မောင်စွမ်းရည် – ကွန်မြူနစ်တယောက်ရဲ့ နှလုံးသား

(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၉

(ဖိုးသံ(လူထု)ရဲ့ ‘ငါဆိုတဲ့တေး’ကဗျာစာအုပ်ကိုဖတ်ပြီး ဒီဆောင်းပါးကိုရေးပါတယ်)

ဗမာပြည်မှာ ဗမာလူမျိုးတွေဟာ ‘ကွန်မြူနစ်’လို့ဆိုလိုက်ရင် မိစ္ဆာဒိဋ္ဌိ အရိုင်းအစိုင်းတွေလို့ ထင်မှတ် တက်ကြပါတယ်။

ဘာသာရေးနဲ့ပက်သက်ပြီး စကားအပြောမတည့်ကြရင်လည်း တဖက်သားကို ကွန်မြူနစ် လားတဲ့။

ရိုးရိုးစကားပြောကြတာကိုပဲ ဒဲ့ဒိုး၊ ဒုတ်ထိုးအိုးပေါက် ဆိုသလို ပြောလိုက်မိရင်လည်း ကွန်မြူနစ်လားတဲ့။

တခါတလေ ကျွန်တော့်ကို ကွန်မြူနစ်လားတဲ့။ ဘာဖြစ်လို့လဲလို့ ကျွန်တော်ကပြန်မေးရပါတယ်။

မှန်တာပြောတာနဲ့ ကွန်မြူနစ်တဲ့။ ခပ်ပြတ်ပြတ်ပြောမိတာနဲ့ ကွန်မြူနစ်တဲ့။ နေပါဦး ခင်ဗျားက တကယ့်ကွန်မြူနစ်ဆိုသူတွေကို တွေ့ဖူးသလား။ ကွန်မြူနစ်ဝါဒကို နည်းနည်းပါးပါးဖတ်ဖူးသလား။ ကွန်မြူနစ်ဆိုတာ ဘာလဲသိလို့ ခင်ဗျားက ကျွန်တော့်ကို ကွန်မြူနစ်လို့ စွပ်စွဲရတာလား။ ဒီလိုပြန်မေးတော့ တချို့က ‘ဆောရီး’ တဲ့။ မဆောရီးနဲ့။ ကျွန်တော်က ကွန်မြူနစ်လို့ အခေါ်ခံရတာကို ‘နာစရာ’လို့ မအောင့်မေ့ဘူး။ ဂုဏ်တောင်ယူချင်သေး။ မဟုတ်လို့သာ ပြန်မေးရတာ။ ခင်ဗျားမေးတာက ခင်ဗျားမကြိုက်တာ တခုခုရှိလို့ ကျွန်တော့်ကို ကွန်မြူနစ်လို့ခေါ်တာမို့လို့ ကျွန်တော်က ကွန်မြူနစ်ဘက်က နာလို့ပြောတာ။ ဒီလိုပဲ ကျွန်တော်နဲ့ ကျွန်တော့မိတ်ဆွေတွေကြားမှာ မကြာခဏ ‘ရန်ဖြစ်’လေ့ရှိကြပါတယ်။

ဒီလိုပါ။ ကျွန်တော့်အမြင်ကလေးတခုတင်ပြပါရစေ။ ဗမာပြည်ဟာ လွတ်လပ်ရေးရချင်ရချင်း ပြည်တွင်းစစ်ဖြစ်တယ် ဦးနု၊ ဦးကျော်ညိမ်း၊ ဖ-ဆ-ဆိုရှယ် အစိုးရကတဖက်၊ ကွန်မြူနှစ်၊ ရဲဘော်ဖြူနဲ့ တိုင်းရင်းသားတွေကတဖက် နိုင်ငံရေးကို သေနတ်တွေနဲ့ ပြဿနာဖြေရှင်းကြတာပါ။ ဒီအခါမှာ ဦးနုက လည်ပင်းမှာ ပုတီးဆွဲပြီး ကျန်တဲ့ဘက်ကို ရောင်စုံသောင်းကျန်းသူ၊ မိစ္ဆာဒိဋ္ဌိတွေဆိုပြီး တွင်တွင်ကြီး ဝါဒ ဖြန့်ပါတော့တယ်။ ရောင်စုံသူပုန်တွေက ဘာမှပြန်ရေး၊ ပြန်ပြောခွင့်မရှိဘူးလေ။ စာနယ်ဇင်း အစရှိတဲ့ ဝါဒဖြန့်ယန္တရားတွေအားလုံးက အစိုးရလက်ထဲမှာချည်းကို။ ပြောလိုက်ရေးလိုက်မိရင်လည်း ပုဒ်မ ၅ ဆိုတာ နာမည်ကြီး။ သူတို့ကို ဆန့်ကျင်သူအားလုံးကို ပုဒ်မ ၅ နဲ့ ချည်း ဖမ်းဆီး၊ ထောင်ချ၊ ကျွန်းပို့ လုပ်ခဲ့တာ။

စစ်အစိုးရလက်ထပ်မှာတော့ အဆိုးဆုံးပေါ့။ စာရေးဆရာတွေ၊ နိုင်ငံရေးအတိုက်အခံတွေအားလုံးကို ဖမ်းဆီးထောင်ချ ကျွန်းပို့ခဲ့ကြတာကလား။ ကျွန်တော့အဖေဆိုရင် နိုင်ငံရေးမလုပ်ဘဲနဲ့ သူ့ညီ နိုင်ငံရေးသမား တွေကို မဖမ်းမိတာနဲ့ သူ့ကိုပဲ ပုဒ်မ ၅ နဲ့ ထောင်ထဲကိုဖမ်းဆွဲထည့်ခဲ့တာလေ။

ဦးလေးလူထုဦးလှ တို့မိသားစုတခုလုံးနဲ့ မိတ်ဆွေအသိုင်းအဝန်းတခုလုံးလည်း အကြိမ်ကြိမ်အဖမ်းခံခဲ့ရပါတယ်။ ကွန်မြူနစ်မဟုတ်ခဲ့ရင်တောင် ထောင်ကပြန်ထွက်ရင် ထောင်ထဲက ကွန်မြူနစ်တရားတွေနာပြီး ကွန်မြူနစ်ဖြစ်ကုန်ကြတာ တွေလည်း ကြားရတာအခါခါ။

ဦးလေးကိုထောင်ချသူတွေက သူတို့ခံရတော့မှ ဦးလေးကိုပြန်ပြီး ကန်တော့ တောင်းပန်သတဲ့။ ဦးလေးကွန်မြူနစ်မဟုတ်တာ ကျွန်တော်တို့အသိဆုံး။ အဲ သူ့သားတွေကတော့ (သားကြီး နှစ်ယောက်ကတော့ တိန်တိန်မြည်ကွန်မြူနစ်တွေဖြစ်သွားခဲ့ကြပါတယ်။ မိဘကခိုင်းလို့ မဟုတ်ပါ။)

ကွန်မြူနစ်ရယ်လို့ အနံ့အသက်ရသူတိုင်းကို မြေပေါ်မှာ အတိုက်အခံပြုလုပ်ခွင့် မပေးချင်ဘူး။ မြေအောက်ကိုမောင်းထုတ်တယ်။ တောထဲကိုမောင်းထုတ်တယ်။ ဒါမှ အစိုးရက ‘သတ်ခွင့်’ရှိမှာကိုး။ ကွန်မြူနစ်တွေကိုသာ မြေပေါ်မှာ စည်းရုံးခွင့်ပေးလိုက်မိရင်လည်း (မနီတနီ ကွန်မြူဆိုရမလားမသိ- ပ.မ.ည.တ)ဆိုတဲ့ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုဆိုတာမျိုး ပေါ်ပေါက်လာခဲ့တော့ အမျိုးမျိုးထောင်တက် လာခဲ့တာကလား။ စစ်တပ်ကအာဏာမသိမ်းရင် ပ.မ.ည.တ ကတောင် အာဏာသိမ်းပေမလား မသိဘူး။ ကျွန်တော်တို့တောင် ကျောင်းသားဘဝနဲ့ မဲပေးခွင့်လည်းရရော ပ.မ.ည.တ ကို မဲပေးပစ်လိုက်တာပါပဲ။ ဒါ သမိုင်းပါ။

ကဲ … ကျွန်တော်နဲ့ရင်းနီးတဲ့ ကွန်မြူနစ်တွေအများကြီးထဲက (ဗုဒ္ဓွံ သရဏံ ဂစ္ဆာမိပါဘုရား။ ခုမှဒီလို ကြေညာရဲတာပါနော်) အဲ ကွန်မြူနစ်အများကြီးထဲက တယောက်ကိုပြောပါဆိုရင် ညီကိုအရင်းလို ချစ်ကျွမ်းရင်းနှီးသူတဦးတော့ လူထုဦးလှ၊ လူထုဒေါ်အမာ တို့ရဲ့သားအလတ် ဖိုးသံချောင်းပါပဲခင်ဗျာ။

သူ့နာမည်အရင်းက မောင်ချစ်ခင် တဲ့။ သူ့မိဘက ချစ်လွန်းခင်လွန်းလို့ဆိုတဲ့ အဓိပ္ပာယ်အပြင် သူတပါးတွေကလည်း ချစ်ပါစေ၊ ခင်ပါစေဆိုတဲ့ မေတ္တာစေတနာနဲ့ ဒီနာမည်ပေးတာနေမှာပေါ့။ ကွန်မြူနစ် အလောင်းအလျာလေးကို ကွန်မြူနစ်ဆန့်ကျင်ရေး အမေရိကန်ခရစ်ယာန်သာသနာပြုကျောင်းကို ထားခဲ့လို့ သူ့နာမည်တောင် အိုင်ဗင်(IVAN)တဲ့။ အဖေ့နာမည်နဲ့တွဲပြီး အိုင်ဗင်လှ (Ivan Hla) တဲ့။ သူ့ဖခင်ကြီးဦးလှက နိုင်ငံရေးပါတီတခုမှ မပါဖူးဘဲ၊ ဘာသာရေးအဖွဲ့အစည်းတွေမှာသာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပေမယ့် နိုင်ငံရေးမှုနဲ့ ငါးခါတောင် ထောင်ကျခဲ့။ သားအငယ်ဆုံးလေးဖြစ်တဲ့ ညီပုလေးဆိုရင် အရွယ်မရောက်ခင်က သူ့အမေနဲ့အတူ ဖမ်းဆီးထောင်ချခံခဲ့ရရှာတာ။ လူထုအယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်းလည်း ဖမ်းတာပါပဲ။ လူထု မောင်နေဝင်း၊ လူထုစိန်ဝင်း၊ လူထုမောင်စောလွင် စတဲ့အယ်ဒီတာတွေအပြင် ပုံနှိပ်စက်အလုပ်သမားတွေရော၊ ပုံနှိပ်စက်သက်မဲ့ကိုပါ လက်ထိပ်ခတ်ခဲ့တာလေ။

ဖိုးသံချောင်း ဆိုတာ အသက် ၁၉ နှစ်အရွယ်က အဖမ်းခံခဲ့ရပြီး ထောင်မက ကျွန်းကိုပါ အပို့ခံရတာလေ။ သခင်ခင်အောင်၊ သခင်ဖေဌေး၊ လေထီးဦးအုန်းမောင်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့် စတဲ့ သူပုန်စာရေးဆရာကြီးတွေ၊ နိုင်ငံရေးသမားကြီးတွေနဲ့အတူ ‘အုန်းသီးစား’ ခဲ့ရရှာတယ်လေ။ ထောင်ကျပြီး ကျွန်း၊ ကျွန်းကပြန်တော့ တောထဲကိုမောင်းထုတ်လိုက်တာ ယုန်ပြေး၊ ရှဥ့်ပြေးကိုပြေးခဲ့ရတာ အခုထက်ထိ အသက် ၇၀ ကြာခဲ့ပြီ။ နှစ်ပေါင်း ၃၀ လောက် တောထဲ၊ တောင်ထဲ၊ ထောင်ထဲနဲ့ အချိန်ကုန်ခဲ့ရရှာတယ်။ ကျောင်းလည်းမနေခဲ့ရရှာဘူး။ ထောင်ထဲကိုပို့ထားတော့ နိုင်ငံရေးပညာကိုပဲ ဘွဲ့လွန်တန်းအထိသင်ခဲ့ရတော့တယ်။ တက်ခဲ့တာက ကွန်မြူနစ်ဆန့်ကျင်ရေး နယ်ချဲ့ အရင်းရှင်ခရစ်ယာန်သာသနာပြုကျောင်း။ ဖြစ်လာတာက ကွန်မြူနစ်။

လူတွေက အစိုးရဝါဒဖြန့်စာတွေဖတ်ပြီး ဘာမှန်းမသိဘဲ လူရိုင်း၊ လူကြမ်း၊ နှလုံးသားမရှိသူလို့ ထင်နေခဲ့ကြပါတယ်။ အမေရိကားမှာ ကျွန်တော်က ‘ကွန်မြူနစ်အစ၊ သခင်အောင်ဆန်းက’ ကွန်မြူနစ်ပါတီ ၁၉၃၉ ဖွဲ့တော့ ပထမအတွင်းရေးမှူးက သခင်အောင်ဆန်းဆိုပြီး စကားဝိုင်းတစ်ခုမှာပြောမိတော့ ဘေးကကြားမိတဲ့ ကျောင်းသားတယောက်က ကျွန်တော့်ကို ကိုက်စားတော့မလို ဒေါသကြီးနဲ့ ‘ခင်ဗျား ဘာပြောတာလဲ’ စသဖြင့် ရန်ထောင်လို့ ဘေးကအသင့်ရှိတဲ့ သမိုင်းစာအုပ်ဆွဲထုတ်မပြနိုင်ရင် လူသတ်မလား မဆိုနိုင်ဘူး။ ထားပါတော့လေ။ စပ်မိလို့ပြောမိတာပါ။

အသဲနှလုံးမရှိသူ၊ လူမာလူပြတ်တွေကိုပေးတဲ့ ‘ဘွဲ့’ အမည်တခုပင်ဖြစ်နေပါတယ်။ လူမာများက ဖိုးသံချောင်းဟာ လူထှုဦးလှ၊ လူထုဒေါ်အမာရဲ့သား တောခိုသွားသူမို့ ကွန်မြူနစ်တဦးလို့သာသိကြတာ။ အခုအခါ သူဘာဖြစ်နေတယ် သိကြမှာမဟုတ်ဘူး။ သူဖြစ်တာတွေကို ကျွန်တော် အစုံမသိဘူး။ ကျွန်တော်သိတာက သူဟာ ကဗျာဆရာဖြစ်နေတာပါပဲ။ လူထုမိသားစုဟာ ‘ထောင်’ မိသားစုဖြစ်သလို ‘စာပေမိသားစု’လည်းဖြစ်ပါတယ်။ သူတို့ဟာ တသက်လုံး စာကောင်းပေမွန်တွေကိုပဲ ရေးသားပြုစုသွားခဲ့ပါတယ်။ တိုင်းရင်းသားပုံပြင်တွေ စုဆောင်းထုတ်ဝေခဲ့တာဆိုရင် ဗမာပါမက ကမ္ဘာမှာပါ လူထုဦးလှကို မီသူမရှိပါဘူး။ လူထုဒေါ်အမာ ရေးသွားတဲ့ ယဉ်ကျေးမှုဆိုင်ရာ စာအုပ်တွေကလည်း အခုအခါ ဒေါ်ဒေါ်သာမရေးခဲ့ရင် ဘယ်သူမှ ရေးနိုင်မှာမဟုတ်တဲ့ စာတွေကို ရေးသွားခဲ့လို့ အစိုးရကတောင် မပေးချင်ပေးချင်နဲ့ အမျိုးသားစာပေဆုတွေ ပေးခဲ့ရတာမဟုတ်လား။

ဟော … အခုပဲ သူတို့ရဲ့သား အငယ်ဆုံးတစ်ယောက်က ဝတ္ထုနဲ့ အမျိုးသားစာပေဆုကို ရရှိခဲ့ပြီး လူထုသားကြီးလို့ ဆိုရမယ့် မောင်သာနိုးတောင်မှ တစ်သက်သာစာပေဆုကို သူ့ညီအငယ်ဆုံးလေးနဲ့ အတူရခဲ့ပြီလေ။ အစောဆုံး စာပဒေသာဆုရခဲ့တာလည်း လူထုတိုက်ကထုတ်တဲ့ ရွှေကိုင်းသားရဲ့ ‘ဆင်ယင်ထုံးဖွဲ့မှုကျမ်း’စာအုပ်လေ။ တင်မိုး၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်စွမ်းရည်၊ ညီပုလေး၊ မောင်သစ်လွင်၊ မောင်စောလွင်၊ နတ်မောက်ထွန်းရှိန်။ ဟော ခုဆုရတဲ့ မနီတာ၊ ကိုလေး(အင်းဝဂုဏ်ရည်)ရဲ့သမီး အထိ စာပေမိသားစုကြီးက အကြီးကြီးပါ။

လူထုတိုက်ဟာ စစ်ပြီးခေတ်မှာ ကဗျာပေါင်းချုပ် စာအုပ်တအုပ် အစောဆုံးထုတ်ခဲ့တာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးပေါင်းချုပ်ပါ။ ဆရာကြီးကိုယ်တိုင် စုဆောင်းရွေးချယ်စီစဉ်ပြီး ‘မောင်လှ။ မအမာတို့ထုတ်ပါ’လို့ ပေးအပ်ခဲ့တဲ့ စာအုပ်လေ။ ဟော ခုတော့ သားသမီးတွေထဲကတဦးက အစမ်းစာ၊ ဆောင်းပါးစာတွေ မျိုးစုံရေးနေရာက ကောင်းကင်ပြာထဲက မိုးရွာချသလို ကဗျာစာအုပ်တအုပ် ထုတ်လိုက်ပြန်ပြီ။ သားငယ်က ဝတ္ထုဆုယူပြီး၊ သားလတ်က ကဗျာဆုများယူဦးမှာလားတော့ မတွေးရဲပါ။

တောခိုကွန်မြူနစ်တဦးကို တရားဝင်စာအုပ်ထုတ်ဝေခွင့်ပေးလာတာကိုပဲ ဒီမိုကရေစီရဲ့အရသာပါ။ အမေလူထုဒေါ်အမာရဲ့ သမီးကြီး (ကိုအောင်ဆန်းနှင့် သပိတ်မှောက်ကျောင်းသူ မအမာရဲ့ သမီးကြီး) ဒေါ်အောင်ဆန်းစုကြည်ဖတ်ရရင် ဝမ်းသာရှာမှာပါ။ ဒီလိုဖတ်ခွင့်ရတာကိုက ဒီမိုကရေစီရဲ့ ကျေးဇူးအမှတ်သား တခုမဟုတ်လား။

ကွန်မြူနစ်တယောက်က ကဗျာရေးသတဲ့။ အဆန်းမဟုတ်ပါ။ မအံ့သြပါနဲ့။ မော်စီတုန်းနဲ့ ဟိုချီမင်တို့လို ကမ္ဘာ့ထပ်သီး ကွန်မြူနစ်ကြီးတွေဟာ ကဗျာဆရာကြီးတွေပါ။ နီရူဒါ ဆိုတာလည်း ကြားဖူးမှာပါ။ ကွန်မြူနစ်ဆိုတာကလည်း အသည်းနှလုံးနဲ့ မဟုတ်ပါလား။ သူတို့မှာလည်း မိချစ်၊ ဖချစ်၊ ဆွေချစ်၊ မျိုးချစ် မှစလို့ ဆွေမဟုတ် မျိုးမဟုတ်တွေလိုလည်း ချစ်တတ်ကြမှာပေါ့။ အသည်းနှလုံးနဲ့ လူသားတွေပဲမဟုတ်လား။

ဖိုးသံချောင်းက ဒီကဗျာတွေကို ဘယ်တုန်းကဘယ်လိုများ ရေးခဲ့ပါလိမ့်လို့ တွေးစရာပါ။ သူ့ကဗျာစာအုပ် သူဆိုတဲ့တေးသံတွေကို နာခံကြည့်ရင် သိရမှာပါ။ သူက စာအုပ်တိုက်ထဲမှာ မွေးခဲ့တာလေ။ သခင်ကိုယ်တောင်မှိုင်း၊ တင်မိုး၊ ကြည်အောင်တို့ကဗျာကို စာအုပ်တိုက်နဲ့ စာအုပ်ထုတ်တာမဟုတ်ဘဲ မိဘတွေကိုယ်တိုင်က ဒီကဗျာတွေကို ရွတ်ဖတ်သီဆိုရင်း ထုတ်ခဲ့တာဆိုတော့ သူလည်း ‘ကဗျာတောဝယ်၊ သာဗျောငယ်လည်း၊ ဗျာမောကြွယ်’ ခဲ့ပေမှာပေါ့။ ဒါကြောင့်ထောင်ထဲရောက်သွားတော့ နားနားနေနေနဲ့ ကဗျာတွေရေးခွင့်ရတဲ့အခါ ကဗျာတွေကို သီကုံးဖြစ်ခဲ့တယ်။ စစ်အစိုးရထောင်ဆိုတာက ဘယ်ထောင် နဲ့မှမတူဘူး။ စာရေးစာဖတ်ခွင့်မရှိဘူး။ ဒီကြားထဲက ‘ဆူးကြားသီးတဲ့ဘူး’လို ကဗျာဘူးသီးလေးတွေ သီးပွင့်လာခဲ့တော့ သူ့အမေဆီကို ‘ခိုး’ ပို့ခဲ့ရရှာတာ။ အမေကလည်း ရဲတွေစစ်သားတွေ မွှေနှောက်ရှာတာကို မတွေ့အောင်ဝှက်ထားခဲ့ရရှာတာ။ အမေက စိန်တွေရွှေတွေ ဝှက်သလို၊ ဝှက်ထားခဲ့ရတဲ့ ကဗျာလေးတွေကို ထုတ်လိုက်တာတဲ့။ ကဗျာပုဒ်ရေ တရာတောင်ကျော်ပါသေးတယ်။

သံတိုင်နောက်က တေးသီချင်း လေးတွေကို ‘ပင်လယ်အလယ်ကောင် သောင်ထွန်း၊ ကဗျာပေါက်တဲ့ကျွန်း’ လို့ ဆိုရမှာပါ။ ကျွန်းပေါ်မှာ လေးမောင်(မြင်းခြံ) စတဲ့ အခြားကဗျာဆရာတွေလည်း ကဗျာရေးခဲ့ကြရှာမှာပါ။ သူတို့ကဗျာတွေ ဘယ်ရောက်ကုန်ကြလဲ မသိ။ နှမြောစရာပါ။

ဖိုးသံ (လူထု)တဲ့။ ကျွန်တော်မောင်စွမ်းရည် (လူထု)လို့ ကျွန်တော့်ကဗျာတပုဒ်မှာ လက်မှတ်ထိုး လိုက်ဖူးတယ်။ အမေရိကန်ပြန်ရောက်မှပါ။ သူငယ်ချင်း တင်မိုး က ‘အခုမှ ဘာအရူးထပြန်တာလဲ’ဆိုတာနဲ့ ဖျက်ပစ်ခဲ့ရတယ်လေ။ ဖိုးသံ(လူထု)က တခြားစာအုပ်တွေလည်း ထုတ်ခဲ့ဖူးသေးတယ်။ အမေရိကန်ပြည် ထောင်စုမှထုတ်တဲ့ ဗမာကွန်မြူနစ်တယောက်ရဲ့ ပထမစာအုပ်မှာ ကလောင်အမည်က ‘ယာတောက သာဗျော’ တဲ့ ။ ၂၀၀၃ -၂၀၀၄ လောက်က ထုတ်ခဲ့တာပါ။ ပြန်ထုတ်ပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

ခု ကဗျာတွေကတော့ ဖတ်မိသူတွေ အံ့သြဝမ်းသာကြမှာပါ။ ကွန်မြူနစ်တယောက်ရဲ့ ရင်ခုန်သံကို နားဆင်ကြရလို့ပေါ့။ သူ့မှာလည်း နှလုံးသားနဲ့မဟုတ်လား။ အဖေ၊ အမေ၊ ချစ်သူ၊ မုန်းသူတွေအားလုံးကို သူဖွဲ့ဆိုခဲ့ပါတယ်။ ကျဆုံးသွားခဲ့ကြတဲ့ ရဲဘော်တွေကို ကဗျာနဲ့အလေးပြုတယ်။ အမေ၊ အဖေတွေကို ကဗျာနဲ့ကန်တော့တယ်။ ကွန်မြူနစ်တယောက်ရဲ့ ခေါင်းအုံးအောက်က အမေ့ပုတီးကုံးလေးအကြောင်းကို ဖတ်ရတော့ အံ့သြဝမ်းသာကြည်နူးစရာပေါ့။ လူဆိုတာ အတူတူပါပဲ။ သခင်အောင်ဆန်းနဲ့ သခင်သန်းထွန်း တို့ဟာ ကွန်မြူနစ်ပါတီကို ဗမာပြည်လွတ်လပ်ရေးကြိုးပမ်းမှုတရပ်အနေနဲ့ အတူတကွ တည်ထောင်ခဲ့ကြသလို၊ ဖက်ဆစ်ကိုအသက်ပေးတော်လှန်ကြဖို့ ဖ.ဆ.ပ.လ ကိုလည်း အတူတည်ထောင်ဖွဲ့စည်းခဲ့ကြတာဟာ သမိုင်းပါ။ အိမ်ထောင်ပြုကြတော့လည်း ညီအမအရင်းနှစ်ယောက်ကို တယောက်ဆီ ရွေးယူခဲ့ကြတော့ ဆွေမျိုးစပ်ရင် မယားညီကိုပေါ့။ သူတို့လည်း အတူရင်ခုန်ခဲ့ကြပါတယ်။

သခင်သန်းထွန်းရဲ့ဆောင်းပါးတွေကိုတောင် ဗမာပြည်မှာ လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့်ရသလို ဖိုးသံ(လူထု)ရဲ့ ကဗျာလည်း ထုတ်ဝေခွင့်ရခဲ့ပါပြီ။ ကွန်မြူနစ်တွေရဲ့ နှလုံးသားကို ဖုံးကွယ်မထားတော့တဲ့ ခေတ်ဦးဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေတ်ဦး။ ဒီမိုကရေစီခေတ်ဦးပါ။

ကွန်မြူနစ်နှလုံးခုန်သံကို နာခံကြည့်ကြပါဦး။

မောင်စွမ်းရည်
၂၀၁၈ နိုဝင်ဘာ ၂၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ