထွက်ခွာသွားနေသည်။ နယ်မြို့လေးများရှိ လူငယ်များသည် ကြိုက်နှစ်သက်သော ရသစာပေစာအုပ်တအုပ်ကို ဖတ်ရှု ရရန်မလွယ်ကူသော်လည်း အရက်တပုလင်း၊ ဘီယာတခွက်သောက်သုံးရန်အတွက်မူ အလွန်လွယ်ကူလှသည်။ ခေတ်သည် ဘယ်လိုချက်ချက်မူးမည့်အရက်ဖြစ်လျှင် သောက်သုံး၍နေလေ၏။ အသီးဟု လူငယ်များခေါ်သော စိတ်ကြွမူးယစ်ဆေး ပြားများသည်လည်း တောရွာရောက်ခရီးပေါက်နေပြီဖြစ်သည်။

ခေတ်ကြီးသည် ဟန်တွေများနေသည်။ အသံတွေများနေသည်။ အလံတွေများနေသည်။ ထိုသို့သောအရာများသာ များပြား နေသောခေတ်ထဲတွင် မိသားစုထမင်းဝိုင်းများမှာ လူနည်း၍လာသည်။ ထိုအကြောင်းကို ကျွန်တော်ကဗျာလေးတပုဒ်ရေး မိလိုက်သည်။ ထိုညက ကျွန်တော်တို့မိသားစုထမင်းဝိုင်း လူစုံအောင်စောင့်ရင်း ရေးမိခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့အိမ်လို မိသားစုစုံအောင်စောင့်နေသော ထမင်းဝိုင်းများက အေးစက်နေသောထမင်းဟင်းများကို ခေတ်ကြီးက အလွန်သဘောာကျ နှစ်ခြိုက်နေပုံရသည်။ အိမ်တိုင်းတွင် သူတဦးတည်း သုံးဆောင်စားသောက်နေသည်မှာ နှစ်များစွာရှည်ကြာနေပြီဖြစ်သည်။

ထမင်းပွဲ

အထည်ချုပ်သမ ညီမလေးက
ထမင်းဖြစ်ရတယ်
စက်ရုံလုပ်သားလေး ကျွန်တော်က
ဟင်းဖြစ်ရတယ်
အရောင်းစာရေးလေး အစ်ကို
စားပွဲလေးဖြစ်ရတယ်
အိမ်ရှေ့ကလမ်းကို
မျက်လုံးထဲအမြဲထည့်ထားတဲ့ အဖေနဲ့အမေ
အမှောင်နေတဲ့ အိမ်လေးအိမ်ထဲ
ခေတ်ဟာ သူတယောက်တည်း
ညစာကို စာသုံးနေလေရဲ့။


ထိုကဗျာလေးကိုရေးပြီး၍ ညရှစ်နာရီခန့်တွင် ကျွန်တော်တို့အိမ် ထမင်းဝိုင်းလူစုံခဲ့သည်။ မိသားစုစုံလင်ခြင်းက အစား အစာများကို ပို၍အရသာရှိစေသည်။ အလုပ်၏ပင်ပန်းခြင်းကို ဖြေဖျောက်ပေးသော ထမင်းဝိုင်းများလည်းဖြစ်သည်။ သို့သော် ခေတ်ကြီးက ရက်စက်နေဆဲဖြစ်သည်။

သုတရသအပြည့်ဖြစ်နေသော လက်ရှိခေတ်စာမျက်နှာများသည် ကျွန်တော်တို့ကို မှင်သက်စေသည်။ အံ့သြစေသည်။ ဝမ်း နည်းစေသည်။ နာကျင်စေသည်။ ပျော်ရွှင်လွတ်လပ်ခြင်းများ၊ တရားမျှတခြင်းများအတွက် ကျွန်တော်တို့ကိုယ်တိုင်သာ ရုန်းကန်လှုပ်ရှားရမည်ဖြစ်သည်။ အိမ်မက်များသည် အိမ်မက်သာဖြစ်ကြောင်း ကောင်းကောင်းသိလိုက်ရချိန်တွင် နေရောင် သည် အမှောင်၏ကြီးစိုးမှုကို ခံလိုက်ရပြီဖြစ်သည်။ နားထောင်၍ကောင်းလှသောစကားသံများကို စဉ်စားချင့်ချိန်၍ယုံကြည်ရန်အခြေအနေများက ကျွန်တော်တို့အား သတိပေးနေပြီဖြစ်သည်။ ကျွန်တော်တို့ဖတ်နေရသောခေတ်၏စာမျက်နှာများက ကျွန်တော်တို့အား လှည့်ဖြားနေပြီဖြစ်သည်။ ကျွန်တော်တို့၏လက်များသည် သန်မာနေဆဲဖြစ်သည်။ ကျွန်တော်တို့၏ နှလုံး သားများသည် ယုံကြည်ရာကို သစ္စာမဖောက်ဘဲ ဖြူစင်နေဆဲဖြစ်သည်။ ကျွန်တော်တို့ရောက်လိုသောခေတ်၏စာမျက်နှာကို ကျွန်တော်တို့ကိုယ်တိုင်ရေးသားရန် ကျွန်တော်တို့ကြိုးစားမှဖြစ်တော့ဖြစ်သည်။ လင်းလုပြီဟုထင်ရသောခေတ်သည် အ မှောင်ဆီသို့ တရွေ့ရွေ့သွားနေဆဲ။

ထက်လူအောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts