ကဗျာ

နရီ (မြိတ်) ● ခြတောင်ပို့

နရီ (မြိတ်) ● ခြတောင်ပို့
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၉

ဗြုန်းဆိုငါပြုတ်ကျတယ်
နိုင်ငံတခုရဲ့ပိုးလောက်လန်းတွေပြစ်ခဲပြွတ်သိပ်နေသောတွင်းနက်ကြီးထဲ
ဗြုန်းဆိုငါပြုတ်ကျခဲ့တယ်
ခြတောက်ပို့တွေထူလဗျစ်တောထနေသောကွင်းပြင်ကြီးထဲ
ဂျပိုးများတဲ့ကန္တာရချိုင့်ဝှမ်းတွေထဲ
ဗြုန်းဆိုငါပြုတ်ကျခဲ့တယ်
ငါအလိုမတူပြုတ်ကျခဲ့တယ်
ဒီနိုင်ငံကိုပြုတ်ကျခြင်းဟာ ငါ့ရဲ့ကံဆိုးမိုးမှောင်ကျမှုဖြစ်တယ်
ငါ့နဲ့အတူပိုးလောက်လန်းသန်း ၅၀ ဟာ ငရဲကျခဲ့ကြ
နှစ် ၅၀ ဟာ ငါတို့ပြုတ်ကျတဲ့ကြာချိန်ဖြစ်ခဲ့တယ်

ဆင်တွေက ဆင်တွေကိုဖမ်းလာတာ
ခင်ဗျားတို့တွေ့ဖူးလား
ကျားတွေက ကျားတွေကိုဖမ်းလာတာ
ခင်ဗျားတို့တွေ့ဖူးသလား
အဲ့ ခေတ်အဆက်ဆက်
လူတွေကလူတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြတယ်
အယဉ်ကျေးဆုံးလူတွေဟာ အရက်စက်ဆုံးလူတွေဖြစ်ခဲ့ကြတယ်

စနစ်တခုကိုစိုက်ပျိုးတဲ့အခါ
မြေသားဟာ ပြည်သူမြေသြဇာဟာ အသက်ပေးစတေးခံခဲ့ကြရတဲ့အာဇာနည်တွေ
ခေတ်အဆက်ဆက်အသားထဲကလောက် အလိုတော်ရိတွေရှိခဲ့တဲ့တိုင်းပြည်မှာ
ငါပြုတ်ကျခဲ့တယ်
သန်း ၅၀ ရဲ့နှုတ်ခမ်းတွေကွဲပြတ်လုမတတ်ဖိကိုက်ထားခဲ့တဲ့တိုင်းပြည်မှာ
ငါပြုတ်ကျခဲ့တယ်

ငါပြုတ်ကျခဲ့တယ်
ခိုးသားငါးသန်းရှိတဲ့တိုင်းပြည်မှာ
ငါပြုတ်ကျခဲ့တယ်
မယောင်ရာဆီလူးတဲ့တိုင်းပြည်မှာ
ငါပြုတ်ကျခဲ့တယ်
ဘုရင်ကိုသတ်ပြီးဘုရင်ဖြစ်တဲ့တိုင်းပြည်မှာ
ငါပြုတ်ကျခဲ့တယ်
အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားတဲ့တိုင်းပြည်မှာ
ငါပြုတ်ကျခဲ့တယ်
သေနတ်ကိုင်ပြီးကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သွားတဲ့ဗိုလ်ချုပ်တွေနေတဲ့ခပ်စုတ်စုတ်တိုင်းပြည်မှာ
ငါပြုတ်ကျခဲ့တယ်
ဦးနှောက်တွေမရှိတဲ့ဦးနှောက်ဖောက်ထွင်းခိုးယူခံထားရတဲ့ဝန်းထမ်းတွေနေတဲ့တိုင်းပြည်မှာ
ငါပြုတ်ကျခဲ့တယ်
တံခါးပိတ်ဝါဒကျင့်သုံးခဲ့တဲ့တိုင်းပြည်မှာ
ငါပြုတ်ကျခဲ့တယ်
အချင်းချင်းမညီမညွတ်
နွားကွဲရင်ကျားဆွဲတောကြောင်တွေလက်ခမောင်းခတ်တဲ့တိုင်းပြည်မှာ
ငါပြုတ်ကျခဲ့တယ်

ငါတယောက်တည်းလားပြုတ်ကျခဲ့တာ
ခင်ဗျား သူ ငါ အလုံးစုံပြုတ်ကျခဲ့ရခြင်းမျိုးအသည်းနာလို့မဆုံးဘူး
အဲ့သလိုငါတို့ပြုတ်ကျခဲ့ရင်း
ငါတို့ကမ္ဘာမကြေကို သံပြိုငိဆိုခဲ့ကြတယ်။         ။

နရီ (မြိတ်)
၂၆ ဒီဇင်ဘာ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts