သူတို့အာဘော် ဝေဖန်ရေးရာ

တင်အေး (၈၈ မျိုးဆက်၊ ဗကသ) – ဗမာပြည်နိုင်ငံရေး ပကတိအခြေအနေ နဲ့ တတိယနည်းပရိယာယ်လမ်းစဉ် (၂ ) နိဂုံး


တင်အေး (၈၈ မျိုးဆက်၊ ဗကသ) – ဗမာပြည်နိုင်ငံရေး ပကတိအခြေအနေ နဲ့ တတိယနည်းပရိယာယ်လမ်းစဉ် (၂ ) နိဂုံး

(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၉

သေနင်္ဂဗျူဟာ နဲ့ နည်းပရိယာယ်လမ်းစဉ်အဆင့်ဆင့်

နည်းပရိယာလမ်းစဉ်ကို မပြောခင် လက်ရှိဗမာပြည်နိုင်ငံရေးရဲ့ဦးတည်ရည်မှန်းချက်ကို အရင်ဆုံးဖော်ပြဖို့ လိုပါတယ်။ ဗမာပြည်နိုင်ငံရေးရဲ့ နိုင်ငံရေးအရဦးတည်ရည်မှန်းချက်က ခေတ်မီတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးပါ။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြောင်းလဲတွေဟာ အဲဒီ့မှာ အားလုံးအကျုံးဝင်ပါတယ်။

အဲဒီ့ဦးတည်ရည်မှန်းချက်ကို ရောက်ဖို့အတွက် သေနင်္ဂဗျူဟာရည်မှန်းချက်ကတော့ အတားအဆီး ခလုတ် ကန်သင်းဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖယ်ရှားပစ်ရေးပါ။ စစ်အာဏာရှင်စနစ် နဲ့ ဒီမိုကရေစီ ဆိုတာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လို့ မရပါဘူး။ ဂူတဂူထဲ ခြင်္သေ့နှစ်ကောင် အောင်းလို့ မရသလို တခုရှိရင် တခုဖယ်ပေးရမှာပါပဲ။ စစ်အာဏာရှင်စနစ်ရှိရင် ဒီမိုကရေစီ မရှိနိုင်၊ ဒီမိုကရေစီစနစ် ထွန်းကားရင် စစ်အာဏာရှင်စနစ် မရှိနိုင်ပါဘူး။

သေနင်္ဂဗျူဟာ ရည်မှန်းချက်ကို ရောက်ဖို့အတွက် လျှောက်လှမ်းရမယ့် နည်းပရိယာယ်လမ်းစဉ်ကတော့ ဖြစ်ပေါ်နေတဲ့ပကတိအခြေအနေ အပြောင်းအလဲတွေအပေါ်မူတည်ပြီး နည်းပရိယာယ်လမ်းစဉ်အဆင့်ဆင့် ဖြစ်နိုင်ပါတယ်။ သေနင်္ဂဗျူဟာ ရည်မှန်းချက်တခု အောင်မြင်ရရှိဖို့အတွက် နည်းပရိယာယ်လမ်းစဉ်အဆင့်ဆင့်ကို ဖြတ်သန်းသွားရတာဟာ သဘာဝပါပဲ။ ဒီနေရာမှာ ပညာတတ်များရဲ့ တော်လှန်ရေးအမြန်ပြီးချင်တဲ့ စိတ်လောကြီးမှုအရ အများဆုံး မှားတတ်ကြ တာကတော့ နည်းပရိယာယ်လမ်းစဉ် အဆင့်ဆင့်ဖြတ်သန်းရမှာကို မေ့လျော့ပြီး၊ သေနင်္ဂဗျူဟာ နောက်ဆုံးအဆင့်မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေချည်း ချမှတ်၊ သေနင်္ဂဗျူဟာ နောက်ဆုံးအဆင့်မှာ အကောင်အထည်ဖော်ရမယ့် ကြွေးကြော်သံတွေ၊ လှုပ်ရှားမှုတွေချည်း လုပ်ဆောင်တတ်ပြီး၊ အမြဲတမ်း ပွဲသိမ်းရေးပဲ စိတ်ကူးတတ်ကြပါတယ်။

အချိန်တချိန်မှာ ရှိနေတဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့၊ သေနင်္ဂဗျူဟာ ရည်မှန်းချက်ကို ဦးတည်တဲ့ နည်းပရိယာယ်လမ်းစဉ်အဆင့်ဆင့်တွေ ချမှတ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အဲသလို ချမှတ်နိုင်မှသာ မှန်ကန်တဲ့ နိုင်ငံရေးလမ်းစဉ် ရမှာပါ။

တတိယနည်းပရိယာယ်လမ်းစဉ်
ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ပကတိအခြေအနေဟာ သပိတ်တိုက်ပွဲပုံစံတမျိုးထဲနဲ့ သွားနေတဲ့ နည်းပရိယာယ် လမ်းစဉ်လည်း မဟုတ်၊ လွှတ်တော်နိုင်ငံရေးနည်းလမ်းတခုတည်းနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်လည်း မဟုတ် ပါဘူး။

ဒီနေ့ ချမှတ်ရမယ့် တတိယနည်းပရိယာယ်လမ်းစဉ်ဟာ –
“လူထု အခြေခံ၊ မဟာမိတ်ဘောင် ချဲ့၊ မျက်နှာစာတိုင်း အသုံးချ၊ အလှည့်အပြောင်း ဦးတည်” ရမယ့် နည်းပရိယာယ်လမ်းစဉ်ပဲဖြစ်ပါတယ်။

လူထုအခြေခံ
လူထုအခြေခံဆိုတာ ဒီနေ့အခြေအနေနဲ့အညီ ပြောရမယ်ဆိုရင် ကိုယ်ရွေးချယ်ပြီး သွားနေတဲ့ လမ်းကြောင်းမှာ ကိုယ့်ဆောင်ရွက်ချက်တွေဟာ လူထုနဲ့ဆက်စပ်ထားရမယ်၊ လူထုအသံကို အလေးအနက် နားထောင်ရမယ်၊ လူထုဘဝ လိုအပ်ချက်တွေနဲ့ တိုက်ရိုက်ပတ်သက်နေရပါမယ်။ လွှတ်တော်နိုင်ငံရေး လမ်းကြောင်းဖြစ်စေ၊ လွှတ်တော်ပ နိုင်ငံရေးလမ်းကြောင်းဖြစ်စေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လမ်းကြောင်းဖြစ်စေ၊ အခြေခံဒီမိုကရေစီအခွင့်အရေးတိုက်ပွဲလမ်းကြောင်းဖြစ်စေ ကိုယ့်ရဲ့၊ ကိုယ့်အဖွဲ့အစည်းရဲ့အလုပ်တွေဟာ လူထုဘဝနဲ့ တိုက်ရိုက် ချိတ်ဆက်ထားရပါမယ်။ အဲသလို မချိတ်ဆက်ထားရင် နိုင်ငံရေးသမားတွေ ပြောဆို ဆောင်ရွက်နေကြတဲ့ နိုင်ငံရေးက သပ်သပ်၊ လူထုဘဝထဲက တကယ့်နိုင်ငံရေးကသပ်သပ် ဖြစ်နေပါလိမ့်မယ်။ (အဲဒီ့အကြောင်းကို“နိုင်ငံရေး(၂)မျိုး” ဆိုတဲ့ဆောင်းပါးနဲ့ ၂၀၁၃၊ သြဂတ်စ်၊ ၇ ရက်နေ့ထုတ် မြနန္ဒာဂျာနယ် အတွဲ ၂၊ အမှတ် ၂၉ မှာ ရေးခဲ့ပါတယ်။)

မဟာမိတ်ဘောင် ချဲ့
မဟာမိတ်ဘောင်ချဲ့ဆိုတာ ကြားဖူးနေကျစကားအတိုင်း တပ်ပေါင်းစုကို တည်ဆောက်၊ တပ်ပေါင်းစု ကိုတိုးချဲ့၊ တပ်ပေါင်းစုနဲ့အောင်ပွဲခံဆိုတာနဲ့ တထပ်တည်း မတူပါဘူး။

မဟာမိတ်ဘောင်ကို တိုးချဲ့ဆိုရာမှာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေကြားမှာ ကိုယ်နဲ့တူတာတွဲလုပ်လို့ရသလောက် လုပ်ကြတာအပြင်၊ ဘက်တူပြီး အလုပ်မတူတဲ့သူတွေနဲ့လည်း ဒီတခုမတူ၊ နောက်တခုတူရင် တွဲလုပ်လို့ရအောင် လမ်းဖွင့်ထားရပါမယ်။ တခုမတူတာနဲ့ ရန်သူလို တုံ့ပြန်လိုက်ပြီး တူတာရှိလာရင်တောင် နောင်ဘာမှ တွဲလုပ်လို့ မရအောင် လုပ်လိုက်တာဟာ မဟာမိတ်တံခါးကို ပိတ်ပစ် လိုက်တာပါဘဲ။ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ နှလုံးခုန်နှုန်းတွေကို ထိန်းချုပ်ပြီး၊ ပြည်သူ့အကျိုးရှေ့ရှုတဲ့၊ အမြင်ကျယ်တဲ့ နိုင်ငံရေးသမားဆိုရင် မဟာမိတ်တံခါးကို အမြဲဖွင့်ထားရပါမယ်။ (မဟာမိတ်တံခါးဖွင့်ထားတာနဲ့ မူကို စွန့်လွှတ်တာနဲ့လည်း နည်းနည်းမှ မဆိုင်ပါဘူး။ ရှင်းနေလို့ သီးခြား မရှင်းတော့ပါ။)

အဲသလို အလုပ်တွဲလုပ်တာတင်မက ကိုယ့်လုပ်ရပ်ကို ထောက်ခံသူတွေ များသထက်များလာအောင် လုပ်တာလည်း မဟာမိတ်ဘောင်ကို တိုးချဲ့တာပါဘဲ။ ကိုယ်တိုင်ဝင်မလုပ်နိုင်ပေမယ့် လုပ်ကိုင်နေသူတွေကို ရေသန့်ဗူး ထွက်ပေးတာ၊ ဘေးကနေ လက်ခုတ်တီးပေးတာပဲလုပ်နိုင်ရင်လည်း အဲဒီသူဟာ ကိုယ့်မဟာမိတ် ဘောင်ထဲမှာပါပါတယ်။ နောက်ဆုံးယုတ်စွအဆုံး အိမ်ထဲမှာ ဘုရားရှိခိုးရင်တောင်ဒီမိုကရေစီ ဘက်တော်သားတွေ ဘေးရန် ကင်းရှင်းပါစေလို့ ဆုတောင်းပေးတဲ့သူ များသထက်များလာရင်လည်း ကောင်းပါတယ်။ အဲဒါ ကိုယ့်မဟာမိတ်တွေ များသထက်များလာတာပါဘဲ။

ဒီနေရာမှာ မဟာမိတ်ဘောင်တိုးချဲ့ရေးအမြင်ဟာ ဘယ်လောက်ထိ ‘တာ’သွားရမလဲဆိုရင် ဒီမိုကရေစီ ဆန့်ကျင်ဘက်ခြမ်းက အဖွဲ့အစည်းတွေ၊ အင်စတီကျူးရှင်း(Institution)တွေထဲမှာလည်း လူပုဂ္ဂိုလ်ကို သဘောကျလို့ဘဲဖြစ်ဖြစ် တခြားဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ဒီမိုကရေစီဘက်ကို လိုလားသူတွေ ဖြစ်လာ အောင်၊ တိတ်တဆိတ်ကနေ သိသိသာသာနည်းနဲ့၊ ရတဲ့နည်းနဲ့ ထောက်ခံအားပေးသူတွေ များလာအောင် မဟာမိတ်ဘောင် တိုးချဲ့ရေး သဘောထားရှိဖို့လိုပါတယ်။ ဒီအတွက် အကောင်းဆုံးပြယုဒ်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီဆန့်ကျင်သူတွေရဲ့ မဲဆန္ဒနယ်တချို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေး ထောက်ခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အနိုင်ရခဲ့ကြတဲ့သာဓကပါဘဲ။ ဒီမိုကရေစီ ဆန့်ကျင် သူတွေရဲ့အရိပ်အောက်မှာနေရတဲ့ဘဝကနေ ဒီမိုကရေစီကို တိတ်တခိုးထောက်ခံခဲ့ကြတာပါ။

ဒါကြောင့် မဟာမိတ်ဘောင်တိုးချဲ့ရေးဆိုတာ အလုပ်အတူတွဲလုပ်လို့ရသူမှအစ၊ ဘုရားရှေ့မှာ ဆုတောင်းပေးသူအလယ်၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေထဲကနေ ကြိတ်ထောက်ခံနေသူအဆုံး ဆူကြုံနိမ့်မြင့် ထောက်ခံမှုဒီကရီလိုက်လို့ ဒီမိုကရေစီဘက်ခြမ်းကို လိုလားသူ များသထက်များလာရေး၊ တိုးချဲ့ရေးပဲ ဖြစ်ပါတယ်။ (ဒီမိုကရေစီဘက်ခြမ်းကို ကူးပြောင်းချင်ယောင်ဆောင်သူတွေကိုတော့ မဟာမိတ်လို့ ခြေပစ်လက်ပစ် သဘောထားလိုက်လို့ မရပါဘူး၊ စာမေးပွဲစစ်ဖို့ လိုပါတယ်။ ဘယ်အချက်တွေနဲ့ စစ်ဆေးဖို့လိုသလဲဆိုတဲ့ အကြောင်းကို မိုးမခအွန်လိုင်းမဂ္ဂဇင်းမှာ ၂၀၁၇၊ ဇွန်လ၊ ၃ ရက်နေ့က ‘ဘက်နဲ့ အကျိုးစီးပွား’ဆိုတဲ့ ဆောင်းပါးနဲ့ ရေးသားတင်ပြခဲ့ပြီးပါပြီ။)

မျက်နှာစာတိုင်း အသုံးချ
ဒီမိုကရေစီရေးလှုပ်ရှားမှုဆိုတာ လမ်းမပေါ်၊ စစ်မြေပြင်၊ ငြိမ်းချမ်းရေးစာပွဲဝိုင်း … စတဲ့ မျက်နှာစာတွေ တင်မက မျက်နှာစာအသီးသီး ရှိပါတယ်။ စာပေအနုပညာနယ်ပယ်၊ သုတေသနစာတမ်းနယ်ပယ်၊ အရပ်ဘက် အဖွဲ့အစည်းလှုပ်ရှားမှုနယ်ပယ်၊ မီဒီယာ၊ အကျဉ်းထောင်၊ တရားရုံး …စတဲ့ နယ်ပယ်အသီးသီး မျက်နှာစာ အသီးသီးမှာ ကိုယ်သန်ရာ၊ ကိုယ်ကျရာအခြေအနေလိုက်လို့ ဒီမိုကရေစီရေးအတွက် ပုံစံမျိုးစုံနဲ့ လှုပ်ရှား ကြရပါတယ်။ ဒီမိုကရေစီဘက်ခြမ်းက ရပ်တည်ပြီး လုပ်ဆောင်ကြတဲ့ ကျရာနယ်ပယ်က လုပ်ဆောင်ချက်တိုင်း ဟာ စစ်အာဏာရှင်စနစ်ကို လုံးပါးပါးအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်ကြတာပါဘဲ။ (အဲဒီ့နယ်ပယ်တွေ မျက်နှာစာတွေမှာဘဲ ဒီမိုကရေစီဆန့်ကျင်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေနဲ့လည်း ရင်ဆိုင်ရမှာပါ။)

ဒီနေ့ ဖြစ်ထွန်းနေတဲ့ ပကတိအခြေအနေ အခင်းအကျင်းမှာ ရွေးကောက်ပွဲနဲ့ ဖြတ်သန်းရတဲ့ လွှတ် တော်တွင်းနိုင်ငံရေးဟာလည်း ဒီမိုကရေစီရေးမျက်နှာစာတခု ဖြစ်ပါတယ်။ ကျန်တဲ့မျက်နှာစာအသီးသီးမှာ လည်း သက်ဆိုင်ရာ ဒီမိုကရေစီရေးလုပ်ငန်းစဉ်တွေ ရှိသလို လွှတ်တော်တွင်း နိုင်ငံရေးမျက်နှာစာမှာလည်း လူထုကို အခြေခံတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ လုပ်ရမှာပါပဲ။

အဲသလို လုပ်ကြတဲ့အခါမှာ အရေးကြီးတာက အယူအဆ ၂ ခုရဲ့ လွဲမှားမှု ၂ မျိုးပါ။

ပထမလွဲမှားမှုက သပိတ်တိုက်ပွဲပုံစံတမျိုးထဲနည်းပရိယာယ်လမ်းစဉ် ကျင့်သုံးသူတွေကလည်း လွှတ် တော်နိုင်ငံရေးမျက်နှာစာမှာ ပါဝင်မှုကို ဖောက်ပြန်သလို သဘောထား လက်ညှိုးထိုးတတ်ကြပါတယ်။

နောက်တမျိုးက လွှတ်တော်နိုင်ငံရေးနည်းလမ်းတခုတည်းနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းစဉ် ကျင့်သုံးသူတွေကလည်း လွှတ်တော်နိုင်ငံရေးတခုတည်းနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်နိုင်မယ်လို့ အထင် ရောက်ပြီး၊ ကျန်သူတွေကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအနှောက်အယှက်ပေးသူတွေအဖြစ် တုံ့ပြန်ကြပါတယ်။

တကယ်တော့ မတူတဲ့ နိုင်ငံရေးမျက်နှာစာတွေမှာ တူညီတဲ့ဒီမိုကရေစီရေးတာဝန် ထမ်းဆောင် နေကြသူတွေအဖြစ် အပြန်အလှန်သဘောထားကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာ အခင်းအကျင်းပြောင်းလဲမှုနဲ့အတူ ပေါ်လာတဲ့ လွှတ်တော်နိုင်ငံရေးမျက်နှာစာနဲ့ပတ်သက်လို့ ကျန်သူများ နားလည်မှုလွဲစရာ အကြောင်းခြင်းရာတခုလည်း တပါတည်း ပေါ်လာနေပါတယ်။

လွှတ်တော်နိုင်ငံရေး မျက်နှာစာမှာ ရှိသူတွေဟာ လူထုကို အခြေမခံ၊ လက်ညှိုးထောင် ခေါင်းငြိမ့်၊ ပိုဆိုးတာက တချို့ဆို ရပ်တည်မှု ပြောင်းလဲသွားတဲ့အထိ ဖြစ်လာကြတဲ့ အပြုအမူ၊ အပြောအဆိုတွေ မြင်လာ ရတာပါဘဲ။ အဲဒီ့အတွက် လွှတ်တော်နိုင်ငံရေးကို ဒီမိုကရေစီရေးလှုပ်ရှားမှု မျက်နှာစာတခုအဖြစ် မမြင်နိုင်တော့ဘဲ ဖောက်ပြန်ရေးမျက်နှာစာတခုအဖြစ် ပိုပြီး လက်ညှိုးထိုးမိတတ်ကြပါတယ်။

တကယ်တော့ လွှတ်တော်နိုင်ငံရေးမျက်နှာစာမှာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ဒီမိုကရေစီရေး တာဝန် ထမ်းဆောင်နေသူတွေ၊ ဒီမိုကရေစီရေးတာဝန် ကျေပွန်ချင်သူတွေ ရှိနိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် အဲသလိုလူတွေရဲ့ လုပ်ဆောင်ချက်တွေ အားမကောင်း ဖြစ်နေတာတော့ ရှိနိုင်ပါတယ်။ သူတို့ လုပ်ဆောင် ချက်တွေ အားမကောင်းတာ၊ အားမရတာနဲ့ပဲ ရပ်တည်မှု ပြောင်းလဲသွားသူတွေနဲ့ တထပ်တည်းထားပြီး ငါးခုံးမ တချို့ကြောင့် မျက်နှာစာတခုလုံး ပုပ်ရတာမျိုး မဖြစ်သင့်ပါဘူး။ အဲဒါဟာ မဟာမိတ်ဘောင်ကို ချဲ့ထွင် ရေးကိုရော၊ နည်းပရိယာယ်ကြွယ်ကြွယ်နဲ့ မျက်နှာစာအသီးသီး အသုံးချရေးလုပ်ငန်းစဉ်ကိုပါ ထိခိုက်ပါတယ်။

ဒါကြောင့် ဒီနေ့ရှိနေတဲ့ နိုင်ငံရေးပကတိအခြေအနေမှာ မျက်နှာစာအသီးသီးကနေ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ လှုပ်ရှားဆောင်ရွက်ကြတဲ့အခါမှာ လွှတ်တော်တွင်းနိုင်ငံရေး၊ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွေကို ဒီမို ကစီရေးလှုပ်ရှားမှု မျက်နှာစာတွေအဖြစ် ဖွင့်ထားဖို့၊ ပါဝင်ကြဖို့၊ ချိတ်ဆက်ဆောင်ရွက်ကြဖို့ လိုပါတယ်။

အဲသလိုပဲ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား လူတန်းစားအလွှာအသီးသီးရဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေကိုလည်း ဖွင့်ထားဖို့၊ ပါဝင်ကြဖို့၊ ချိတ်ဆက်ဆောင်ရွက်ကြဖို့ လိုပါတယ်။

ဒါပေမယ့်… အဲသလို ဆောင်ရွက်မှုတွေဟာ လူထုကို အခြေခံတာဖြစ်ဖို့တော့ မလွှဲမသွေ လိုအပ် ပါတယ်။ (ကိုယ့်ဖာသာကိုယ် လုပ်ချင်ရာ လုပ်ပြီး လူထုနာမည် အလွှဲသုံးစားလုပ်တာ ဟုတ်၊ မဟုတ်ကတော့ သီးခြားဆန်းစစ်မှု လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။)

အလှည့်အပြောင်း ဦးတည်
သေနင်္ဂဗျူဟာရည်မှန်းချက်ကို ရောက်ဖို့ နည်းပရိယာယ်အဆင့်ဆင့်ကို ဖြတ်သန်းရတဲ့အကြောင်း ဆွေးနွေးခဲ့ပြီးပါပြီ။ နည်းပရိယာယ်အဆင့်ဆင့်လို့ ဆိုရတာကလည်း ပကတိအခြေအနေဟာ တသမတ်တည်း ရှိနေတာမဟုတ်ပါဘူး။ ဖြစ်စဉ်အရရှိနေတာမို့ အခြေအနေအချက်အလက်တွေ ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်သွားတဲ့အခါ ပကတိအခြေအနေ အပြောင်းအလဲတွေ ဖြစ်သွားမှာပါ၊ အဲဒီ့အခါ နည်းပရိယာယ် အပြောင်းအလဲ တွေလည်း ထပ်လုပ်ရမှာပါ။

ဒါကြောင့် ရောက်ရှိနေတဲ့ တည်ဆဲပကတိအခြေအနေတရပ်မှာ အဲဒီ့အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းပရိယာယ်လမ်းစဉ် ချမှတ်ပြီး၊ အဲဒီ့လမ်းစဉ်နဲ့အညီ မှန်ကန်တဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရမှာပါ။ အဲသလို လုပ်ဆောင်တဲ့နေရာမှာ အခုချမှတ်ထားတဲ့ နည်းပရိယာယ်လမ်းစဉ်ရဲ့ အလှည့်အပြောင်းဖြစ်စဉ်ကို ခန့်မှန်း တွက်ချက်ထားရပါမယ်။ အဲဒါမှ သေနင်္ဂဗျူဟာရည်မှန်းချက်ကို ဦးတည်တဲ့ နောက်နည်းပရိယာလမ်းစဉ်တခုကို ပကတိအခြေအနေ အပြောင်းအလဲနဲ့အတူ ပြောင်းလဲချမှတ်နိုင်မှာပါ။ အဲသလို လုပ်ဆောင်နိုင်တာကိုပဲ မှန်ကန်တဲ့ နည်းပရိယာယ် ခေါင်းဆောင်မှု(Tactical Leadership)လို ပြောရပါမယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ Peter Schroder ရေးတဲ့ Political Strategies ဆိုတဲ့စာအုပ်မှာ ရေးသားထားတာကို ဖြည့်စွက်ဖော်ပြချင်ပါတယ်။ သူ့စာအုပ်မှာ နိုင်ငံရေး သေနင်္ဂဗျူဟာနဲ့ပတ်သက်လို့ အခုလို ရေးသားထားပါတယ် –

“Tactical planning provides the answer to the questions who does what, when, where, how and why. These decisions at the tactical level are intended to achieve individual strategic objectives. The decisions depend on an exact knowledge of context, the specific environment and one’s own capabilities. Therefore, tactical planning is not undertaken at the strategic level but by the leadership at the tactical level, which alone possesses the required knowledge.”

နည်းပရိယာယ်လမ်းစဉ်ရဲ့ သဘောသဘာဝနဲ့ အရေးပါမှုအတိုင်းအဆကို ဖော်ပြထားတာပါဘဲ။

အခုဆွေးနွေးချက်တွေနဲ့အတူ ဒီနေ့ဗမာပြည်နိုင်ငံရေးပကတိအခြေအနေမှာ ကျင့်သုံးရမယ့် နည်းပရိယာယ် လမ်းစဉ်ဟာ “လူထု အခြေခံ၊ မဟာမိတ်ဘောင် ချဲ့၊ မျက်နှာစာတိုင်း အသုံးချ၊ အလှည့်အပြောင်း ဦးတည်” တဲ့ နည်းပရိယာယ်လမ်းစဉ်သာဖြစ်ကြောင်း တင်ပြပါတယ်။ ဒီနည်းပရိယာယ်လမ်းစဉ်နဲ့အညီ လုပ်ငန်းစဉ်တွေကို ချမှတ် အကောင်အထည်ဖော်ရမှာပါ။ ဒီနည်းပရိယာယ်လမ်းစဉ်အဆင့်ရဲ့ အလှည့်အပြောင်းအဖြစ် ဖြစ်နိုင်ခြေအရှိဆုံး အခြေအနေ တရပ်ကို (အဖွဲ့အစည်းအတွင်း ကိစ္စရပ်အဖြစ်) ခန့်မှန်းတွက်ချက်ထားဖို့ လိုအပ်ပါတယ်။ ။

(ပြောစရာလက်ကျန် – ဗမာပြည် ဒီမိုကရေစီရေး အကျိုးစီးပွားကို ရှေ့ရှုပြီး၊ အားထုတ်စဉ်းစား တင်ပြတာဖြစ်လို့ ပိုမို ကောင်းမွန်ဖို့ရည်ရွယ်တဲ့ ဖြည့်စွက်ဆွေးနွေးချက်များကိုလည်း နှိမ့်နှိမ့်ချချ ခံယူဖို့အသင့်ပါ။)

တင်အေး (၈၈ မျိုးဆက်၊ ဗကသ)

ရည်ညွှန်း

၁။ ‘အပြောင်းအလဲဆုံချက်’ ရေးသူ-တင်အေး။ (မြနန္ဒာဂျာနယ် အတွဲ ၂၊ အမှတ် ၂၇၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၊ ၂၄ ရက်)

၂။ ‘နည်းနာ ၂ မျိုး၊ ပြည်သူ ၁ မျိုး’၊ ရေးသူ – တင်အေး။ (Mon Youth Progressive Journal၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ)

၃။ ‘နိုင်ငံရေး(၂)မျိုး’၊ ရေးသူ – တင်အေး။ (မြနန္ဒာဂျာနယ် အတွဲ ၂၊ အမှတ် ၂၉၊ ၂၀၁၃ ခုနှစ်၊ သြဂတ်စ်လ၊ ၇ ရက်)

၎။ ‘ဘက်နဲ့ အကျိုးစီးပွား’ ၊ ရေးသူ – တင်အေး။ (မိုးမခအွန်လိုင်းမဂ္ဂဇင်း၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ၊ ၃ ရက်)

၅။ Political Strategies by Peter Schroder, second printed by FNF Myanmar in English, 2017.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts