သတင်းဆောင်းပါး မောင်လူပေ နိုင်ငံတကာရေးရာ

မောင်လူပေ – ဝယ်ကြမလား အမေရိကား

 

မောင်လူပေ – ဝယ်ကြမလား အမေရိကား

(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၉ အလယ်အလတ်အဆင့် တရုတ်တွေပါ ဝင်လာပြီဖြစ်တဲ့ အမေရိကားရဲ့ အိမ်ခြံမြေဈေးကွက်အကြောင်းလေး ပြောပြမလို့။

အမေရိကားဆိုတာ ကမ္ဘာအနှံ့က ပြည်သူများအတွက်ရင်ခုန်ဖွယ်နိုင်ငံတစ်ခုပေါ့။ အခြေချဖို့အခွင့်အခါပေးရင် ထိပ်ဆုံးက စဉ်းစားကြတဲ့နေရာ။ အဲဒီနိုင်ငံတွေထဲမှာ ထိပ်ဆုံးကရှိနေဆဲနိုင်ငံကတော့ တရုတ်ပြည်မကြီးပါပဲ။

တရုတ်ပြည်သူတွေက အမေရိကားနဲ့ဖြစ်နေဆဲ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကားထုတ်ကုန်ဖြစ်တဲ့ အိုင်ဖုန်းကိုသာ မုန်းချင်မုန်းကြလိမ့်မယ်၊ အမေရိကားရဲ့အိမ်ခြံမြေဈေးကွက်ကိုတော့ ချစ်နေကြဆဲ။ ဝယ်ယူကြတဲ့အိမ်ခြံမြေအရေအတွက် စုစုပေါင်းမှာရော၊ ဝယ်ယူမှုဒေါ်လာငွေစုစုပေါင်းမှာပါ ခြောက်နှစ်ဆက်တိုက် တရုတ်ပြည်က ပထမစွဲသွားပါတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့ကြီးက ဆိုထားပါတယ်။ အရင်က ဈေးကြီးတဲ့နေရာတွေကို စိတ်ဝင်စားကြတဲ့ သူတို့တွေဟာ ယခုအခါမှာတော့ ဈေးသက်သာတဲ့နေရာတွေကို ပစ်မှတ်ထားပြီး ဝယ်ယူနေကြပါသတဲ့။

တရုတ်ပြည်သူအများစုဟာ ကုန်သွယ်ရေးစစ်ပွဲကို စိတ်မဝင်စားကြပဲ အိမ်ခြံမြေဈေးမှာ တင်ဒါအောင်ဖို့သာ စိတ်ဝင်စားနေကြတယ်။ နိုင်ငံရေးနဲ့ ဝေးဝေးနေကြတဲ့သူတွေပီပီ ကုန်သွယ်ရေးစစ်ပွဲဘာညာက အရေးမကြီးလှ။ အရင်ကတော့ ချမ်းသာတဲ့တရုတ်တွေကသာ ဒေါ်လာငွေတွေသန်းချီသယ်လာပြီး လာဝယ်ကြတာပါ။ ခုဆိုရင်တော့ အလယ်အလတ်တန်းစားတရုတ်တွေပါ ဈေးသက်သာတဲ့အိမ်ခြံမြေတွေဝယ်နေကြတယ်။ နှစ်ရှည်ချေးငွေတွေနဲ့တောင် ဝယ်နေကြတာပါလို့ ဆန်ဖရန်အခြေစိုက် အိမ်ခြံမြေပွဲစားတစ်ဦးက ဆိုပါတယ်။

တရုတ်ပြည်သူအများစုအတွက် အမေရိကားက လုံခြုံစိတ်ချရတဲ့နေရာတစ်ခုပါပဲ။ ငွေတစ်ခုထဲ လုံခြုံမှုရှိတာမဟုတ်ဘူး၊ သူတို့ကလေးတွေရဲ့အနာဂတ်တွေလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဆန်ဖရန်စစ္စကိုဗေးဧရိယာတစ်ဝိုက်က ဈေးသက်သာသေးတဲ့နေရာအချို့က အိမ်ခြံမြေဈေးတွေဟာ မနှစ်က ဒေါ်လာငါးသိန်းကျော်ပေါက်ခဲ့ပေမဲ့ ဒီနှစ်မှာ ဒေါ်လာလေးသိန်းကျော်ပဲ ရှိပါတော့တယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ တရုတ်တို့အကြိုက်ဆုံးနေရာ ဖြစ်နေဆဲဖြစ်သလို တရုတ်ဝယ်လက်တွေဟာ တက္ကဆက်၊ ဂျော်ဂျီယာနဲ့ ဖလော်ရီဒါပြည်နယ်တွေကိုလည်း ခရီးဆက်နေကြလေတယ်။

တက္ကဆက်ပြည်နယ်က ဒါးလက်မြို့တဝိုက်က အိမ်ခြံမြေဈေးကွက်ဆိုရင်လည်း တရုတ်ဝယ်လက်တွေနဲ့ စိုပြေနေပါသတဲ့။ အရင်က ငွေသားအပြည့်ပေးတတ်ကြတဲ့တရုတ်တွေက ခုတော့ နှစ်ရှည်ချေးငွေတွေ လျှောက်လာကြတယ်။ နိုင်ငံခြားသားဝယ်လက်တွေမို့ လက်ငင်းပေးငွေကို အိမ်တန်ဖိုးရဲ့ ထက်ဝက်အထိပေးကြရပြီး ချေးငွေရဖို့ အရင်အခါက အလွန်ခက်လှပေမဲ့ အခုအခါမှာတော့ ဘဏ်တွေက ချေးငွေရဖို့လွယ်ကူအောင် လုပ်ပေးနေပြီလို့ဆိုတယ်။

အဆင့်မြင့်နည်းပညာအလုပ်အကိုင်တွေကလည်း အမေရိကားတလျှောက် ပြန့်နှံ့နေပြီဖြစ်လို့ တရုတ်ပြည်ကပြောင်းရွှေ့အခြေချလာကြတဲ့ တရုတ်အလုပ်သမားတွေဟာလည်း အမေရိကားတလျှောက် ပြန့်သွားဖို့သာရှိနေပါတယ်။

တရုတ်ပြည်က ပညာတတ်လူငယ်လေးတွေက ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ အလုပ်ဝင်လုပ်ကြတယ်။ သူတို့အလုပ်တွေအခြေကြတာနဲ့ မိဘတွေက တရုတ်ပြည်ပြန်ပြီး အမေရိကားမှာ ကွန်ဒိုဝယ်ဖို့ ငွေသွားယူကြတော့တာပဲ။ အဲဒါက အခြားပြည်နယ်တွေမှာပါ ဖြစ်လာနေပြီတဲ့။

အမေဇုံကုမ္ပဏီကြီးက နယူးယော့ခ်ပြည်နယ်ရဲ့ ကွင်းမြို့နားမှာ အမေရိကားအရှေ့ပိုင်းရဲ့ဌာနချုပ်ထားမယ်လို့ သတင်းထွက်လာတာနဲ့ တစ်ပြိုင်နက်ပဲ တရုတ်ဝယ်လက်တွေဟာ အဲဒီမြို့တဝိုက်က ရောင်းဖို့ပြထားတဲ့အိမ်တွေမှာ ပြည့်ကုန်တော့တာပဲလို့ ဆိုပါတယ်။

အမေရိကားရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ကန့်သတ်ချက်အလွန်နည်းလှတဲ့ဈေးကွက်တစ်ခုပါ။ နိုင်ငံခြားသားတွေလည်း တရားဝင်ငွေရှိရင် ဝယ်ခွင့်ရှိတယ်။ ဒေါ်လာငါးသိန်းကျော်ရင်းနှီးမြှုတ်နှံထားရင် ဥပဒေအတိုင်း အမြဲနေထိုင်သူအဖြစ် လျှောက်ခွင့်ရှိတယ်။ဒါကြောင့် တရုတ်နိုင်ငံက ငွေကြေးတတ်နိုင်သူဟူသမျှအားလုံးနီးပါးရဲ့ ရင်းနှီးမြှုတ်နှံမှုတွေဟာ အမေရိကားမှာ လက်ညှိုးထိုးမလွဲ ရှိနေတာပါပဲ။ တကယ်တော့ တရုတ်နဲ့အမေရိကားသည်သာ ဆွေမျိုးပေါက်ဖေါ်အစစ်ဖြစ်ပါတယ်လို့ ပြောရင် လွန်မယ်မထင်ပါ။

ရွှေပြည်ကြီးက မောင်လူပေရဲ့မိတ်ဆွေသူငယ်ချင်းတွေလည်း ငွေယားလေးတွေဘဏ်မှာ အတော်များနေကြရင်ဖြင့် တရုတ်တို့နည်းတူ အမေရိကားမှာ အိမ်ခြံမြေလာဝယ်ကြပါလို့ ဖိတ်ခေါ်ပါရစေ။ မြန်မာဗိုလ်ချုပ်အချို့နဲ့ ခရိုနီတွေကတော့ အမေရိကားမှာ အိမ်ခြံမြေတွေ ဝယ်ပြီးကြပါပြီ။ ရင်းနှီးထားပြီးကြပါပြီ။ အခုကတော့ မိတ်ဆွေများရဲ့အလှည့်ပါပဲလို့ တိုက်တွန်းလိုက်ပါရစေ။

ချစ်မိတ်ဆွေအပေါင်း ရွှင်လမ်းချမ်းမြေ့ပါစေ။

ချစ်တဲ့
မောင်လူပေ
ကိုးကား
https://www.cnbc.com/2019/01/08/chinese-middle-class-buying-up-american-residential-real-estate.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts