News Features အောင်ဒင်

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၅) – Aung DIn




မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၅)


အောင်ဒင်၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၃
အပိုင်း (၄၅) ပြည်ထောင်စုလွှတ်တော် ၂၀၁၃ နှစ်ချုပ်သုံးသပ်ချက် (က)
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၅၊ ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)
၂၀၁၃ ခုနှစ်အတွက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်၊ ဒီဆောင်းပါးမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ တစ်နှစ်တာဆောင်ရွက်ချက်များကို သုံးသပ်တင်ပြချင်ပါတယ်၊
# အစည်းအဝေးကျင်းပရက်များ
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို ဇန်နဝါရီလ ၉ ရက်ကနေ မတ်လ ၂၂ ရက်နေ့အတွင်း စုစုပေါင်း ၃၀ ရက်ကျင်းပခဲ့ပါတယ်၊ သတ္တမအကြိမ်အစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့ကနေ ဩဂုတ်လ ၃၀ ရက်နေ့အတွင်း စုစုပေါင်း ၂၈ ရက်ကျင်းပခဲ့ပါတယ်၊ အဋ္ဌမအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၄ ရက်နေ့အတွင်း စုစုပေါင်း ၂၂ ရက် ကျင်းပခဲ့ပါတယ်၊ ဒါကြောင့် ပြည်သူ့လွှတ်တော်အစည်းအဝေးများကို ၂၀၁၃ ခုနှစ်အတွင်း ရက်ပေါင်း ၈၀ ကျင်းပခဲ့ပါတယ်၊
ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို ဇန်နဝါရီလ ၉ ရက်ကနေ မတ်လ ၂၂ ရက်နေ့အတွင်း စုစုပေါင်း ၃၂ ရက်ကျင်းပခဲ့ပါတယ်၊ သတ္တမအကြိမ်အစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့ကနေ ဩဂုတ်လ ၃၀ ရက်နေ့အတွင်း စုစုပေါင်း ၂၈ ရက်ကျင်းပခဲ့ပါတယ်၊ အဋ္ဌမအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၄ ရက်နေ့အတွင်း စုစုပေါင်း ၁၈ ရက် ကျင်းပခဲ့ပါတယ်၊ ဒါကြောင့် အမျိုးသားလွှတ်တော်အစည်းအဝေးများကို ၂၀၁၃ ခုနှစ်အတွင်း ရက်ပေါင်း ၇၈ ရက် ကျင်းပခဲ့ပါတယ်၊
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်ကနေ မတ်လ ၂၁ ရက်နေ့အတွင်း စုစုပေါင်း ၂၃ ရက်ကျင်းပခဲ့ပါတယ်၊ သတ္တမအကြိမ်အစည်းအဝေးကို ဇူလိုင်လ ၁ ရက်နေ့ကနေ ဩဂုတ်လ ၂၉ ရက်နေ့အတွင်း စုစုပေါင်း ၁၈ ရက်ကျင်းပခဲ့ပါတယ်၊ အဋ္ဌမအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့အတွင်း စုစုပေါင်း ၁၃ ရက် ကျင်းပခဲ့ပါတယ်၊ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ၂၀၁၃ ခုနှစ်အတွင်း ရက်ပေါင်း ၅၄ ရက် ကျင်းပခဲ့ပါတယ်၊
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဟာ သက်ဆိုင်ရာလွှတ်တော် အစည်းအဝေးများအပြင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကိုလည်း တက်ရပါတယ်၊ ဒါကြောင့် ၂၀၁၃ ခုနှစ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူ့လွှတ်တော်အစည်းအဝေး ၈၀ ရက်နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၅၄ ရက်၊ စုစုပေါင်း ၁၃၄ ရက် အစည်းအဝေးတက်ခဲ့ကြပါတယ်၊ တစ်နှစ်လုံးမှာ လွှတ်တော်တက် အလုပ်လုပ်ချိန် ၄ လခွဲလောက် ရှိတယ်လို့ ပြောရမှာပါ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ၂၀၁၃ ခုနှစ်မှာ အမျိုးသားလွှတ်တော်အစည်းအဝေး ၇၈ ရက်နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၅၄ ရက်၊ စုစုပေါင်း ၁၃၂ ရက် အစည်းအဝေးတက်ခဲ့ကြလို့ တစ်နှစ်အတွင်း လွှတ်တော်တက်အလုပ်လုပ်ချိန် ၄လခွဲလောက် ရှိပါတယ်၊ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များရဲ့ ၂၀၁၃ ခုနှစ်အတွင်း လွှတ်တော်အစည်းအဝေးတက်တဲ့ ရက်ပေါင်း လေးလခွဲလောက် ရှိပါတယ်၊ ၂၀၁၁ ခုနှစ်မှာ လွှတ်တော်အစည်းအဝေးကာလ သုံးလလောက်သာ ရှိခဲ့တာမို့ လွှတ်တော်အလုပ်ချိန်အားဖြင့် တိုးတက်မှုရှိတယ်လို့ ဆိုရမှာပါ၊ 
နှိုင်းယှဉ်ချက်အနေနဲ့ ပြောရရင် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က ၂၀၁၃ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ အလုပ်လုပ်ရက် ၁၄၇ ရက်ရှိခဲ့ပြီး ဒီဇင်ဘာလအတွက် သတ်မှတ်ထားတဲ့ အလုပ်လုပ်ရက် ၈ ရက်အပါအဝင်ဆိုရင် ၂၀၁၃ ခုနှစ်မှာ စုစုပေါင်း လွှတ်တော်တက် အလုပ်လုပ်ရက် ၁၅၅ ရက်၊ လအားဖြင့် ၅ လကျော်ရှိပါတယ်၊ ဆီးနိတ်လို့ခေါ်တဲ့ အထက်လွှတ်တော်က ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ကနေ နိုဝင်ဘာလအထိ ၁၄၂ ရက် အလုပ်လုပ်ရက်ရှိပြီး ဒီဇင်ဘာလအတွက် သတ်မှတ်ထားတဲ့ အလုပ်လုပ်ရက် ၁ ရက်ပါရင် စုစုပေါင်း ၂၀၁၃ ခုနှစ်မှာ လွှတ်တော်တက်အလုပ်လုပ်ရက် ၁၄၃ ရက်၊ လအားဖြင့် ငါးလနီးပါးရှိပါတယ်၊ ကျန်တဲ့ရက်တွေက သက်ဆိုင်ရာမဲဆန္ဒနယ်မှာ မဲဆန္ဒရှင်ပြည်သူများနဲ့ ထိတွေ့ဆက်ဆံဖို့ ဖြစ်ပါတယ်၊
နှိုင်းယှဉ်ချက်အနေနဲ့ပဲ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က ၂၀၁၄ ခုနှစ်အတွက် အလုပ်အချိန်ဇယား (2014 Work Schedule) ကို လူများစုပါတီခေါင်းဆောင်နဲ့ လူနည်းစုပါတီခေါင်းဆောင်များ ညှိနှိုင်းတိုင်ပင်ပြီး ထုတ်ပြန်ပြီးပါပြီ၊ မြန်မာနိုင်ငံမှာတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၀၁၄ ခုနှစ် အစည်းအဝေးများကို လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်ရဲ့ သဘောထားနဲ့ပဲ အစည်းအဝေးတစ်ခုချင်းအတွက် စီစဉ်လိမ့်ဦးမယ်ထင်ပါတယ်၊

# ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်နှုံး
ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၄၄၀ ရှိပေမည့် လစ်လပ်နေတာက ၁၄ နေရာရှိပါတယ်၊ ဒါကြောင့် အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ၄၂၆ ဦးပဲရှိပါတယ်၊ (ဒီနှစ်ကုန်ပိုင်းလောက်မှာ ကွယ်လွန်သွားကြတဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်နဲ့ဆိုရင် ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေရာ ၁၆ နေရာရှိပါတယ်၊) ဒါပေမည့် ခွင့်နဲ့ပျက်ကွက်သူများရှိလို့ အစည်းအဝေးများကို တက်ခွင့်ရှိသူများအားလုံး မတက်နိုင်ကြပါ၊ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး၊ (၃၀) ရက်မြောက်နေ့မှာ တက်ရောက်ခွင့်ရှိသူကိုယ်စားလှယ် ၄၂၆ ဦးရှိတဲ့အနက် ၃၆၁ ဦးပဲ တက်ရောက်ပါတယ်၊ ရာခိုင်နှုံးအားဖြင့် ၈၂ ရာခိုင်နှုံးပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဦးရေ တက်ရောက်တဲ့အတွက် အစည်းအဝေးအထမြောက်ပေမည့် ဒီနှုံးနဲ့ကြည့်မယ်ဆိုရင် မြို့နယ်ပေါင်း (၇၀) ကျော်က ပြည်သူများဟာ ပြည်သူ့လွှတ်တော်အစည်းအဝေးတွေမှာ သူတို့ကို ကိုယ်စားပြုသူမရှိတာကို တွေ့ရပါတယ်၊
အမျိုးသားလွှတ်တော်မှာလည်း ကိုယ်စားလှယ် ၂၂၄ ဦးရှိပေမည့် (၄) နေရာလစ်လပ်နေလို့ တက်ရောက်ခွင့်ရှိသူ ၂၂၀ ဦးပဲရှိပါတယ်၊ အမျိုးသားလွှတ်တော်အစည်းအဝေးတွေမှာ ခွင့်နဲ့ပျက်ကွက်သူအချို့ရှိကြပေမည့် ပျမ်းမျှခြင်းအားဖြင့် တက်ရောက်သူနှုံးက ရာနှုံးပြည့်နီးပါးရှိပါတယ်၊
လွှတ်တော်အစည်းအဝေးများမှာ ခွင့်တိုင်ပျက်ကွက်ကြတဲ့ ကိုယ်စားလှယ်များကို လေ့လာကြည့်တော့ အများစုက ကျန်းမာရေးအခြေအနေကြောင့်ဖြစ်တာကို တွေ့ရပါတယ်၊ ဒါပေမည့် ကိုယ်ပိုင်အရေးကိစ္စနဲ့ ရက်ပေါင်းများစွာ ခွင့်တိုင်ပျက်ကွက်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိကြပါတယ်၊ အောက်တိုဘာလအတွင်း ပြည်သူ့လွှတ်တော် အဋ္ဌမအစည်းအဝေးကျင်းပနေတဲ့ ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရာပနိုင်ငံများကို ဂုဏ်ပြုဆုတွေယူဖို့ ခရီးရှည်ထွက်ခွါခဲ့ပါတယ်၊ အလားတူပဲ လွှတ်တော် သတ္တမအစည်းအဝေးကျင်းပနေတဲ့ ကာလတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် လေးယောက်ဟာ အမေရိကန်ပြည်ထောင်စုမှာ သုံးလကျော် အင်္ဂလိပ်စာ လာရောက်သင်ကြားခဲ့ကြပါတယ်၊ အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်အရေအတွက် နည်းနည်းလေးပဲရှိတဲ့ လွှတ်တော်မှာ ဒီကိုယ်စားလှယ်တွေ ရက်ပေါင်းများစွာ အစည်းအဝေးတက်ဖို့ ပျက်ကွက်ခဲ့တာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုပါ၊ မဲဆန္ဒရှင်ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဓိကတာဝန်က သူတို့ကိုယ်စားပြုတဲ့ ပြည်သူများရဲ့ အရေးကိစ္စတွေကို လွှတ်တော်တွင်းမှာ ဆွေးနွေးပြီး လိုအပ်သလို ဥပဒေပြုနိုင်ရေး ကြိုးစားဆောင်ရွက်ရမှာပါ၊ ကျန်းမာရေးအခြေအနေကြောင့် အစည်းအဝေးမတက်နိုင်တာကို နားလည်နိုင်ပေမည့် ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဦးစားပေးပြီး လွှတ်တော်အစည်းအဝေးတက်ဖို့ ရက်ရှည်ပျက်ကွက်တာကိုတော့ နားမလည်နိုင်ပါ၊
လွှတ်တော်အစည်းအဝေးတက်ရောက်နှုံးအမြင့်မားဆုံးကတော့ တပ်မတော်ကိုယ်စားလှယ်များဖြစ်ကြပါတယ်၊ ရွေးချယ်တင်မြှောက်ခံကိုယ်စားလှယ်များက အကြောင်းအမျိုးမျိုးနဲ့ အစည်းအဝေးတိုင်းကို အင်အားပြည့် (၇၅ ရာခိုင်နှုံး) မတက်နိုင်ကြပေမည့် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုံးကတော့ အစည်းအဝေးတိုင်းကို အင်အားပြည့်နီးပါး တက်နိုင်ကြပါတယ်၊ ဒါပေမည့်လည်း လူတွေကတော့ မတည်မြဲပါ၊ လွှတ်တော် ပုံမှန်အစည်းအဝေးများရဲ့ ပထမဆုံးနေ့တွေမှာ အမြဲတွေ့ရတာက ကာကွယ်ရေးဦးစီးချုပ်က အစားထိုးခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုကြတာဖြစ်ပါတယ်၊
# မေးခွန်းများ၊ အဆိုပြုချက်များ
လွှတ်တော်အစည်းအဝေးများရဲ့ အချိန်အများစုကို လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခြင်းနဲ့ ပြည်ထောင်စုအစိုးရ ဝန်ကြီးများ (သို့မဟုတ်) ဒု ဝန်ကြီးများက ဖြေကြားခြင်းဖြင့် ကုန်ဆုံးခဲ့ပါတယ်၊
ပြည်သူ့လွှတ်တော်ရဲ့ ၂၀၁၃ ခုနှစ်အတွင်း ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ အစည်းအဝေး သုံးကြိမ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက  ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၁၆၆ ခုမေးမြန်းခဲ့ပြီး ပြည်ထောင်စုအစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များက မေးခွန်းပေါင်း ၅၈၈ ခုဖြေကြားခဲ့လို့ မေးခွန်းပေါင်း  ၅၇၈ ခု ဖြေကြားရန် ကျန်ရှိပါတယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်မပြမေးခွန်းပေါင်း ၁၈၂၈ ခုမေးမြန်းခဲ့ပြီး ပြည်ထောင်စုအစိုးရတာဝန်ရှိပုဂ္ဂိုလ်များက မေးခွန်း ၁၁၁၃ ခုကို ဖြေကြားခဲ့ပြီး မေးခွန်းပေါင်း ၇၁၅ ခု ဖြေကြားရန် ကျန်ရှိပါသေးတယ်၊
အမျိုးသားလွှတ်တော်ရဲ့ ၂၀၁၃ ခုနှစ်အတွင်း ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ အစည်းအဝေး သုံးကြိမ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက  ကြယ်ပွင့်ပြမေးခွန်းပေါင်း ၂၇၃ ခု၊ ကြယ်ပွင့်မပြမေးခွန်းပေါင်း ၆၇၄ ခုမေးမြန်းခဲ့ပြီး ပြည်ထောင်စုအစိုးရတာဝန်ရှိပုဂ္ဂိုလ်များက မေးခွန်းများအားလုံးကို လူကိုယ်တိုင် (သို့မဟုတ်) စာဖြင့်ရေးသား၍ ဖြေကြားခဲ့ပါတယ်၊ အမျိုးသားလွှတ်တော်မှာ မေးမြန်းကြတဲ့ မေးခွန်းများက ပြည်သူ့လွှတ်တော်ထက် အများကြီးပိုနည်းတာ တွေ့ရပါတယ်၊
မေးခွန်းအများစုကတော့ မဲဆန္ဒနယ်တစ်ခုချင်းနဲ့ သက်ဆိုင်တဲ့ ဒေသဆိုင်ရာကိစ္စများဖြစ်ပါတယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များမှာ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသင့်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဆင့် ပုဂ္ဂိုလ်များက တာဝန်ယူ ဖြေကြားသင့်တဲ့ ကိစ္စတွေလည်း ဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ သက်ဆိုင်ရာ လွှတ်တော်အလိုက် ဥပဒေပြုစာရင်းများကို ကွဲကွဲပြားပြားနားမလည်ကြတာနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက တိုင်းဒေသကြီး/ပြည်နယ်အတွင်းအစိုးရဋ္ဌာနများအပေါ်မှာ အမှန်တကယ် ဩဇာအာဏာမရှိတာကြောင့် အခုလို ပြည်ထောင်စုလွှတ်တော်မှာ ဒေသဆိုင်ရာ မေးခွန်းတွေမေးမြန်းနေကြတာ ဖြစ်ပါတယ်၊ ပြည်ထောင်စုအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ ဖြေကြားချက်တွေဟာလည်း အားရစရာမရှိပါ၊ မေးခွန်းကို တိတိကျကျ ဖြေကြားတာမျိုးမဟုတ်ပဲ ကိန်းဂဏန်းတွေကိုသာ ဖတ်ပြနေတာတွေ့ရပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြည်ထောင်စုဝန်ကြီးများရဲ့ အဖြေများကို ကျေနပ်လိမ့်မယ်မထင်ပါ၊ ဒါပေမည့် ထပ်ဆင့်မေးခွန်းထုတ်တာ သိပ်မတွေ့ရပါ၊ မေးခွန်းတွေကိုလည်း လွှတ်တော် ဥက္ကဋ္ဌကို ဦးတည်ပြီး မေးရတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်ထောင်စုဝန်ကြီးကို ကျေနပ်လောက်တဲ့အဖြေရတဲ့အထိ ဆွေးနွေး၊ မေးမြန်းနိုင်တဲ့ အခွင့်အရေးလည်းမရှိပါ၊ အဖြေကို မကျေနပ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြည်ထောင်စုဝန်ကြီးကို တိုက်ရိုက်မေးခွန်းထုတ်ရင်လည်း လွှတ်တော်ဥက္ကဋ္ဌရဲ့ အဆူခံရတတ်ပါတယ်၊
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်အစည်းအဝေးတွေမှာ မေးခွန်းများမေးမြန်းခြင်းဆိုတဲ့ အစီအစဉ်မရှိပါ၊ ကွန်ဂရက်လွှတ်တော်အမတ်များဟာ ၎င်းတို့သိချင်တဲ့ မဲဆန္ဒနယ်ဆိုင်ရာ အရေးကိစ္စတွေကို သက်ဆိုင်ရာ အစိုးရဝန်ကြီးဋ္ဌာနများကို တိုက်ရိုက် စာရေးသားပေးပို့ပြီးသော်လည်းကောင်း၊ တာဝန်ရှိသူများကို လွှတ်တော်အမတ်ရဲ့ ရုံးခန်းကို ဖိတ်ခေါ်ပြီးသော်လည်းကောင်း မေးမြန်းနိုင်ပါတယ်၊ 
အစိုးရဋ္ဌာနများဟာလည်း ပြည်သူ့ကိုယ်စားလှယ်များရဲ့ မေးမြန်းချက်များကို လေးလေးစားစားနဲ့ ကျေနပ်လောက်တဲ့အထိ အဖြေပေးဖို့ တာဝန်ရှိကြပါတယ်၊ ကွန်ဂရက်လွှတ်တော်ရဲ့ ရေးရာကော်မီတီများက တာဝန်ယူရတဲ့ ကိစ္စများအတွက် သက်ဆိုင်ရာ အစိုးရအရာရှိများ၊ ပြင်ပကျွမ်းကျင်သူများကို ကော်မီတီအလိုက်ဆင့်ခေါ်ပြီး အများပြည်သူတက်ရောက်နားထောင်ခွင့်ရှိတဲ့ ကြားနာပွဲများကျင်းပပြီး မေးမြန်းကြပါတယ်၊အင်မတန် တန်ဘိုးရှိလှတဲ့ လွှတ်တော်အစည်းအဝေးကျင်းပချိန်များကို ဥပဒေကြမ်းများ တင်သွင်းခြင်း၊ ဆွေးနွေးငြင်းခုန်ခြင်း၊ ဝေဘန်ခြင်း၊အတည်ပြုခြင်းများအတွက်ပဲ သုံးကြပါတယ်၊
ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ ၂၀၁၄ ခုနှစ်မှာလည်း တန်ဘိုးရှိလှတဲ့ အစည်းအဝေးကျင်းပချိန်အများစုကို မေးခွန်းမေးမြန်းခြင်းများနဲ့ ကုန်ဆုံးလိမ့်ဦးမယ် ထင်ပါတယ်၊ ၂၀၁၃ ခုနှစ်မှာ မေးမြန်းပြီး မဖြေနိုင်ခဲ့တဲ့ မေးခွန်းများက တစ်ထောင်ကျော်ကျန်ရှိပါသေးတယ်၊ ၂၀၁၄ ခုနှစ်မှာ အသစ်မေးဦးမည့် မေးခွန်းတွေကလည်း ထောင်နဲ့ချီပြီး ရှိမှာပါ၊ ဒီမေးခွန်းတွေကို မေးမြန်းဖို့အတွက် အခြားနည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိပြီး လွှတ်တော်အစည်းအဝေးကျင်းပချိန်အားလုံးကို ဥပဒေပြုရေးအတွက်သာ ဦးစားပေးကြရင် ဘယ်လောက်ကောင်းမလဲ လို့ တွေးမိပါတယ်၊
ဆက်ရေးပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
ဒီဇင်ဘာ ၄၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts