ရသဆောင်းပါးစုံ သတင်းဆောင်းပါး

စမ်းစမ်းတင် – ဂျပန်စားတဲ့ ဝေလငါး၊ အဖမ်းများတဲ့ ဗမာ့ပင်လယ်ငါး

 

စမ်းစမ်းတင် – ဂျပန်စားတဲ့ ဝေလငါး၊ အဖမ်းများတဲ့ ဗမာ့ပင်လယ်ငါး

(မိုးမခ) ဇန်န၀ါရီ ၄၊ ၂၀၁၉

(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

၂၁ ရာစုမှာ အမေရိကန်တွေဟာ ဖျှမ်းမျှအားဖြင့် ကိုယ်အလေးချိန် တိုးလာတယ်လို့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး အဖွဲ့က ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ကြေညာပါတယ်။ အမေရိကန် အမျိုးသား တယောက်ဟာ ဖျှမ်းမျှ ၅ ပေ ၉ လက်မရှိပြီး ကိုယ်အလေးချိန်က ၁၉၈ ပေါင်၊ အမျိုသမီးတယောက် ဖျှမ်းမျှ အရပ်က ၅ ပေ ၄ လက်မနဲ့ အလေးချိန် ၁၇၁ ပေါင် ရှိပါသတဲ့၊ ဒီ ရာစုနှစ် အစတုန်းက အမျိုးသားတွေရဲ့ ဖျှမ်းမျှ ကိုယ်အလေးချိန်က ၁၈၉ .၁ ပေါင်နဲ့ အမျိုးသမီးက ၁၆၃. ၆ ပေါင် ရှိတာနဲ့ နှိုင်းယှဉ်ပြတာပါ။ ဒါဟာ ၀ဖြိုး တဲ့ ဘက်လုလာပြီ၊ ၀ လာရင် ထုံးစံအတိုင်း နှလုံး၊ သွေးချို၊ ဆီးချို၊ သွေးတိုးဖြစ်မယ်၊ ကော်လက်စထရောများလာမယ်၊ ကျန်းမာရေး ထိခိုက်မယ်ပေါ့၊ ဒိအတွက် အနီရောင်များတဲ့ အမဲသား၊ ၀က်သားရှောင်၊ ငါး၊ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ များများစား… ဒါနဲ့ ကမ္ဘာမှာ ငါးအစားများတဲ့ ဂျပန်နိုင်ငံနဲ့ မြန်မာ့ပင်လယ်ပြင်က ပင်လယ်ငါးဘက် စိတ်က ရောက်သွားရော။ ဂျပန်တွေဟာ ငါးစားတဲ့အတွက် ကော်လက်စထရောနည်း၊ နှလုံးသွေးတိုး အဖြစ်မများ၊ ဒိထက် စိတ်ဝင်စားစရာက ဂျပန်လူမျိုးတွေ ဥာဏ်ကောင်းကြတယ်တဲ့၊ ဘာကြောင့် ဥာဏ်ကောင်းကြသလဲဆိုတာ သုတေသနလုပ်တော့ ငါးစားကြလို့ဆိုပဲ။

ငပုတွေကိုမော်ကြည့်ရပြီ
ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်မှာ ကုန်းကောက်စရာမရှိအောင် ရှူံးခဲ့ပေမဲ့ ပြာပုံကနေ ရှင်သန် ထပျံသန်းနိုင်တဲ့ ဖီးနစ်ငှက်လို ကမ္ဘာ့ထိပ်တန်းတနိုင်ငံအဖြစ် ထွန်းသစ်နေတာ အားလုံးအသိ၊ ဖက်ဆစ် တော်လှန်ရေးခေတ်တုန်းက ဗမာတွေက ငပု လို့ ခေါ်ဝေါ်သုံးနှူန်းခဲ့တဲ့ ဂျပန်တွေဟာ ခုဆို အရပ်တင်မက နိုင်ငံတိုးတက်ကြီးပွားတာကိုပါ မော်ကြည့်ရမယ့် အနေအထား၊ ဂျပန်နိုင်ငံ ဒီလို ကြီးပွားတိုးတက် ချမ်းသာရတဲ့ အကြောင်းရင်းတွေထဲ စိတ်ဓာတ်နဲ့ လုံ့လ စိုက်ထုတ်တာတွေ ၊ မလျှော့တဲ့ ဇွဲနဲ့ ကျားအုပ်ကျားခဲ ကြိုးစားတာတွေအပြင် အစားအသောက်ပုံစံပါ ပြောင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရ ရတဲ့အတွက်ပါတဲ့။

တသီးတခြားပေမဲ့ အမြင်မကျဉ်း
လူတယောက်ဟာ ဘယ်နေရာ ဘယ်နိုင်ငံမှာနေနေ ကမ္ဘာမှာ ဂျပန်နိုင်ငံဟာ စိတ်ဝင်စားစရာ တနိုင်ငံဖြစ်တယ်လို့လည်း ဆိုစမှတ်ရှိနေပြန်တာ။ ဂျပန်နိုင်ငံလို ပင်လယ် ပတ်လည်ဝိုင်းနေတဲ့နေရာမှာ တသီးတခြားနေထိုင်ရရင် ကမ္ဘာနဲ့ ဆက်ဆံရ ခက်မယ်လို့ ထင်စရာ၊ ဒါပေမဲ့ ဗြိတိန်လို၊ စင်ကာပူလို ဂျပန်လိုနိုင်ငံတွေဟာ ကျွန်းနိုင်ငံတွေ ဖြစ်ပေမဲ့ တသီးတခြား ရှိနေတဲ့ နိုင်ငံတွေလည်းမဟုတ်။ အမြင်အတွေး ဆင်ခြင်တုံတရားတွေ၊ ပညာတတ်မြောက်တာတွေနဲ့လည်း ဆိုင်နေပြန်၊ နောက်… အမြင်ကျဉ်းမြောင်းတဲ့ နိုင်ငံတွေလည်း မဟုတ်ပါဘူး၊ ဂျပန်ပထ၀ီဝင်အနေအထားမျိုး မဟုတ်တဲ့ ဥရောပတိုက် ရာသီဥတုနဲ့ မြေမျက်နှာပြင်အနေအထားဟာ ဆောင်းသီးနှံနဲ့ ဂျုံစိုက်ပျိုးနိုင်ပြီး မြင်း၊ နွားစတဲ့ တိရစ္ဆာန်မွေးမြူဖို့ သင့်တာမို့ နယ်မြေတွေ ချဲ့ထွင်ဖို့လိုတာနဲ့ ဥရောပ တိုက်သားတွေ နယ်မြေချဲ့ထွင်ရင်း ချဲ့ထွင်ရင်း မြန်မာနိုင်ငံပါ ကိုလိုနီလက်အောက် ကျရောက်ခဲ့ဖူးလေတာ။

ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင် အနေအထားကတော့ ငါးဖမ်း၊ စပါးစိုက်နိုင်တာမို့ သူ့မြေ သူ့နေရာမှာတင် အလုပ်ဖြစ်ပေမဲ့ အကြောင်းမသင့်ဘဲ ဖက်ဆစ်စနစ်ဆိုးကြောင့် အဏုမြူဗုံးဒဏ်သင့် စစ်ရှူံးရတဲ့ နိုင်ငံ ဖြစ်ခဲ့ရ၊ နိုင်ငံပြာပုံကျသွားခဲ့ပေမဲ့ ညီညီညွတ်ညွတ်ကြိုးစားတဲ့ အခါ ကမ္ဘာ့ ဦးဆောင်တနိုင်ငံ ဖြစ်လာတာကလည်း အမှန်၊

ကြိုးစားကြပုံ
ဂျပန်လူမျိုးထက်ဝက်ကျော်ဟာ တပတ်ကို ၉ နာရီပိုအလုပ်လုပ်တာ၊ အားလပ်ရက်ခွင့်မယူတာတွေဟာ အလုပ်ကြိုးစားတဲ့ သဘောဆောင်ပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အလုပ်ဖိစီးတဲ့ဒဏ်နဲ့ လုပ်ငန်းခွင်မှာ သေဆုံးတဲ့အဖြစ်တွေလည်း၊ စိတ်ဖိစီးဒဏ်မခံနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မိတာတွေလည်းရှိ၊ ဒါကတော့ နမူနာ မကောင်းလှ၊ ဂျပန်လူမျိုးတွေဟာ ဒီလို အလုပ်ကြိုးစားတဲ့အပြင် ကမ္ဘာမှာ ဥာဏ်ရည်အကောင်းဆုံး လူသားတွေလို့ သတ်မှတ်ခံထားရပြီး ဥာဏ်ကောင်းရတဲ့ အကြောင်းကို သုတေသနလုပ်တဲ့အခါ စောစောက ရေးထားတဲ့အတိုင်း ငါး စားတဲ့အတွက် ဥာဏ်ရည်ထက်မြက်ကြတယ်ဆိုတဲ့ အဖြေတွေ့ရ တာပါပဲ။ ငါးစားတဲ့အတွက် ဥာဏ်ရည်ရော ကိုယ်ခန္ဓာပါ ဖွံ့ဖြိုးတယ်လို့လည်း ပြောလေတာ။

ခေတ်မီသူတိုင်း ပင်လယ်ငါးစား
မြန်မာနိုင်ငံမှာ ၁၉၅၀ ပြည့်လွန်နှစ်ကတည်းက ပြောနေတဲ့ ခေတ်မီသူတိုင်း ပင်လယ် ငါးစားကြသည် ဆိုတဲ့အတိုင်း ကမ္ဘာမှာ အရင်ကထက် ပင်လယ် ငါး ပိုလို့ အစားများလာ ပါတယ်။ သားစားသတ္တ၀ါ မွေးမြူတဲ့ ဥရောပတိုက်သားတွေဟာ ပေါပေါများများရတဲ့ ငါး စားလာလိုက်တာ ၁၅၀၀ ပြည့်နှစ်အရောက်မှာ ငါးအတော်ရှားလာပါရော။ ပင်လယ်ရှိနေသရွေ့ ငါးရှိနေမှာပဲ အတွေးနဲ့ ဖမ်းရင်းဖမ်းရင်း အဲဒိအတွေး မှား မှန်းသိလာပေမဲ့ ပင်လယ်ငါးတွေ ဖမ်းမြဲဖမ်းနေတာပါပဲ။ အဲဒီလို ငါးအလွန်အကျွံဖမ်းတာတွေ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်တာတွေ၊ ပင်လယ်ရေ နွေးလာတာတွေ၊ ပင်လယ်ရေ ညစ်ညမ်းတာတွေနဲ့ သမုဒ္ဒရာရေးရာ စီမံခန့်ခွဲမှု ညံ့ဖျင်းလာတာတွေ အပြင် လူတွေက ငါး အလွန်အမင်းဖမ်းဆီးလာတာတွေ ကြောင့် ကမ္ဘာ့ ပင်လယ်ငါးတွေ အကုန်မြန်လာပါတယ်။ ဒီထဲ မြန်မာနိုင်ငံလည်း မလွတ်။

မြန်မာ့ပင်လယ်ပြင် မြန်မာ့ကမ်းရိုးတန်းဟာ ကီလိုမီတာ ၂၄၀၀ လောက်ရှိပြီး မြောက်က တောင်တန်းနေတဲ့ကနေ အဓိကကမ်းရိုးတန်းတွေ ရှိပါတယ်။ ရခိုင်ကမ်းရိုးတန်းဟာ နတ်မြစ်ဝကနေ မော်တင်အငူထိ ကီလို မီတာ ၇၄၀၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မော်တင်အငူ ကနေ မုတ္တမပင်လယ်ကွေ့ထိ ကီလိုမီတာ ၄၆၀၊ မုတ္တမပင်လယ်ကွေ့ကနေ ပတ်ချန်မြစ်ဝထိ ကီလိုမီတာ ၁၂၀၀ လောက်ရှိပါတယ်။ အရှေ့တောင်အာရှမှာ တနင်္သာရီကမ်းရိုးတန်းပဲ တဖြောင့်တည်းရှိတဲ့ တခုတည်းသော ကမ်းရိုးတန်းဖြစ်ပါတယ်။ ဒီကမ်းရိုးတန်းတွေမှာ ငါးဖမ်းနေတာတွေက တရားဝင်ရော တရားမ၀င်ရော၊ ဘယ်သူမှလည်း ပိုင်ပိုင်နိုင်နိင်မတားနိုင်၊ ကမ်းဝေးလိုင်စင်သမားက ကမ်းနီးမှာ ဝင်ဖမ်းရင်ဖမ်း။ ပင်လယ်ပြင်ကျယ်ကို စည်းရိုးကကာလို့လည်းမရ၊ ဥပဒေကလည်း မတင်းကျပ်နိုင်၊ ဖြစ်ချင်တိုင်းဖြစ်နေလို့ပဲ ပြောရမလိုလို၊

ဗမာတွေနဲ့ ပင်လယ်
လူဦးရေ ၅၃ သန်းရှိတဲ့ မြန်မာနိုင်ငံဟာ ငါးလုပ်ငန်းကဏ္ဍမှာ ကမ္ဘာ့ ကိုးနိုင်ငံမြောက် ဖြစ်ရုံမက နေမှုထိုင်မှုနဲ့ ရိက္ခာအတွက် နိုင်ငံ့ လူဦးရေထက်ဝက်ဟာ ကမ်းရိုးတန်းတွေမှာ နေထိုင်ကြတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် National Geographic မဂ္ဂဇင်းက ဖော်ပြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာ့ကမ်းရိုးတန်းက ငါးပမာဏဟာ ရာခိုင်နှူန်း ၈၀ က ၉၀ ထိ ကျဆင်းသွားတယ်တဲ့လေ။ သိပ္ပံနည်းကျ စစ်တမ်းကောက်ယူထားတာကို National Geographic က ဖော်ပြတာဖြစ်ပြီး အဏ္ဍ၀ါဗေဒ ပညာရှင်လည်းမဟုတ်၊ သုတေသီလည်း မဟုတ်ပေမဲ့ ကိုယ့်မြေကိုယ့်ဒေသ ကိုယ့်ပင်လယ် အကြောင်း နောကြေနေအောင်သိတဲ့ ကမ်းရိုးတန်းမှာနေတဲ့လူတွေကတော့ ငါးတွေရှားသွားတာ သိသိသာသာ လက်တွေ့ကြုံနေရတာပါ။

ပင်လယ်ကမ်းခြေတွေထဲ ဗမာပြည်မှာ ပထမဆုံး လူသိများလာတာက ရခိုင်ပြည်နယ်က ငပလီနဲ့ တနင်္သာရီကမ်းရိုးတန်းက မောင်းမကန်၊

အရင်ကတော့ လေယာဉ်နဲ့ ဝေဟင်ကမှ ရောက်နိုင်ပေမဲ့ ရိုးမကိုကျော် ကားလမ်းကလည်း သွားလာနေရာက တောင်ကုတ်ကတဆင့်မဟုတ်တော့ဘဲ မြစ်ဝကျွန်းပေါ်ကနေ ဂွမြို့ ဖြတ်သွားလာနိုင်တော့ ငပလီဟာ ကမ္ဘာလှည့်တွေအပြင် ပြည်တွင်း ခရီးသွားတွေပါ အလာများလာတာမို့ ဟိုတယ်တွေပေါများလာ ဧည့်သည်တွေ အလာများလာတာကြောင့်လည်း ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်လို့လွန်ခဲ့တဲ့ ရာစုနှစ်ဝက်ကလို စည်းရုံးစရာ မလိုဘဲ အစားများလာတာမို့ ပင်လယ်စာထွက်တဲ့နေရာမှာတင် ပင်လယ်ငါးက ဟိုတုန်းကလို အလျှံပယ်မရတော့နိုင်။

ငါးလတ်လတ်ဆတ်ဆတ်က ဟိုတုန်းကလို အလျှံပယ်မရနိုင်ဘဲ ငါးခြောက်တွေက အရင်ကလို သမားရိုးကျနည်းအစား ဓာတုဆေး အကူနဲ့ မသုံးသင့်လည်း သုံးနေသံတွေကြား ငပလီမှာတော့ ပင်လယ်စာ ငပိကိုတော့ ရိုးရာမပျက်ထိန်းထားနိုင်တဲ့ ကောင်းသတင်းတော့ ရှိပြန်၊ ပင်လယ်ကရတဲ့ မျှင်နဲ့ လုပ်မှ ရတဲ့ အဲဒိ သံတွဲ-ငပလီ ငပိတောင် အတော်ရှားသွားပြီလို့တောင် ပြောနေကြပြန်။

ဂျပန်နဲ့ဝေလငါး 

ဂျပန်ကတော့ ဝေလငါးဖမ်းတဲ့နေရာမှာ ဖက်ဆစ်ခေတ်က ငပုတွေပုံစံမျိုး အင်မတန်ရက်စက်လေတာ၊ ဝေလငါးတွေ စီးပွားဖြစ်မဖမ်းရလို့ ကမ္ဘာက သတ်မှတ်လည်း၊ ကမ္ဘာကဂျပန်ကို ဝေဖန်သံတွေ ညံနေလည်း ဖမ်းမြဲဖမ်းနေရာက ကမ္ဘာကတင်းတဲ့ ဒဏ်ကို တင်းမခံနိုင်ဘဲ နားရေးပါးအေး နိုင်ငံတကာ ဝေလငါးကော်မရှင် International Whaling Commission ကပါနုတ်ထွက်၊ ယဉ်ကျေးမှုနဲ့ သိပ္ပံကိစ္စကလွဲ ဝေလငါးမသတ်တော့ဘူးဆိုပဲ။

ဖမ်းတာတောင် သူနိုင်ငံပိုင်နက်မှာပဲ ဖမ်းမှာတဲ့။ ဖမ်းတော့ မဖမ်းတော့ဘူး၊ ဒါပေမဲ့ ဒီအကြောင်းဟိုအကြောင်းတွေနဲ့ ဖမ်းတော့လည်းဖမ်းမယ်ဆိုတဲ့ ပုံမျိုးမို့ တချို့နိုင်ငံတွေက အားမရ။

ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်မှာအရှူံးကြီးရှူံးခဲ့ရတာ ပြာပုံက ရုန်းထနိုင်ပေမဲ့ ဝေလငါးနဲ့ ပင်လယ်ငါးတွေ တဖန်ရှင်သန်ဖြစ်ထွန်းနိုင်အောင် လုပ်နိုင်-မလုပ်နိုင် မသိနိုင်ပေမဲ့ ပင်လယ်ငါးနဲ့ ဝေလငါးအလွန်အကျွံဖမ်းတဲ့ နိုင်ငံအနေနဲ့တော့ ဝေဖန်ခံရတဲ့ နိုင်ငံက လွတ်လေမယ်မထင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts