မောင်စွမ်းရည် – ခွင့်မလွှတ်ဘူး

(မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၉

ဗိုလ်ခင်ညွန့်နဲ့တကွ ဗိုလ်သန်းရွှေ … ဘာညာစတဲ့ ရာဇဝတ်ကောင်၊ တရားခံတွေကို ခွင့်မလွှတ်ဘူး။
ခွင့်လွှတ်တယ်၊ ခွင့်လွှတ်ရမှာပေါ့ … ဆိုတဲ့စကားတွေကို ဘုရားလောင်းလေသံနဲ့ လာမပြောကြပါနဲ့။ နားခါးတယ်။ ဒါဟာ ပုဂ္ဂလိကကိစ္စမဟုတ်ဘူး။ မင်းနဲ့ငါ၊ သူနဲ့မင်းတို့ရဲ့ တဦးချင်း၊ နှစ်ဦးချင်းကိစ္စမဟုတ်ဘူး။ ပြည်သူလူထုကိစ္စကို တဦးချင်းကိစ္စလို ခွင့်လွှတ်ပါတယ် … ဘာညာပြောခွင့်မရှိဘူး။ ဒါသမိုင်း။ ခွင့်မကလို့ ဘာကြီးပဲလွှတ်နေနေ … ဒါသမိုင်း။ ပြည်သူလူထုကို (ကျောင်းသားနဲ့ ရဟန်းရှင်လူတွေကို) နေ့ခင်း ကြောင်တောင် မြို့လယ်ခေါင် လမ်းမပေါ်မှာ သွေးချောင်းစီးအောင် ပစ်သတ်ခဲ့တာဟာ တဦးချင်းကိစ္စမဟုတ် ဘူး … သမိုင်း။ ခံရတာက ပြည်သူ။ ပစ်သတ်တာက စစ်တပ်။ ခင်ညွန့်တို့၊ သန်းရွှေတို့ တပ်။

ဒီကိစ္စက ဒီအမှုတခုတည်းကိစ္စမဟုတ်ဘူး။ ရာစုနှစ်တဝက်မကကြာအောင် ပြည်သူတွေကို ဖိနှိပ်၊ ညှဉ်းပန်း၊ သတ်ဖြတ်ခဲ့တဲ့ ကိစ္စ။ စာရေးဆရာကြီးတွေ၊ သတင်းစာဆရာကြီးတွေကို တယောက်မကျန် (သူတို့ကိုမထောက်ခံရင်) ဖမ်းဆီး၊ ထောင်ချ၊ ကျွန်းပို့ … သေအောင်နှိပ်စက်ခဲ့တာတွေလည်း ပါတယ်။ ဒါသမိုင်း … သမိုင်းကိစ္စ။ တဦးချင်းကိစ္စမဟုတ်ဘူး။ ရမ်းယောင်ပြီး ခွင့်လွှတ်ပါတယ် ပြောမနေကြပါနဲ့။ ပြောတဲ့လူက ဘာခံရလို့လဲ။ သေချာပြောစမ်း … ဘာခံရလို့လဲ။ မင်းခံရတယ်ပဲထားဦး … မင့်ဖာသာခွင့်လွှတ်။ သမိုင်းက ခွင့်မလွှတ်ဘူး။ တရားခံဟာ တရားခံပဲ။ သမိုင်းတရားခံ။

ငါတို့တော့ အသက် ၈၀ ကျော်ပြီ။ ဥပုသ်စောင့်တယ်။ တရားထိုင်တယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေကို ဘုရားလောင်းလေသံနဲ့ ခွင့်လွှတ်ပါတယ်၊ မောင်မင်းကြီးသားတို့ကို ခွင့်လွှတ်ပါတယ်လို့ … လူကြားကောင်း အောင် မပြောဘူး။ မပြောလည်း မပြောချင်ဘူး။ ကိုယ့်ကခွင့်လွှတ်ပေမဲ့ … သူတို့မှာ အပြစ်ကလွတ်မသွားဘူး။ သမိုင်းမှာ တရားခံက တရားခံပဲ။ ရာဇဝတ်ကောင်ဟာ ရာဇဝတ်ကောင်ပဲ။ ဒင်းတို့ဟာ ပြည်သူလူထုတရပ်လုံးကို မြေယာ၊ အိုးအိမ်ပစ္စည်း အားလုံးလုယူခဲ့တယ့်။ ညစ်ပတ်နှိပ်စက်နည်းပေါင်းစုံနဲ့ လူပေါင်းစုံကို မလွတ်တမ်း ဖိနှိပ်ခဲ့တယ်။ စာရေးဆရာ၊ သတင်းစာဆရာတွေ အနာဆုံးပေါ့။

ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ ဒေါ်အမာ၊ ညီပုလေး(အဲဒီအချိန်တုန်းက လူမမယ်ပဲရှိသေးတာ)၊ ဦးဝင်းတင်၊ မုံရွာတင်ရွှေ၊ ဗိုလ်သော်က၊ တင်မိုး၊ ကြည်အောင်၊ လေးမောင်(မြင်းခြံ)၊ ဖိုးသံချောင်း။
မြသန်းတင့်၊ သခင်မြသန်း၊ ဗန်းမော်တင်အောင်၊ ဒဂုန်တာရာ၊ တင်မိုး၊ လူထုမောင်စောလွင် စသဖြင့် လက်ညှိုးထိုးမလွဲ။ စာရင်းလုပ်လို့မကုန်နိုင်ဘူး။ စာနယ်ဇင်းသမားတွေအားလုံး။ ဒါက လူပုဂ္ဂိုလ်အရပြောနေတာ မဟုတ်ဘူး။ စာပေလွတ်လပ်ခွင့်အပိုင်းမှာလည်း ကမ်းကုန်ရော။ ကုလသမဂ္ဂအဖွဲ့ကြီးက ကြေညာထားတဲ့ အခြေခံလူ့အခွင့်အရေး အပါအဝင်ဖြစ်တဲ့ လွတ်လပ်စွာ ရေးသား၊ ပြောဆို၊ ပုံနှိပ်ထုတ်ဝေခွင့် ဆိုတာတွေ ဘာများရှိခဲ့လို့လဲ။ ထုတ်ဝေသူတဦးဟာ ထုတ်ဝေစရာစာအုပ်မရှိလို့ ဆရာကြီးဦးထင်ဖက်(မောင်ထင်) ထရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ထုတ်ဝေခွင့်တင်တာတောင် မထုတ်ရဘူး။

ဒီလို စာပေလောကကို နှိပ်စက်ဖျက်ဆီးခဲ့သူတဦးက အရှက်မရှိဘဲ စာရေးဆရာကြီးတွေကြားထဲကိုများ တန်းတူကထိုင်ချင်သေးသတဲ့လား။ မတန်မရာ။ ဖိတ်ကြားသူတွေကလည်း ဖိတ်သတဲ့။ သူတို့ကတော့ ပုလင်းတူ ဘူးဆို့တွေမို့ ဖြစ်မှာပေါ့။ အနာမခံ၊ အသာစံခဲ့ရသူတွေဖြစ်မှာပေါ့။ ပြည်သူထဲကပြည်သူ မဟုတ်ဘဲ စစ်ဗိုလ်အသိုင်းအဝိုင်းကမို့ ဖြစ်မှာပေါ့။ မစာနာနိုင်ဘူးပေါ့။

ဘုန်းမော်အရေးအခင်းမှာ လူဘယ်နှစ်ယောက်ဖမ်းပြီး ဘယ်နှစ်ယောက်အသက်ခံရသလဲ။
တံတားဖြူနားလေးမှာ ဘယ်နှစ်ယောက်ဖမ်း၊ ဘယ်နှစ်ယောက်အသက်ခံရပြီး၊ လက်ဝတ်ပစ္စည်းတွေ ဘယ်လောက်ပါသွားသလဲ။
ဆဲဗင်းဂျူလိုင် (ဇူလိုင် ခုနစ်ရက်)အရေးအခင်းမှာ ကျောင်းသားဘယ်နှစ်ယောက်ဖမ်းဆီးသတ်ဖြတ်ခံ ရသလဲ။ တောထဲကို ဘယ်နှစ်ယောက်မောင်းထုတ်ခံရသလဲ။
ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ရန်ကုန်မြို့တော် လမ်းမကြီးပေါ်မှာ နေ့ခင်းကြောင်တောင် ပစ်သတ် ခဲ့တာ ရဟန်းရှင်လူ ဘယ်နှစ်ဦးသေခဲ့ရသလဲ။
ထောင်ထဲမှာ မစိုးရိမ်ဆရာတော်ကြီးလို၊ မေဒိနီဆရာတော်ကြီးလို ထေရ်ကြီးဝါကြီး ဆရာတော်ကြီး တွေကို သင်္ကန်းချွတ်ပြီး ရဟန်းအတုတွေဆိုပြီး စစ်ဗိုလ်အတုတွေက ရိုက်ခဲ့၊ နှိပ်စက်ခဲ့တာ ဘယ်လောက်များ သလဲ။

ပြည်သူတွေက ခွင့်လွှတ်တယ်လို့ပြောရအောင် သူတို့ကိုယ်တိုင်က အပြစ်ကျူးလွန်တယ်လို့ ဝန်ခံ လို့လား။

သူတို့ဟာ အဲဒါတွေကို “နိုင်ငံတော်တာဝန်ထမ်းဆောင်တာ” လို့ကြေညာခဲ့တာ “ကြေ”အောင်လုပ်ပြီး “ညာ” ခဲ့တာ။ သူတို့က “မှားခဲ့ပါတယ်” လို့ပြောပြီး ကန်တော့ဝန်ခံကြရမှာ။ သူတို့က မှားကြောင်း ဝန်မခံဘဲ ကိုယ်က ခွင့်လွှတ်ကြောင်းပြောတာကို သူတို့က ကြိုက်မှာမဟုတ်ဘူး။ “ဘာခွင့်လွှတ်ရမှာလဲ”။ “ခွင့်လွှတ် ရအောင် ကျုပ်တို့က ဘာပြစ်မှုများ ကျူးလွန်လို့လဲ” ဆိုပြီး ပြန်မေးနေဦးမယ်။

ခွင့်လွှတ်ချင်လို့လည်း မရဘူး။ ကျုပ်တို့ကတော့ ဘုရားလောင်လေသံနဲ့ ဟန်ဆောင်လေးတောင်မှ မပြောနိုင်ဘူး။ ခွင့်မလွှတ်ဘူး။ လက်စားချေလို့ရရင် သင်းတို့ကို ဖမ်းဆီးထောင်ချပြီး ဒင်းတို့ပစ္စည်းတွေကို သိမ်းယူလိုက်ချင်သေးတာ။ စစ်ဗိုလ်တွေက ဘာဖြစ်လို့ တိုက်တွေကားတွေနဲ့ နေနိုင်ခဲ့တာလဲ။

ဆရာဗန်းမော် တင်အောင်တို့၊ ဆရာမြသန်းတင့် တို့ဆိုတာ မီးထွန်းပြီးစာရေးခဲ့ကြပေမယ့် တသက်လုံး ထောင်နဲ့ကျွန်း၊ ကျွန်းနဲ့အိမ် …။ သေတော့တောင် တိုက်ကြီးကြီးနဲ့ (ဂူကြီးကြီးနဲ့) မသေကြရရှာဘူး။

သမိုင်းဟာ သမိုင်းပဲ။ ဗိုလ်သန်းရွှေ-ဘုရားဒါယကာ၊ ကျောင်တကာကြီး။ ဗိုလ်ခင်ညွန့် ကျောင်းဒကာ၊ ကျောင်းဒကာကြီး။ သူတော်ကောင်းသူမြတ်လောင်း စာရေးဆရာကြီးရယ်လို့ မော်ကွန်းထိုးရမလား။ အာဏာရှင် ရာဇ၀တ်သား ရာဇဝင်လူဆိုးကြီးတွေလို့ မော်ကွန်းထိုးရမလား။

သူ့လမ်းသူသွားကြလိမ့်မယ်။ သူ့တရားကို သူစီရင်လိမ့်မယ်။ သမိုင်းက အဆုံးဖြတ်ပေးသွားလိမ့်မယ်။

သေချာတာက သူတို့ကွယ်လွန်ရင် သူတို့ရဲ့မိသားစုက သတင်းစာမှာ ဗိုလ်ချုပ်မှူးကြီး … ဘာညာ ဆိုတာကတော့ ထိပ်ကပါမှာ။ ဂုဏ်ယူပြီး ထည့်ကြမှာပါ။ ခုနှစ်၊ ရက်စွဲတွေလည်းပါရင် သမိုင်းကပြောတော့မှာ။ ဘယ်တုန်းက ဗိုလ်ချုပ်တွေလဲ။ ဖက်ဆစ်တော်လှန်ရေးဗိုလ်ချုပ်တွေလား၊ ရှစ်လေးလုံးဗိုလ်ချုပ်တွေလား။ ကန်တော့ချင်သူ … ကျေးဇူးခံကျေးဇူးစားများကတော့ သင်္ချိုင်းသွားကန်တော့ ကြပေတော့။ ကျုပ်တို့ကတော့ ဟန်မဆောင်နိုင်ဘူး။ သဗ္ဗေသတ္တာ ထဲကိုထည့်ပြီး အမျှဝေရမှာတောင်မှ မသဒ္ဒါဘူး။ ရှင်းရှင်းပဲ။ ကျွန်တော် မောင်စွမ်းရည်ပါ။

မောင်စွမ်းရည်
၂၀၁၉၊ ဇန်န၀ါရီ ၂
နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives