မိုးချိုသင်း – ဒီနေ့အဖေဆုံးတာ ၁၂နှစ်ပြည့်မှာ

(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၉ ဒီနေ့ အဖေဆုံးတာ ၁၂ နှစ်ပြည့်နေ့မှာ အဖေဆုံးစဉ်က ဈာပနတက်ခွင့်မသာတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေအတွက် ခံစားရတာလေးတွေကို အခုအချိန်မှာ တည်တည်ငြိမ်ငြိမ် ပြောပြနိုင်ပြီ ဖြစ်လို့ ဒီစာကို မှတ်တမ်းတခုအနေနဲ့ ရေးဖို့ စိတ်ကူးပါတယ်။

အဖေက အမေရိကန်ပြည်ထောင်စု၊ California ပြည်နယ်၊ Los Angeles မြို့မှာ ဇန်န၀ါရီ ၂၂ရက်က အဖေ့မိတ်ဆွေ ဦးလေးကြီးဦးတင်မောင်မြင့်နဲ့ အတူ မြို့ပတ်ရထား ပတ်စီးပြီးအပြန်၊ Ururapan ဆိုတဲ့ အိမ်နားက မက္ကဆီကန်ဆိုင်လေးမှာ ထိုင်ရင်း ညနေ ၄နာရီခွဲ လောက်မှာ ရုတ်တရက် လဲကျ ဆုံးပါးခဲ့ပါတယ်။ ဆုံးပြီးတဲ့အချိန်မှာ အားငယ်လိုက်တာ ပြောစရာစကားလုံးမရှိ။ မိသားစု နာရေးကို ပြည်ပမှာ ပထမဆုံးကြုံတွေ့ရတာဖြစ်လို့ ဘယ်က ဘယ်လို စ လုပ်ရမယ် မသိ။ ဒါပေမဲ့ မိနစ်ပိုင်း နာရီပိုင်းအတွင်း အိမ်မှာ မိတ်ဆွေတွေနဲ့ ပြည့်သွားတယ်။ စီစဉ်ရမဲ့ကိစ္စတွေ သူတို့စီစဉ်ကြတယ်။ အကြောင်းကြားရမဲ့သူတွေ သူတို့ အကြောင်းကြားကြတယ်။ တိုင်ပင်ရမဲ့ကိစ္စတွေ သူတို့ပဲ တိုင်ပင်လုပ်ကိုင်ကြတယ်။ အင်မတန် ကျေးဇူးတင်ဖို့ ကောင်းလှပါတယ်။

Belgium က အမ မိုးမိုးနှင်းတို့ မိသားစု ရောက်လာတော့ အတော်အားရှိသွားတယ်။ မြန်မာပြည်မှာ ကျန်တဲ့ အမနှစ်ယောက်ကတော့ လာခွင့်မရခဲ့ပါဘူး။ အဖေ့နောက်ဆုံးအချိန် အတူကြည့်ခွင့် မရခဲ့ဘူး။ အမေရိကန်နိုင်ငံတွင်း ရပ်ဝေး ရပ်နီးက အဖေ့မိတ်ဆွေ အပေါင်းအသင်းများ၊ တပည့်တပန်းများ အသီးသီး ရောက်လာကြတယ်။ အဖေနေခဲ့တဲ့အိမ်လေးမှာ အဖေချစ်ခင်ခဲ့တဲ့လူတွေနဲ့ စည်ကားနေခဲ့ပါတယ်။ မှတ်မိတာတခုက အဖေအားပေးခဲ့တဲ့ မိုးမခမီဒီယာက အိမ်ကနေ နာရေးသတင်းအချက်အလက်တွေ ထုတ်ပြန်ပေးနေလို့ သူ့ website ကို ကြည့်မိတော့ မျက်နှာစာမှာ ဘေးတဖက်တချက်က ကြော်ငြာတွေ ဖြုတ်ထားပြီး အမဲရောင် ဖြစ်နေခဲ့တာပါ။ “ငါ အွန်လိုင်းမှာ နာရေးမဏ္ဍပ် ထိုးလိုက်တာ” လို့ တွေးမိတိုင်း မျက်ရည်စို့စေမဲ့ စကားကို ကိုမောင်ရစ်က ပြောပြခဲ့တယ်။ အဖေ့ ဈာပနာအခမ်းအနားကို DVD မှတ်တမ်း လုပ်ထားနိုင်ခဲ့ပါတယ်၊ နာရေးကြော်ငြာတောင် မြန်မာပြည်က သတင်းစာ မဂ္ဂဇင်းတွေထဲမှာ ထည့်ခွင့်မရခဲ့လို့ ပြည်တွင်းပြည်ပက ပို့ကြတဲ့ ၀မ်းနည်းကြောင်းစာတို စာရှည်တွေကို “ဖလ်မီးအိမ်သို့ အလွမ်းစာ”ဆိုပြီး စာအုပ်ထုတ်နိုင်ခဲ့ပါတယ်။

အဖေ ရင်းနှီးချစ်ခင်တဲ့ လူငယ်မိတ်ဆွေများ လိုက်ပို့ခဲ့ကြတယ်။
အဖေ မဆုံးခင် ၂ရက်လောက်က ကိုယ်အလုပ်က ပြန်လာတော့ အဖေက အိမ်ရှေ့ကို ခေါ်ပြီး ပြပါတယ်။ အိမ်ကနေ ကြည့်ရင် တောင်ထန်းပင်လေးတွေ မြင်ရပါသတဲ့၊ အဖေ ရေကြည့်တာ ၆ပင်တောင် တွေ့ပါတယ်တဲ့။ ထန်းပင်လေးတွေ လှမ်းမြင်ရတာမို့ အညာကို ရောက်နေသလိုပါပဲ တဲ့။ အဖေသက်ရှိထင်ရှားဘ၀နဲ့တော့ အဖေချစ်တဲ့ မြန်မာပြည်ကြီးကို ပြန်မရောက်နိုင်တော့ဘူး လို့ စိတ်ဒုံးဒုံးချလိုက်ပုံပဲ။ သူ့စိတ်ကူးထဲမှာ သူချစ်တဲ့ မြန်မာပြည်ကြီးကို ဒီမှာပဲ ဖန်တီးယူလိုက်ပုံပါ။ ဒါကြောင့် အဖေဆုံးပြီးတော့ တမြေ့ မြေ့ ဆွေးရချိန်တွေမှာ အဖေ့ကို အခွင့်သာတဲ့တနေ့ မြန်မာပြည် အရောက် ပြန်ပို့မယ်လို့ ဆုံးဖြတ်ချက် ချထားခဲ့ပါတယ်။
အဖေ့ ဈာပန အခမ်းအနား ကျင်းပရာ SkyRose Chapel, Rose Hills Memorial Park မှာပါ။

ပြည်သူရွေးကောက်တင်မြှောက်တဲ့ အစိုးရလက်ထက်မှာ ပထမဆုံး လုပ်မိတာက အဖေ့ကို အိမ် ပြန်ပို့ဖို့ စီစဉ်မိတာပါ။ အဲဒီအချိန်ဟာ အဖေဆုံးပြီး ၁၀ နှစ်အကြာမှာပါ။ မပို့ခင် လအနည်းငယ်အလိုကတည်းက အစစအရာရာ အဆင်ပြေချောမွေ့အောင် စီစဉ်ရတာပါ။ မြန်မာပြည်ဖက်က အမကြီး မစံက အဖေ့အတွက် မြေနေရာကအစ အုတ်ဂူအဆုံး စီစဉ်ရပါတယ်။ ရန်ကုန် နာရေးကူညီမှုအသင်းက အဖေ့တွက် မြေနေရာကို ဂုဏ်ပြုလှူဒါန်းပါတယ်။ သေးသေးမွှေးမွှေးနဲ့ မာန်မာန မရှိတဲ့ ခရေပန်းလေးတွေ ပွင့်မယ့် ခရေပင်လေးအောက်မှာပါ။ ဒီဖက်ကလဲ ကိုယ်တို့တွေက အဖေ့အရိုးအိုးလေးပို့ဖို့ စီစဉ်ရပါတယ်။ အဖေ ပြည်ပထွက်ဖို့စီစဉ်တုန်းကလဲ အခုလိုပဲ ညီအမတတွေ တိတ်တိတ်ဆိတ်ဆိတ် စီစဉ်ခဲ့ရတာ သတိရနေမိပါတယ်။ အဖေ့အရိုးပြာအိုးလေးကို ၁၀နှစ်ကြာ ယာယီထားထားတဲ့ Rose Hills Memorial Park ကနေ Funeral home ချင်း တိုက်ရိုက် ပို့ပေးတဲ့ service ရှိပေမဲ့ မြန်မာပြည်မှာ တိုက်ရိုက် ဆက်သွယ် လက်ခံဖို့ service မရှိသေးတာမို့ ကိုယ်တိုင် အဖေ့ကို အတူခေါ်သွားမယ်လို့ ဆုံးဖြတ်ရပါတယ်။ ဒီလိုနဲ့ သားအဖ ၃ယောက် ချစ်တဲ့မြန်မာပြည်ကို ၂၀၁၆ ဒီဇင်ဘာ၂၄ရက်မှာ အတူပြန်ခဲ့ကြပါတယ်။

မြန်မာပြည် လေဆိပ်အထွက်မှာ သားအဖနှစ်ယောက်။

မြန်မာပြည်ပြန်တဲ့ လမ်းခရီးတလျှောက် အင်မတန် စိတ်ချမ်းသာခဲ့တာ အမြဲအမှတ်ရနေပါတယ်။ အဖေ့ကို ကိုယ်နဲ့မကွာယူရတဲ့ အိတ်လေးထဲ ထည့်ထားပါတယ်။ တိုင်းပြည်က အထွက်မှာ၊ transit တွေမှာ လေဆိပ်လုံခြုံရေး ၀န်ထမ်းတွေက အဖေ့အရိုးပြာအိုးလေးကို စစ်ကြပါတယ်။ ကျမအဖေရဲ့ ပြာအိုးလေးပါ လို့ ပြောပြတာကို သူတို့တွေ နားလည်စာနာစွာ အညင်သာဆုံး ကိုင်တွယ် စစ်ဆေးခဲ့ကြပါတယ်။ ဘာမှ ရစ်ခြင်း အထွန့်တက်ခြင်း မကြုံခဲ့ရပါဘူး။ ခရီးတွေ အဖေထွက်တိုင်း လုံခြုံရေးစက်အောက် အဖေဖြတ်သွားတိုင်း အိတ်ထဲက မီးခြစ်တွေကြောင့် အမြဲတတီတီ မြည်လို့ စစ်ဆေးခံခဲ့ရတဲ့အဖေ့ကို သတိရမိပါသေးတယ်။ မီးခြစ်သယ်လို့ မရတာ သိပေမဲ့ ဆေးလိပ်ကြိုက်တဲ့ အဖေက သယ်တာပါပဲ။ သူ့အိတ်တခုမဟုတ် တခုထဲမှာ မီးခြစ်ကတော့ အမြဲရှိနေခဲ့တာပါပဲ။ အခုတော့ မီးခြစ်လေးတွေ အဖေချန်ထားခဲ့ပါပြီ။ မြန်မာပြည်လေဆိပ်ရောက်တော့လဲ ဘယ်သူမှ မသိလို့ ဘာမှတောင် စစ်ဆေး မေးမြန်းခြင်း မရှိပါဘူး။ အပြင်ဖက်မှာ မိသားစုတွေ၊ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေ စောင့်ကြိုနေခဲ့တာ..။ ဒီလိုနဲ့ အဖေ့ကို အိမ်ပြန်ပို့နိုင်ခဲ့ပြီ။

အဖေ့ကို လာကြိုကြတဲ့ မိသားစုနဲ့ မိတ်ဆွေများ

အဖေမဆုံးခင် ညက နောက်ဆုံးရေးခဲ့တဲ့ ကဗျာ နောက်ဆုံးပိုဒ်လေးထဲမှာ အဲဒီအချိန်က အဖေ့ရဲ့ မျှော်လင့်ချက် တပိုင်းတစကို ကဗျာထဲမှာ မြင်နိုင်ပါတယ်။

” ကိုယ်ကအစ၊ သူက အားလုံး
ရွှင်ပြုံး ချမ်းမြေ့၊ ပျော်တဲ့နေ့ကို
မြင်တွေ့လိုစိတ်နဲ့
အတိတ်က အမှားတွေကို ကျော်
ဒိဌတရားကို မျှော်ရင်း
ဘုရားပေါ်သို့ ပျော်ပျော်တက်
ဒိုးပတ်ဝိုင်းနဲ့ ပျော်တော်ဆက်ချင်ပါကြောင်း။ ”
တင်မိုး
၂၁၊၁၊ ၂၀၀၇
တနင်္ဂနွေညဦး အိပ်ရာဝင်ကုသိုလ်ကြမ္မာ မမီခဲ့ပါလို့ ဒိုးပတ်ဝိုင်းနဲ့ဘုရားပေါ် အဖေ မတက်နိုင်ခဲ့သော်လည်း၊ အဖေချစ်တဲ့ မြန်မာပြည်ကိုတော့ ရောက်အောင် ပြန်နိုင်ခဲ့တာ ကျေနပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။
ပြုသမျှ ကုသိုလ်အစုစုကို အမျှပေးဝေပါတယ်။ ရောက်ရာဘုံဘ၀က အဖေ သာဓုခေါ်နိုင်ပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ