ရသဆောင်းပါးစုံ

မောင်ဥက္ကလာ ● ရာဇဝင်ထဲမှာ ထားရစ်ခဲ့

မောင်ဥက္ကလာ ● ရာဇဝင်ထဲမှာ ထားရစ်ခဲ့
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၈

မှုန်ရီမှုန်ဝါး မိုးဖွဲဖွဲအောက်မှာ ရုတ်တရက် မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြက်သီးမွေးညင်း ထန်းသီးလောက်နဲ့ အကျွန် ကျွန်ုပ်မှာ ကိုယ့်မျက်လုံးကို ကိုယ်မယုံ၊ ကြက်သေဘဲသေဖြစ်ကာ ကမူးရှူးထိုး ကယောင်ကတမ်း ပြောမိလိုက်တာက

OMG … Seriously, are you Lord Buddha? You look so much like our Lord Buddha!

ဘယ်ကနေ ဘယ်ဂလို အန်ထွက်လာမှန်းမသိတဲ့ မပီကလာပီကလာ သိုးဆောင်စကားနဲ့ မိမိရှေ့ တည့်တည့်တွင် မျက်လွှာချ တည်ငြိမ်စွာ ရပ်နေသော ကျက်သရေအလွန်ရှိလှသည့် ပုဂ္ဂိုလ်ကြီးကို မရဲတရဲ ငေးမောကြည့်ပြီး ထစ်ထစ်ငေါ့ငေါ့ မေးမြန်း လိုက်တယ်။

ဟုတ်တယ်ဆိုပါတော့ … ဒါနဲ့ ချစ်သားက အသားအရေညိုပြာညက် အရှေ့တိုင်းသားရုပ်နဲ့ ဘယ်အရပ်ကလာလို့ ငါဘုရား ရှင်ကို သိုးဆောင်စကားတွေနဲ့ စစ်လားမေးလား လုပ်နေတာလဲ။ ချစ်သားက အင်မီဂရေးရှင်းကလား၊ ပြည်ထဲရေးကလား … ပွင့်ပွင့်လင်းလင်း တင်လျှောက်ပါ။

ဆော်ရီး … ခွင့်လွတ်တော်မူပါ အရှင်ဘုရား။ ရုတ်တရက် နယ်ခြားတိုင်းတပါးမှာ unexpectedly တွေ့လိုက်တော့ အကျင့်ပါ နေပြီး သိသလောက်နဲ့ ကြောက်လန့်ပြီး မှုတ်လိုက်မိတာပါ ဘုရား။ မှန်လှပါ … တပည့်တော်က  ဤဘဒ္ဒကမ္ဘာပေါ်ရှိ အတုမရှိ သော အရှင်ဘုရား၏ ဗုဒ္ဓသာသနာတော် အံ့ဘနန်းထွန်းကား၊ အလှူအတန် ပိုးစိုးပက်စက် ရက်ရောလှသော သာကီနွယ်သွေး နှော အကြည်ခံချင်ပုဂ္ဂိုလ်များအုပ်ချုပ်နေသော ရွှေပြည်နိုင်ငံမှပါဘုရား။ အရှင်ဘုရားတော် အဘယ်အရေးကိစ္စနဲ့ အဘယ် ခရီးကနေ အဘယ်ဒေသကို ကြွမြန်းတော်မူပါမလဲ ဘုရား။

အို … ချစ်သား ငါ ဘုရားရှင်သည်လည်း ချစ်သားတော် မရှက်မကြောက်၊ ဂုဏ်ယူဝံ့ကြွား တင်လျှောက်ခဲ့သော ဝေနေယျ သတ္တဝါအပေါင်းပေါ် ကျောသားရင်သား မခွဲမခြား မေတ္တာတရားအပြည့်နဲ့ ဆက်ဆံကြသည့်၊ အလွန်အေးချမ်းသာယာ သည်ဆိုသော ချစ်သားတို့ ရွှေပြည်တိုင်းဌာနေမှ ကြွမြန်းလာခဲ့ပါသည်။

ချစ်သား … ငါဘုရားရှင်အနေနဲ့ နည်းနည်းဆက်မိန့်ကြားလိုသည်မှာ အမျိုးဘာသာ သာသနာကို ဓါးထမ်းတုတ်ထမ်း စောင့် ထိန်းကြသော ရွှေပြည်သားတယောက်အနေနဲ့ တိုင်းခြားပြည်ခြား ရောက်နေချိန်မှာ ချစ်သားတို့ရွှေတိုင်းဌာနေအပေါ် အစဉ် အမြဲ အထင်အမြင်လွဲ၊ နှိမ့်ချဆက်ဆံကြသော Shallow-minded and Narrow-minded တိုင်းတပါးသားများကို ချစ်သားတို့ တိုင်းဌာနေမှာ သာယာအေးချမ်းသော ဗုဒ္ဓသာသနာ ဘာသာရေးပွဲများကို အမျိုးဘာသာ သာသနာမခွဲခြားဘဲ  “အရက်သီချင်း၊ ဟစ်ဟော့ပ်သီချင်း၊ ကုလားသီချင်း၊ အနောက်တိုင်းသီချင်း” တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ အာရုဏ်ဦးမိုးသောက် လေးငါးနာရီကနေ ညဥ့်နက်သန်းခေါင်းအထိ လမ်းပိတ်သောက်စားမူးယစ်၊ အော်ဟစ်ဆဲဆို ရန်ပွဲများနဲ့ စည်းကားသိုက်မြိုက်စွာ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကျင်းပပြုလုပ်ကြသည်ကို Highlight လုပ်ပြောပြပြီး မတူကွဲပြားမှုကို အဘယ်မျှတန်းဖိုးထားရှိသည်ကို အသိပေး ပြောပြရမည်။

ချစ်သား … ငါဘုရားရှင်အဖို့ ရွှေပြည်သားတွေအပေါ် စိတ်အကျေနပ်ဆုံးက ချစ်သားတို့ တိုင်းဌာနေတဝှမ်း ဟိုးပဝေသဏီ နန်းလုဗိုလ်ကျအုပ်ချုပ်ခဲ့သော မင်းများမှသည် ဒီနေ့အထိ အတောမသတ် လောဘဇောနဲ့ မြေသိမ်းယာသိမ်း တိုင်းပြည် သယံဇာတများကိုရောင်းထုတ်နေသော ကယ်တင်ရှင်များလက်ထက်အထိ အပြိုင်အဆိုင် တည်ဆောက်ထားသော ဆု တောင်းပြည့်၊ ငြိမ်းချမ်းရေး၊ ဆံတော်ရှင်၊ စွယ်တော်၊ သမိုင်းဝင် အမည်နာမပုံစံအမျိုးမျိုးနဲ့ ဘုရားပုထိုးစေတီ၊ ကျောင်းကန် များမှာလည်း မှိုလိုပေါများလှသလို၊ ငါဘုရားကိုယ်တော်ကိုလည်း ဒီဇိုင်းကာလအစုံနဲ့ ဟိုအကောင်စီး၊ ဒီအကောင်ပေါ်ထိုင်ခိုင်း၊ မတ်တပ်ရပ်၊ လဲလျောင်း၊ တောင်ထိပ်တင်၊ ဂူသွင်း မြစ်ချောင်းကန် အိမ်ကြိုးအိမ်ကြား ကိုးကွယ်ထားရှိသည်မှာ အံ့ဘနန်း ကျေးဇူးကြီးမာလှသည်။

အထူးအားဖြင့် စကားဆက်ကြုံလို့ပြောချင်သည်မှာ … အခုနောက်ပိုင်း လေဟုန်နဲ့အတူ ဘက်စုံပြောင်းလဲလာသော ချစ်သား တို့ ရွှေပြည်ကြီးမှာ ငါ ဘုရားရှင် သီတင်းသုံးရာ ဘုရားကျောင်းကန်များမှာလည်း အခါကြီးရက်ကြီးများဆို ကြက်ပျံမကျ စည်းကား … လောင်းကစားဝိုင်းတွေ မှိုလိုပေါက်၊ အရက်ဆေးဝါးများ သောက်ရှုထားကြသော ငမူးငရူး ဘုရားဖူးများနဲ့ ပြည့်လျှံနေကြသလို၊ ဘဝဆက်တိုင်း ပေါင်းဖက်လိုကြသော ဣနြေ္ဒဆည် ဟီရိသြတ္တပအလွန်ကြီးသော အတွဲများမှာလည်း ထီးကာအုပ်မိုးတဖုံ၊ ငါဘုရားရှင် အရိပ်ခိုကာတမျိုး ချစ်တင်းနှော သီလစောင့်တည်ကြသည်မျိုးတွေ တိုင်းတပါးများတွင် မရှိကြ။ ငါဘုရားရှင် ကျောင်းကန်တို့သည် ထိုအမျိုးသား၊ အမျိုးသမီးကောင်းတို့ မူးရူးကလူးရာ ဥယျာဉ်တော်ကြီးတွေ ဖြစ်လာခဲ့ရာ ဝမ်းမြောက်စရာ မဟုတ်ပါလော။

ငါဘုရားရှင် တန်းခိုးတော်နဲ့ သိတော်မူသည်မှာ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ ခဏခဏပြန်ဝတ် စောင့်တည်ကြသော ချစ်သားတို့ရွှေပြည်မှာ သူရာမေရိယ … အရက်သေစာ မူးယစ်ဆေးဝါး သောက်စားမှုကို  ရှောင်ရှားကြသည်ကို အရက် ဘီယာပုလင်းခွံ ဆေးကြောပြန်ရောင်းသောသူများနဲ့ ပိုင်ရှင်မဲ့ကားလုံးချင်းတိုက် စိတ်ကြွဆေးပြား ဖြန့်ဝေနေသော ကယ်တင် ရှင်အဖွဲ့ဝင်များ၏ ကြီးပွားချမ်းသာမှုကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

သို့ပေမယ့် အခုဆို ရွှေပြည်တိုင်းတဝှမ်း ပြောင်းလဲချိန်တန် ပြောင်းလဲနေပြီမို့ … ငါအရှင်ဘုရားကိုယ်တိုင်လည်း အထက်မှာ ဆိုခဲ့သလို  ဘက်စုံအန္တရာယ်ကင်းရှင်း၊ ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးအတွက် လက်နက်ကိုယ်စီကိုင်ထားကြသော အုပ်စုတွေ၊ ကိုယ်မင်းကိုယ်ချင်း အုပ်ချုပ်နေတဲ့အလွန်အေးချမ်း သေနတ်သံမဆဲသေးသော ဒီတိုင်းဌာနေအတွင်း သတင်းသုံးခဲ့ချိန် တလျှောက် ကြုံတွေ့ခဲ့တာတွေကို ကမ္ဘာလှည့်၍ ဟောကြားတော်မူချိန်တန်လေပြီ။

ငါ ဘုရားရှင်သည် ဆိတ်ငြိမ်မှုကို မြတ်နိုးတော်မူသလို၊ ငါ့အရှင်ရိပ်ကို ခိုလှုံသူများ၏ စိတ်နှလုံးကို အေးချမ်းစေချင်သည် … ဒီအတွက် ချစ်သားတို့ တိုင်းဌာနေသည်  ငါဘုရားရှင် ဟောကြားတော်မူသော တရားတော်များနဲ့အညီ လျော်ကန်သင့်မြတ် သော ငြိမ်းချမ်းသာယာသော သာသနာမြေဖြစ်အဖြစ် တည်ရှိခဲ့ပြီမို့ ချစ်သားတို့ တိုင်းဌာနေလို ငါဘုရားရှင်၏ သာသနာ မထွန်းကားသေး၊ မငြိမ်းချမ်းသေးသော အခြားတပါးသော တိုင်းဌာနေများကို လှည့်လည်သာသနာပြုဖို့ အချိန်တန်ပြီလို့ စဉ်းစားဆုံးဖြတ်ပြီး၊ ငါဘုရားရှင် ချစ်သားတို့ရွှေပြည်ကြီးကို စွန့်ခွါထွက်ခွါလာခြင်း ဖြစ်ပေသည်။

OMG … အရှင်ဘုရား အခုလို ဆိုင်းမဆင့်ဗုံမဆင့် ချစ်သားတို့ တိုင်းဌာနေကို စွန့်ခွါထွက်သွားတော့ ချစ်သားတို့တိုင်းဌာနေကြီးကို မည်သူမည်ဝါတွေ စောင့်ရှောက်တော်မူမလဲ ဘုရား။ ချစ်သား … စိုးရိမ်ပူပန် ထိတ်လန့်မိပါတယ် ဘုရား။

မြတ်စွာဘုရားရှင်က တချက်ပြုံးတော်မူပြီး … အို ချစ်သား ဘာမှ မစိုးရိမ်ပါနဲ့ … ချစ်သားတို့ တိုင်းဌာနေကြီးမှာ အခုအခါ

၂၅ vs. ၇၅ ရာခိုင်နှုန်း ရင်ကြားစေ့ ခေတ်ပြောင်းကာလကြီးမှာ အလုံးစုံသိတော်မူသော အားလုံးအထက်မှာနေသော ပုဂ္ဂိုလ်ကြီးများ ရှိသလို၊ အရာရာကို စွန့်လွတ်ပြီး ရယူမှုအနည်းဆုံးနဲ့ ကယ်တင်ရှင်ခရစ်တော်ထက် အနစ်နာပိုခံကြသော ကယ်တင်ရှင်ကြီး လည်း ရှိနေသလို၊ အင်္ဂလန်ပြည်ဘုရင်မကြီး နန်းတော်ကြီးထက် ခမ်းနားထည်ဝါ ကြီးကျယ်လှသော ကျောင်းတော်ကြီးများတွင် သီတင်းသုံးကာ၊ ခေတ်မီကားကြီးများ တဝီဝီနဲ့ အလွန်ဈေးကြီးသော ဝတ်ရုံနီများခြုံလွှမ်းကာ ကမ္ဘာပတ်နေသော ဘုန်းတော်ကြီးများလည်း ရှိသည် မဟုတ်ပါလား။ အထူးအားဖြင့် ဘယ်တိုင်းနိုင်ငံမှာမှ မရှိသော ဆင်ဖြူတော်တွေနဲ့ အလွန်ဘုန်းတန်ခိုးကြီး အံ့ဘနန်း အစွမ်းများရှိသော အဘ၊ အဘိုး၊ အကြားအမြင် ဆရာ့ဆရာကြီးများလည်း ရှိကြကုန်ပြီမို့ ငါဘုရားရှင် ရှိနေစရာမလိုတော့ပေ။

အထက်မှာမိန့်ဆိုခဲ့သလို ချစ်သားတို့ တိုင်းဌာနေနဲ့မတူ ကံမကောင်းအကြောင်းမလှ၊ စစ်မီးလျှံတွေတောက်လောင်၊ ဆင်းရဲ ဒုက္ခ အနိဋ္ဌာရုံများနဲ့ ပြည့်လျှံနေသော အခြားတိုင်းနိုင်ငံများကို ဒေသစာရီကြွချီပြီး ငါဘုရားရှင် ဗုဒ္ဓသာသနာတော်ကို ဟောကြားမိန့်တော်မူမည်။ ဒီအတွက် ချစ်သားတို့ ဝမ်းမြောက် အနုမောဒနာ သာဓုခေါ် နေရစ်ခဲ့ပေတော့။ အကြောင်း အမျိုးမျိုးကြောင့် ချစ်သားတို့ တိုင်းဌာနေမှာ ငါဘုရားရှင် ဗုဒ္ဓသာသနာ ကွယ်ပျောက်ပျက်စီးမည့် အခြေအနေရောက်ခဲ့ရင် ငါဘုရားရှင်ကို အီးမေးလ်၊ SMS Message ပို့ပြီး ချက်ချင်းအကြောင်းကြားလိုက်ပါ၊ ငါဘုရားရှင် ရောက်ရာအရပ်ကနေ ဘုန်းတော်ကြီးကားတွေ hitchhike တားဆီးပြီး၊ အချိန်မီ ပြန်ကြွမြန်းလာခဲ့မည်။ ဘုရား တရားတ နေရစ်ခဲ့ပေတော့ ချစ်သား…

Bye bye .. Bon voyage … Shalom … Ciao … Adieu .. Sayonara … တာ့တာ … ဘာသာစကားပေါင်းစုံနဲ့ နှုတ်ဆက်ပြော ဆိုကာ မြူးခိုများ တဖွဲဖွဲကျနေသော ကောင်ကင်ထက်ဆီလှမ်းချီ ကွယ်ပျောက်သွားလေသည်။

ကျွန်ပ်သည်လည်း ရွှေပြည်ကြီးတွင် တနှစ်မှာ သုံးရာခြောက်ဆယ့်ငါးရက်၊ တွမ်တီဖိုး ဆဲလ်ဗန်း ကြားနေရသော … အရပ် # ၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ … တိုးတိုးညှင်းညှင်း ရေရွတ်ရင် … မြတ်ဗုဒ္ဓ စွန့်ခွါသွားသော  သာယာချမ်းမြေ့ ငြိမ်းချမ်းသည်ဆိုသော ရွှေပြည်ကြီးရှိရာ မှုန်တိမှုန်မွှား တဘက်ကမ်းဆီ တချက်ငေးမောကြည့်ကာ လေးလံသောခြေလှမ်းများနဲ့ နှစ်သစ်ကို ဘယ်လို ဖြတ်ကျော်ရမည်ကို ရင်ပူပူနဲ့ တွေးနေမိတော့သည်။

မှတ်ချက် — တိုင်းဖျက်ပြည်ဖျက် ခိုးဆိုးလုယက် မင်းမှုဗိုလ်ကျခဲ့တဲ့ အဆိပ်စာ, ရေး စာရေးဆရာကြီးဆိုသူလို အပူဇော်ခံ၊ အကြည်ညိုခံချင်လို့ …  ခံယူချက်၊ ယုံကြည်ချက်၊ ရပ်တည်ချက် မဲ့လာသော (စိုင်ကော်လို့) ဝန်ကြီးဖြစ်လာသူ ကန်တော့ခံချင် လို့လည်း စာရေးနေခြင်း မဟုတ်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts