စာစုတို

စိုးခိုင်ညိန်း ● မြတ်နိုးခြင်း တန်ဖိုး

စိုးခိုင်ညိန်း ● မြတ်နိုးခြင်း တန်ဖိုး
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၉

တန်ဘိုးဆိုတာ မြတ်နိုးခြင်း
လက်ထဲမှာ သူ့နာမည်ကို ရေးလိုက်တယ်
ပြည်တန်ပတ္တမြားလို၊ အသက်လို ကျစ်ကျစ်ဆုပ်ထားမိတယ်။

ဆောင်းခူးလက်


ကိုယ့်ရှေ့မှာပင်စွန့်ပစ်လိုက်သော ချစ်သူ၏နှုတ်ခမ်းနီစ အနည်းငယ်ပေကျံနေသော တစ်ရှူးစလေးကို ချစ်သူကွယ်ရာမှာ တခုတ်တရ ကောက်ယူသိမ်းဆည်းထားသော လူငယ်လေးတယောက်ကို ငယ်ငယ်က ဗွီဒီယိုထဲမှာ တွေ့ဖူးပါသည်။ ထိုလုပ် ရပ်သည် ရူးသွပ်လွန်းသည်ဟု ကျွန်တော်က ထင်မြင်ချင်သည်။ သို့သော် ချစ်သူ၏ ခြေရာလက်ရာ၊ အမှတ်တရလက် ဆောင်၊ စသည့် ချစ်သူနဲ့ပတ်သက်သော အမှတ်တရပစ္စည်းများသည် နှလုံးသားပြတိုက်မှာ ထာဝရသိမ်းထားသင့်သော အရာများဟု ဆိုသူက ဆိုလေသည်။ ဒါက ချစ်ခြင်းမေတ္တာနဲ့ပတ်သက်သော နှလုံးသားမှလာသော မြတ်နိုးခြင်းတန်ဖိုးထားမှု ဖြစ်သည်။ ချစ်သူကိုဘယ်လောက်ချစ်သည်၊ ထိုချစ်ခြင်းမေတ္တာတရားအပေါ် ဘယ်လောက်တန်ဖိုးထားသည်ဆိုတာကို ပြ သသည့်သဘောပဲ ဖြစ်ပေမည်။ နှစ်သက်မြတ်နိုးခြင်းမှ ဖြစ်ပေါ်လာသော ပစ္စည်းတခု၏တန်ဖိုးကို လူတယောက်နဲ့တယောက် အမြဲပုံသေ သတ်မှတ်၍ မရနိုင်ပေ။

ကျွန်တော့်တွင် ခင်မင်ရင်းနှီးရသော စာရေးဆရာ၊ ကဗျာဆရာများက အမှတ်တရအဖြစ် လက်မှတ်ထိုး၍ ပေးထားသော ပန်းချီကား၊ ကဗျာစာအုပ်များ ရှိပါသည်။ ကျွန်တော့်ကိုခင်မင်၍ အမှတ်တရ လက်မှတ်ထိုးပေးထားသော ထိုပစ္စည်းများကို ကျွန်တော်က မြတ်နိုးတန်ဖိုးထားပါသည်။ ငွေကြေးဖြင့် တိုင်းတာပါက ထိုအမှတ် တရပစ္စည်းများသည် တန်ဖိုးကြီးကြီးမားမားရှိသောပစ္စည်းများ မဟုတ်ပေ။ သို့သော် ကျွန်တော်က ကျွန်တော့်မှာရှိသော တခြားတန်းတူ ပစ္စည်းများထက် တန်ဖိုးထား မိပါသည်။ ဒါက ကျွန်တော့်ရင်ထဲမှ နှစ်သက်၍ သူ့အလိုလို တန်ဖိုးထားနေမိခြင်း ဖြစ်သည်။

မာဂရက်သက်ချာ၏နှုတ်ခမ်းနီ စွန်းထင်းကျန်ခဲ့သည့် လက်သုတ်ပုဝါကို အမှတ်တရပစ္စည်းစုဆောင်းသူများ ၀က်ဘ်ဆိုက် Picollecta တွင် လေလံတင်းထားခဲ့ဖူး လေရာ နောက်ဆုံးအချိန်ထိ ဒေါ်လာ ၃၀၀၀ ရရှိခဲ့ဖူးသည် ဟုဆိုပါသည်။ လက်သုပ် ပုဝါပေါ်တွင်ထင်ကျန်ခဲ့သော နှုတ်ခမ်းနီတစ်စ၏တန်ဖိုးသည် မနည်းလှပါပေ။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ အမေရိကန်သို့ လာရောက်ခဲ့စဉ်ကကျန်ရစ်ခဲ့သည့် နှုတ်ခမ်းနီပေကျန်နေသော လက်သုတ်ပုဝါကို စိန့်ဗယ်လင်တိုင်းနေ့ မတိုင်မီ အွန်လိုင်းတွင် လေလံတင်ရောင်းချခဲ့တာဖြစ်လေသည်။ သက်ချာသည် ၂၀၀၀ ပြည့်နှစ်က ဝီကွန်ဆင်ပြည်နယ် မယ်ဝေါ ကီးမြို့ရှိ ဖစ်ဆာဟိုတယ်တွင် တည်း ခိုတုန်းမှာ ယင်းလက်သုတ်ပုဝါကျန်ရစ်ခဲ့တာ ဖြစ်သည်။ သက်ချာယင်းဟို တယ်မှာ တည်းခိုနေထိုင်ခဲ့ပြီးနောက် အိုဟိုင်းယိုးပြဇာတ်ရုံတွင် သွားရောက်ဟောပြောခဲ့တာဖြစ်သည်။ ပြဇာတ်ရုံဝန်ထမ်း တဦးက သက်ချာ၏ အဝတ်လဲခန်းအတွင်းရှိ အမှိုက်ပုံးထဲမှ ယင်းလက်သုတ်ပုဝါကို ရရှိခဲ့တာဖြစ်သည်ဟု ဆိုပါသည်။

၁၉၇၉ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်ထိ ဗြိတိန်ကို ဦးဆောင်ခဲ့သောသက်ချာသည် လွတ်လပ်ဈေးကွက်ကို ထောက်ခံသူဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နှင့် မဟာမိတ်ထူထောင်ခဲ့သူဖြစ်သည်။ ဗြိတိန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် အဖြစ် ထမ်းဆောင်ခဲ့သည့်သက်ချာသည် ၂၀၁၃ ခုနှစ်တွင် ကွန်လွန်ခဲ့လေသည်။ သက်ချာ၏အမှတ်တရပစ္စည်းများကို လေလံတင်ရောင်းချမှုများတွင် ငွေကြေးအမြောက်အမြားရရှိခဲ့ပြီး သက်ချာက လက်မှတ်ရေးထိုးထားသော ရှန်ပိန်ပုလင်း တလုံးကိုလည်း လေလံတင်ခဲ့ရာ ပေါင် ၄၅၀၀၀၀ ရရှိခဲ့သည်။ နောက် သက်ချာ၏ နာမည်ကျော်လက်ကိုင်အိတ်များသည် ပေါင် ၆၅၀၀၀ အထိ ရရှိခဲ့သည်ဟု ဆိုပါသည်။

သမိုင်းတွင် ကြီးကျယ်ခန်းနားခဲ့ကြသောသူများ၏ အမှတ်တရပစ္စည်းများသည် ထိုသူကို လေးစားအထင်ကြီး ချစ်ခင်ကြသော ကြောင့် သူ့ပစ္စည်းများကို လူအများက တန်ဖိုးထားကြတာဖြစ်ပေသည်။ ကိုယ်တန်ဖိုးထား မြတ်နိုးသော လူတယောက်ယောက် ၏ အသုံးအဆောင်ပစ္စည်းတခုခုကို မြတ်နိုးသည့်စိတ်ဖြင့် လူတို့က အမှတ်တရသိမ်းဆည်းထားချင်ကြသည်။ ထိုအမှတ်တရ ပစ္စည်းများကိုတော့ လူ့သမိုင်းပြတိုက်တွင် ထာဝရသိမ်းထားရမည့်အရာများဟု ဆိုရပေမည်။

တန်ဖိုးနှင့်ပတ်သက်၍ အသုံးချတန်ဖိုး၊ ဖလှယ်မှုတန်ဖိုး၊ မြတ်နိုးမှုတန်ဖိုးဆိုပြီး တန်ဖိုးသုံးမျိုးရှိကြောင်း ဆရာကြီးဦးအောင် သင်း၏စာတပုဒ်ထဲမှာ ဖတ်ခဲ့ဖူးပါသည်။ အရာအားလုံးသည် သူ့ဟာနဲ့သူ အသီးသီးတန်ဖိုးရှိနေကြသည်သာ ဖြစ်သည်။ လူတို့အသုံးချလို့ရသည့် ဖုန်း၊ ကွန်ပျူတာ စသည့်အရာများသည် လူတို့အသုံးချ၍ ရသည့်ပစ္စည်းများဖြစ်သောကြောင့် အသုံးချမှု တန်ဖိုးရှိကြသည်မှာ ထင်ရှားပါသည်။ လူတို့သုံးနေကြသည့် ငွေစက္ကူများကတော့ ဖလှယ်၍ အသုံးချရသောကြောင့် ဖလှယ်မှုတန်ဖိုး ရှိသည်။ ငွေဖြင့် ကိုယ်လိုချင်သော အရာဝတ္ထုများကိုဖလှယ်၍ ၀ယ်ယူ၍ အသုံးပြုခြင်းကိုဆိုလိုခြင်း ဖြစ်သည်။ သို့သော် တချို့အရာများကတော့ တိုက်ရိုက်အသုံးချလို့လည်း မရ၊  ဖလှယ်လို့လည်း မရ၊ စားလို့လည်း မရပေမဲ့ လည်း လူတို့၏ မြတ်နိုင်းခြင်းကြောင့် တန်ဖိုးရှိနေတာမျိုး ဖြစ်သည်။ ကိုယ့်အတွက် အမှတ်တရ ရေးထိုးထားသော လက်မှတ် လေးတချက်သည် ကိုယ်မြတ်နိုးသည့်အတွက် ကိုယ့်အဖို့ တန်ဖိုးမဖြတ် ရှိနေခြင်းမျိုး ဖြစ်သည်။

ထို့ကြောင့် လူ့သမိုင်းတွင် ထင်ရှားအောင်မြင်ကြသော လူတို့၏အသုံးအဆောင် စသည်များကို မကြာခဏလေလံတင် ရောင်းချခြင်းများ ပြုလုပ်ကြခြင်း ဖြစ်သည်။ ဂန္ဒီကြီးစီးခဲ့သော ဖိနပ်တစ်ဖက်၊ မိုဟာမက်အလီ အသုံးပြုခဲ့သော လက်အိပ်၊ မာသာထရီဇာ၏ ၀တ်ရုံ၊ နယ်ဆင်မင်ဒဲလား အသုံးပြုခဲ့သော ဖောင်တိန်၊ မာတင်လူသာကင်း၏ ကုတ်အင်္ကျီ၊ ချေဂွေဗားရား အသုံးပြုခဲ့သော မီးခြစ်၊ ပီကာဆို၏ပန်းချီကား တစ်ချပ်၊ ဒဂုန်တာရာ၏ လက်ရေးမူစာရွက် စသည့်စသည်အရာများသည် လူတို့က မြတ်နိုးနှစ်သက်ခြင်းကြောင့် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးထားနေကြခြင်း ဖြစ်သည်။

လူသမိုင်းတွင် လေးစားစံထားလောက်သော သူများ၏ အမှတ်တရပစ္စည်းများကို လူများက တန်ဖိုးထား အမြတ်တနိုးထားကြ သည်မှာ ဆန်းကြယ်သော ကိစ္စဟု တော့မဆိုနိုင်ပါ။ သို့သော် သမိုင်းတွင်း ဆိုးသွမ်းသော အာဏာရှင်တဦးနှင့် ပတ်သက်သော အမှတ်တရပစ္စည်းတို့မှာ ခါးသည်းရွံရှာဖွယ်တို့ဖြင့်သာ များပေလိမ့်မည်။ ကိုယ်မုန်းတီးသော လူတဦး၏ အသုံးအဆောင်ပစ္စည်း များကို မကြည့်ချင်၊ မမြင်ချင်၊ အမှတ်တရအဖြစ် တန်ဖိုးထားသိမ်းစည်းစရာဟူ၍လည်း ဘယ်သူကမှ သတ် မှတ်မည် မထင်ပေ။ သို့သော်လည်း အာဏာရှင်နှင့် အာဏာရှင်စနစ်ကို နိဂုံးချုပ်စေခဲ့သည့် ဖြစ်စဉ်နှင့် ဆက်စပ်နေသော အရာတို့သည်ကား အောင်ပွဲ၏အမှတ်အသား၊ လွတ်မြောက်မှု၏အထိမ်းအမှတ်အဖြစ် တန်ဖိုးထားစရာ ဖြစ်ကောင်းဖြစ်ပေ လိမ့်မည်။ အာဏာရှင်ကို အဆုံးသတ် နိဂုံးချုပ်စေခဲ့သော အရာဝတ္ထုများ ကိုတော့ လူတို့က တန်ဖိုးထားချင် ထားပေလိမ့်မည်။

အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်ကို ကြိုးပေးကွပ်မျက်ရာတွင် အသုံးပြုခဲ့သော ကြိုးကွင်းကို ဒေါ်လာသန်းချီပေး၍ ၀ယ်ယူရန်ကြိုးပမ်းနေခဲ့သူ အမြောက် အမြားရှိခဲ့ဖူးပါသည်။ လန်ဒန်အခြေစိုက် အယ်လ်အာရပ်ဘီ အယ်လ်ဂျာဒိ လေလံ ဝက်ဘ်ဆိုက်တွင် ဖော်ပြမှုအရ ဆက်ဒန်ဟူစိန်၏ ဇာတ်သိမ်းမလှမှု အထိမ်းအမှတ် ကြိုးကွင်းကို ၀ယ်ယူရန် အီရန်၊ အစ္စရေး၊ ကူဝိတ်တို့မှ အပြိုင်လေလံ ပေးနေခဲ့သူများ ရှိခဲ့ဘူးသည်မှာ အံ့သြစရာဟု ဆိုနိုင်ပါသည်။

ယင်းကြိုးကွင်းကို သိမ်းထားခဲ့သူမှာ အီရတ်အမျိုးသားလုံခြုံရေး အကြံပေးဟောင်း မိုဝါဖက်အယ်လ် ရူဘာအီ ဖြစ်သည်။ ၂၀၁၃ ခုနှစ်က မိုဝါဖက်အယ်လ် ရူဘာအီသည် အဆိုပါကြိုးကွင်းကို ဆက်ဒမ်ဟူစိန်၏ ကိုယ်တပိုင်းရုပ်ထုလည်ပင်းတွင်စွပ် ပြီး နေအိမ်ခန်းတွင် ပြသထားပုံကို ဓာတ်ပုံရိုက်ခဲ့ဖူးသည်။ ထိုဓာတ်ပုံကြောင့် ကြိုးကွင်းအပေါ် လူစိတ်ဝင်စားမှုများလာခဲ့ပြီး လေလံတင်ရန်အထိ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

လေလံအောင်ရန်ကြိုးပမ်းနေခဲ့သူများထဲတွင် ကူဝိတ်မှ စီးပွါးရေးလုပ်ငန်းရှင်နှစ်ဦး၊ အစ္စရေးသူဌေးမိသားစုတစု၊ အီရန် ဘာသာရေး အဖွဲ့တဖွဲ့တို့ ပါဝင်သည်ဟု ဆိုသည်။ ဒေါ်လာ ခုနှစ်သန်းအထိ လေလံဈေးပေးထားသူရှိနေပြီဟုလည်း သတင်း များက ဖော်ပြခဲ့တာကို ဖတ်ခဲ့ဖူးသည်။

လူ့အခွင့်အရေးလုပ်ရှားသူများကမူ ယင်းကဲ့သို့ အာဏာရှင်နှင့်ပတ်သက်ပြီး အမြတ်ထုတ်မှုကို ကန့်ကွက်ခဲ့ကြပြီး အမှန်တ ကယ် လေလံအောင်ခဲ့လျှင်ပင် ရသည့်ပိုက်ဆံများကို အီရတ်ပြည်သူများအတွက် အသုံးပြုသင့်သည်ဟု တိုက်တွန်းထားလေ သည်။ ၂၀၁၃ ခုနှစ်အတွင်းက ရူဘာအီက ယင်းရုပ်တု၊ ကြိုးကွင်းနှင့် အခြားသောအာဏာရှင် အစိုးရလက်ထက် ပစ္စည်းများ ကို ပြတိုက်ဆောက်ပြီးထားရန် ရည်ရွယ်ထားသည်ဟု ပြောကြားထားသည်။ ဆက်ဒမ်ဟူစိန်ကို ကြိုးပေးခဲ့ပြီးနောက် အယ်လ် ရူဘာအီက ကြိုးကွင်းကို သိမ်းထားရန်အကြံရခဲ့သောကြောင့် သူ့လူများကို ကောက်ယူသိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့စဉ်က ဝတ်ဆင်ခဲ့ပြီး မိုဒီအမှတ်အသားလည်းပါသည့်ဝတ်စုံကို လေလံတင်ရောင်းချခဲ့ရာ မိုဒီ၏မွေးရပ်မြေ ဂူဂျရတ်ဒေသမှ စိန်ကုန်သည် တဦးက ဖေဖ၀ါရီ ၂၁ ရက်တွင် ဒေါ်လာ ခုနှစ်သိန်း နီးပါးဖြင့် ဝယ်ယူသွားခဲ့သည်ဟု သိရသည်။ မိုဒီ၏ကိုယ်တိုင်းနှင့် ချုပ်ထားသည့် ထိုးပိုးဝတ်စုံပေါ်တွင် ရက်လုပ်ထားသည့် အစင်းများမှာ ‘Narendra Damodaradas Modi’ ဟူသည့် စာလုံးများကို စီတန်း ထားခြင်းဖြစ်သဖြင့် သုံးရက်ကြာ ကျင်းပခဲ့သည့်လေလံပွဲတွင် အလွန်ထင်ရှားသည့်ပစ္စည်းဖြစ်ခဲ့ပြီး ဒေါ်လာ ၆၉၂၀၀၀ (ရူပီး ၄၃ ဒသမ ၁ သန်း) ဖြင့် လေလံအောင်ခဲ့ခြင်း ဖြစ်သည်။

ဂူဂျရက်ပြည်နယ် ဆူရတ်မြို့တွင် ပြုလုပ်ခဲ့သည့် ထိုပရဟိတလေလံပွဲတွင် မိုဒီ၏ပစ္စည်း ၄၅၀ ကို လေလံတင်ခဲ့ကာ ထိုဝတ်စုံ သည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ မိုဒီသည် တခါတရံ တမူထူးခြားသည့် သူ၏ဝတ်စားဆင်ယင်မှုများကြောင့် ဖက်ရှင် ပြယုဂ်တခုအဖြစ်ပင် ထင်ရှားကျော်ကြားနေသူတဦးဖြစ်သည်။ ထိုဝတ်စုံ ရောင်းချခြင်းမှ ရရှိသည့် ငွေကြေးများကို ဂင်္ဂါမြစ်ကြောင်း ရှင်းလင်းရေးတွင် အသုံးပြုမည်ဟု သိရသည်။ မိုဒီ၏ဝတ်စုံကို ဝယ်ယူသွားသူသည် ဒါမာနန်ဒန်စိန် ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ လာဂျီပတ်တယ်ဖြစ်ပြီး သူက နိုင်ငံအတွက် တစုံတရာ လုပ်ဆောင်ပေးလိုသည်ဟု ဆိုထားသည်။

ကျွန်ုပ်တို့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပစ္စည်းများကို လေလံတင်မည်ဆိုလျှင်လည်း ယခုလို အောင်မြင်ပါလိမ့် မည်။ ဗိုလ်ချုပ်က ဆင်းရဲသား အကြော်သည်အားချွတ်ပေးခဲ့သည်ဆိုသောကုတ်အင်္ကျီသည် ယခုအခါ ဘယ်ရောက်နေသည် မသိတော့၊ ဆုတ်ပြဲ၍ ပျက်ဆီးပျောက်ကွယ်သွားပြီ ထင်သည်။ ဗိုလ်ချုပ်အသုံးပြုခဲ့သော ထိုင်ခုံ၊ ဗိုလ်ချုပ်အိပ်ခဲ့သောနေရာ၊ ဗိုလ်ချုပ်ရေးခဲ့သောစာ စသည့် ဗိုလ်ချုပ်၏အသုံးအဆောင်များသည် ကျွန်တော်တို့မြတ်နိုးခြင်းများဖြင့် တန်ဖိုးများ အသီးသီး ရှိနေခြင်းသည် ဗိုလ်ချုပ်၏စွန့်လွတ်အနစ်နာခံကာ တိုင်းပြည်အတွက် လုပ်ဆောင်ခဲ့ခြင်းများကြောင့် လေးစားချစ်ခင်ခြင်းမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ကြီးကျယ်ခမ်းနားခဲ့ကြသည့် သူများသည် ထိုသူတို့ကိုယ်တိုင်အသက်ရှင်စဉ်က လူသားများကို အကျိုးပြုခဲ့သည်သာမက ထိုသူများမရှိကြတော့သည့် နှစ်ပေါင်း မြောက်များစွာကြာသည့်တိုင်အောင် သူတို့၏ အသုံးအဆောင်ပစ္စည်းများဖြင့် လူသား များကို အကျိုးပြုပေးနိုင်နေသေးသည်မှာ ငြင်းမရနိုင်သော အချက်ဖြစ်ပေသည်။ ကြီးကျယ်ခမ်းနားခဲ့ကြသော သူများ၏ တန်ဖိုးသည် နှစ်အပိုင်းအခြားမရှိ တန်ဖိုးကြီးမား၍ လူသားများကို အကျိုးပြုနေဆဲပဲဟု ဆိုရမည် ဖြစ်သည်။

စိုးခိုင်ညိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts